
ထိုင်းနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူများကို အသွားအလာကန့်သတ်ခြင်း
အစီအစဉ်ဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်တော့မည်
နေပြည်တော် မတ် ၂၆
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး သည် ယနေ့နံနက် ၈ နာရီတွင် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄၁/၂၀၂၀) သို့ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်း ဆောင်ရွက်မှုများကို ပိုမိုချိတ်ဆက်မှု ကောင်းမွန်စွာဖြင့် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ခြင်း၊ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ စီမံခန့်ခွဲကွပ်ကဲခြင်း များ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ် ညှိနှိုင်းရေးနှင့် စီမံခန့်ခွဲရေးဌာန (Central Command Centre) ကို ယနေ့မှစတင်၍ အဆင့်မြှင့်ကာ ဆောင်ရွက်သွားတော့မည် ဖြစ်ပါကြောင်း။
မိမိတို့မြန်မာနိုင်ငံ၌ ပြည်ပမှ ရောက်ရှိလာသူ သုံးဦးတွင် COVID-19 ရောဂါ တွေ့ရှိနေပြီဖြစ်သဖြင့် မိမိတို့သည် လက်ရှိဆောင်ရွက်နေသော နည်းဗျူဟာ များကို ပြောင်းလဲလာသည့် အခြေအနေနှင့် ကိုက်ညီစွာ မွမ်းမံပြင်ဆင်၍ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား လျင်မြန် ပြတ်သားစွာ ဆုံးဖြတ်ချက်ချ၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
ကူးစက်ပျံ့နှံ့
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင် နေကြသည့် မြန်မာနိုင်ငံသားများ နေ့စဉ် ထောင်ချီ၍ အစုလိုက် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နေမှု အခြေအနေသည် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့ ဖြစ်ပွား ရန်အတွက် အခွင့်အလမ်း အလွန်များပြီး အန္တရာယ်လည်း ကြီးမားပါကြောင်း။
ထို့ကြောင့် မိမိတို့၏ တိုင်းဒေသကြီး/ ပြည်နယ်များ၌ ပြည်သူများအား ကျန်းမာရေး ဝန်ဆောင်မှုပေးနေသည့် ဝန်ထမ်းများအနေဖြင့် ဤအချက်ကို နောက်ခံထားကာ ရောဂါကာကွယ် ထိန်းချုပ်ရေး နည်းဗျူဟာများကို ချမှတ် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
ဤကဲ့သို့ အစုလိုက် အပြုံလိုက် ဝင်ရောက်မှုအခြေအနေသည် ကမ္ဘာ၌ အလွန်ထူးခြားသော အခြေအနေတစ်ခု ဖြစ်ပြီး အဆိုပါ အခြေအနေကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊ ဒေသဆိုင်ရာရုံးသို့ ဆက်သွယ်အကြောင်းကြားပြီး လိုအပ်သော အထောက်အပံ့များ ပိုမိုရရှိရန် ဆောင်ရွက် နေပါကြောင်း။
ဤသို့ ဝင်ရောက်လာသော မိမိတို့ နိုင်ငံသားများအနေဖြင့် မိမိတွင် ရောဂါ ပါလာပါက မိမိမှနေ၍ မိမိ၏ မိသားစုများ၊ မိတ်ဆွေများ၊ ရပ်ကွက်တွင်းရှိ ပြည်သူ များအား မကူးစက်ရန် အလွယ်ဆုံးသော နည်းလမ်းမှာ (၁၄) ရက်တာ ကာလ အသွားအလာကန့်သတ်ခြင်းကို အသိစိတ် ဓာတ်ရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို တိတိကျကျ နေ့စဉ်မပြတ် လိုက်နာခြင်း ဖြစ်ပါကြောင်း။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသွားအလာကန့်သတ် ခံရပြီး မိမိအိမ်တွင်သာ နေထိုင်ရမည့်သူများ အတွက် လမ်းညွှန်ချက်များ၊ သတ်မှတ်နေရာ အဆောက်အဦ (facility quarantine center) များတွင် COVID-19 ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ဟိုတယ် quarantine center များတွင် COVID-19 ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန် လိုက်နာဆောင်ရွက်ရမည့် အချက်များကို သေချာစွာ လိုက်နာကျင့်သုံး ပါက ပြည်ပမှရောဂါပိုး ကူးစက်ခံရသူများ မှတစ်ဆင့် ရောဂါဆက်လက်ပြန့်ပွားမှုကို နိုင်နင်းစွာထိန်းချုပ်နိုင်မည်ဟု ယုံကြည်ပါ ကြောင်း။
ပြည်သူများအား အသိပေး
ဤကိစ္စကို အောင်မြင်ရန် သက်ဆိုင်ရာ မြို့နယ်များမှ မြို့နယ်ဆရာဝန်နှင့် အခြေခံ ကျန်းမာရေးဝန်ထမ်းပညာရှင်များ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများမှ ဝန်ထမ်းများ၊ ရပ်ကွက်လူကြီးများက လက်ကိုင်အသံချဲ့စက်ငယ်များ၊ အသံချဲ့စက် များကို အသုံးပြုကာ သင့်လျော်သော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် အစရှိ သည်တို့ဖြင့် လှည့်လည်၍ ပြည်သူများအား အသိပေးရမည် ဖြစ်ပါကြောင်း။
လက်ကိုင်အသံချဲ့စက်များ အသုံးပြု၍ ပြောကြားရမည့် COVID-19 ရောဂါနှင့် ပတ်သက်၍ ရောဂါလက္ခဏာများ၊ ကူးစက်ပုံ နည်းလမ်း၊ ကာကွယ်နိုင်သည့် နည်းလမ်းများ၊ အသွားအလာကန့်သတ်၍ စောင့်ကြည့်ခြင်း ခံရသူများ လိုက်နာရမည့်အချက်များ၊ ပြည်သူ များ ဝိုင်းဝန်းကူညီရမည့် အချက်များစသည် ဖြင့် ပြည်သူများ သိရှိလိုက်နာရမည့် အဓိက လိုအပ်သည့်အချက်များကို ပြည်သူများ နားလည်ရန်လွယ်ကူသော အသုံးအနှုန်း စာသားဖြင့် ပြုစုထားရှိပြီး မိမိတို့ဝန်ကြီး ဌာန၏ အင်တာနက်စာမျက်နှာတွင် ရှင်းလင်း တိကျစွာ ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း။
မိမိတို့ဝန်ကြီးဌာနမှ ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာ စသည့် အဆင့်တိုင်း၌ COVID-19 ရောဂါနှင့်စပ်လျဉ်း၍ အသိပညာ ပေးခြင်း၊ ပြည်သူလူထုအခြေပြု၊ ဆေးရုံ အခြေပြု ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အပြည်ပြည် ဆိုင်ရာ လေဆိပ်များနှင့် နယ်စပ်ဝင် ထွက်ပေါက်များမှ ဝင်ရောက်လာသူများ၏ ကျန်းမာရေးအခြေအနေ စစ်ဆေးခြင်း၊ သတ်မှတ်နေရာ အဆောက်အဦနှင့် နေအိမ် များတွင်ထားရှိကာ အသွားအလာကန့်သတ် ခြင်းပြု၍ စောင့်ကြပ်ကြည့်ရှုခြင်း၊ COVID-19 ရောဂါသံသယလူနာနှင့် ဓာတ်ခွဲအတည်ပြု လူနာများ တွေ့ရှိပါက ထိရောက်စွာကုသ ပေးနိုင်ရေးအတွက် ဆေးရုံများတွင် လိုအပ် သည့် ဆေးနှင့် ဆေးပစ္စည်းကိရိယာများ ဖြည့်ဆည်းပေးခြင်း၊ လိုအပ်မည့် ဓာတ်ခွဲပစ္စည်း ကိရိယာများ မှာယူဖြည့်ဆည်းခြင်း၊ အမျိုးမျိုး သော လုပ်ငန်းလမ်းညွှန်များ ပြုစုထုတ်ဝေခြင်း များကို ဆောင်ရွက်လျက်ရှိသည်ကို ပြည်သူ များ သိရှိရန်နှင့် အကြံပေးခြင်းများ ပြုလုပ် နိုင်ရန်အတွက် အဓိကကျသည့် လုပ်ငန်းများ (Key action) နှင့် ဗဟိုမှ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးသို့ ဆေးနှင့်ဆေးပစ္စည်း ကိရိယာများ၊ တစ်ကိုယ်ရေသုံး ရောဂါ ကာကွယ်ရေးပစ္စည်း (PPE) များ ပေးပို့ ထောက်ပံ့မှု အခြေအနေများကို နေ့စဉ်အသိ ပေးသွားတော့မည် ဖြစ်ပါကြောင်း။
နေ့စဉ်ထုတ်ပြန် ကြေညာ
ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် အတွက် ပြည်သူများမှ လှူဒါန်းသောငွေကြေး၊ ဆေးနှင့် ဆေးပစ္စည်းများ စာရင်းကိုလည်း ပြည်သူများ သိရှိနိုင်စေရန် မိမိတို့ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ၌ နေ့စဉ်ထုတ်ပြန် ကြေညာသွားတော့မည် ဖြစ်ပါကြောင်း။
ဗဟိုမှလည်း နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူရရှိသော ဆေးနှင့် ဆေးပစ္စည်းများကို လည်းကောင်း၊ လှူဒါန်းရရှိသော ဆေးနှင့် ဆေးပစ္စည်းများကိုလည်းကောင်း တိုင်းဒေသ ကြီး/ ပြည်နယ်များ၊ ဆေးရုံများမှ တောင်းခံ ချက်များအား အမြန်ဆုံး၊ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း။
COVID-19 ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်း လုပ်ဆောင်ရာတွင် သတင်းအချက်အလက် များကို အချိန်နှင့်တစ်ပြေးညီ အားလုံးသိရှိ နိုင်ရန်နှင့် ပိုမိုထိရောက်စွာ ချိတ်ဆက် ဆောင်ရွက်နိုင်စေရေးအတွက် ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများဖြင့် ဖွဲ့စည်းထားသော COVID-19 email group တွင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များ၊ လူမှုရေး ဝန်ကြီးများကိုလည်း ထပ်မံထည့်သွင်း၍ အသိပေးဆောင်ရွက်သွားတော့မည် ဖြစ်ပါ ကြောင်း။
ထိုင်းနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများ ပြန်လည် ရောက်ရှိလာသူများကို ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်း ကူညီစောင့်ရှောက်ပေးမှုဖြင့် သတ်မှတ်နေရာ အဆောက်အဦများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်း အစီ အစဉ် (Community based facility quaran-tine) ဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်တော့မည် ဖြစ်ကြောင်း။
စနစ်တကျ ကြပ်မတ်ဆောင်ရွက်
ထိုကဲ့သို့ ပြည်သူလူထုအခြေပြုကာ သတ်မှတ်နေရာ အဆောက်အဦများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်း အစီ အစဉ် (Community based facility quaran-tine) ကို စနစ်တကျ ဆောင်ရွက်သွားနိုင်ရန် အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ တိကျသော လုပ်ငန်းလမ်းညွှန်များ ချမှတ်ပေးကာ ပြည်သူလူထုနှင့် ရပ်ကွက်/ ကျေးရွာဒေသခံ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ စနစ်တကျ ကြပ်မတ်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။
ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ များ၏ မြန်မာနိုင်ငံအတွင်း ပြန်လည်နေထိုင် မည့် နေရပ်လိပ်စာ အတိအကျကိုရယူကာ အသွားအလာကန့်သတ်ကာ နေထိုင်စေမည့် နေရာပြမြေပုံ (Quarantine Mapping) များ ရေးဆွဲကာ အသွားအလာကန့်သတ်ကာ နေထိုင် စေသည့် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်လာ သူများ၏ ကျန်းမာရေး အခြေအနေကို သက်ဆိုင်ရာ မြို့နယ်ဆရာဝန်များသည် အခြေခံ ကျန်းမာရေး ပညာရှင်ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေး၊ ရပ်ရွာပြည်သူလူထု၏ ပူးပေါင်း ဆောင်ရွက်မှုရယူ၍ နေ့စဉ်စောင့်ကြည့် သတင်း ရယူကာ အဆင့်ဆင့်ဆက်သွယ် အကြောင်း ကြားရမည် ဖြစ်ပါကြောင်း။
ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိ ပါက အဆိုပါလူနာ နေ့ရက်အလိုက် သွားရောက် ခဲ့သည့် မြို့များ၊ နေရာများ၊ စီးနင်းခဲ့သည့် ယာဉ်များကို စုံစမ်းဖော်ထုတ်ကာ အများ ပြည်သူသိရှိအောင် သတင်းစာ၊ တီဗွီ၊ ရေဒီယို၊ အင်တာနက်စာမျက်နှာတွင် ကြေညာခြင်းဖြင့် ထိုသူနှင့် ထိတွေ့၊ နီးစပ် ခဲ့သူများကို အသိပေးဖော်ထုတ်နိုင်မည် ဖြစ်ပါကြောင်း။
ထိရောက်စွာ စီမံဆောင်ရွက်
ယခုအချိန်အခါတွင် မြို့နယ်ဆရာဝန် များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီး ပြီး ဝန်ကြီးဌာန၏ ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ၊ လမ်းညွှန်ချက်များကို မိမိဒေသအခြေအနေနှင့် ကိုက်ညီစွာဖြင့် ထိရောက်စွာ စီမံဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း။
တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ အနေဖြင့်လည်း ဝန်ထမ်းများကို လိုအပ် သလို သင့်လျော်သောနေရာများတွင် ခေတ္တ ပြောင်းလဲထမ်းဆောင်စေပြီး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းအစည်းအဝေးတွင် နိုင်ငံတကာ၌ ရောဂါဖြစ်ပွားပျံ့နှံ့မှု၊ သေဆုံးမှုအခြေ အနေများ၊ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် ဆောင်ရွက်ထားရှိမှုများ၊ လုပ်ငန်း လိုအပ်ချက်များ၊ COVID-19 ရောဂါလူနာ သုံးဦးအား ကုသပေးနေမှုနှင့် ၎င်းတို့၏ ကျန်းမာရေးအခြေအနေ၊ ၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား ရှာဖွေဖော်ထုတ်ကာ အသွားအလာကန့်သတ် ရောဂါစောင့်ကြပ် ကြည့်ရှုမှုဆောင်ရွက်ထားမှု၊ သတ်မှတ် နေရာ အဆောက်အဦများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်း အစီအစဉ် (Community based facility quarantine) ဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်နေမှုများ၊ ကရင် ပြည်နယ် မြဝတီမြို့ရှိ နယ်စပ် ဝင်၊ ထွက် ပေါက်များတွင် ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဦးဆောင်သည့် အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့မှု အတွေ့ အကြုံများ၊ တိုင်းရင်းသားကျန်းမာရေး အဖွဲ့များ (EHO) နှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မည့် အစီအစဉ်များ၊ ဆေးနှင့် ဆေးပစ္စည်းများ ချိတ်ဆက်ဝယ်ယူမှု၊ လှူဒါန်းလက်ခံရရှိမှုနှင့် ဖြန့်ဝေမှု စသည့် ကိစ္စရပ်များ၊ ကမ္ဘာ့နိုင်ငံများမှ တစ်ကိုယ်ရေ သုံးရောဂါကာကွယ်ရေးဝတ်စုံများ၊ အသက် ရှူစက်များအပါအဝင် ဆေးနှင့် ဆေးပစ္စည်း များအား မိမိတို့အနေဖြင့်လည်း အမြန်ဆုံး ဝယ်ယူရန် ကိစ္စ၊ သင်တန်းပြီးမြောက်ခဲ့ပြီး လုပ်ငန်းခွင် မဝင်ရောက်ရသေးသော ကျန်းမာရေးမှူးများ၊ ဘက်စုံသားဖွားဆရာမ များအနက်မှ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်လိုသူများကို ဖိတ်ခေါ် ရန် စီစဉ်ဆောင်ရွက်နေမှု စသည်တို့အား ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက် ခဲ့ကြသည်။
သတင်းစဉ်