
နေပြည်တော် မတ် ၂၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေးစီမံချက်နှင့်စပ်လျဉ်းပြီး ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများနှင့် အင်တာနက်ကွန်ရက် Video Conferencing ဖြင့် ယနေ့နံနက်ပိုင်းက ညှိနှိုင်းဆွေးနွေးကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း နေရပ်စွန့်ခွာသူများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မြို့နယ်ပေါင်း ၂၄ မြို့နယ်၊ စခန်း စုစုပေါင်း ၁၂၈ ခုတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁၈၄,၃၃၃ ဦး နေထိုင်လျက်ရှိပါကြောင်း၊ အဆိုပါ ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် လိုအပ်သည့် အခိုအကာ၊ စားရေရိက္ခာ၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြားသော အသက်မွေးဝမ်းကျောင်းကိစ္စရပ်များကို သက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့များ ၏ အနီးကပ်ကြီးကြပ် မှု၊ ဆက်စပ်ဌာန၊ အဖွဲ့အစည်းများ၏ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်မှုနှင့် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စခန်းများတွင် နေထိုင်ကြသော ပြည်တွင်းနေရပ်စွန့်ခွာသူ များအတွက် COVID-19 ကူးစက်ရောဂါဘေးနှင့်စပ်လျဉ်းပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပေးနိုင်ရန် စီမံချက်တစ်ခု ကို ရေးဆွဲထားပြီးဖြစ်ကြောင်း၊ စီမံချက်ရေးဆွဲရာတွင် နိုင်ငံတကာ လူသားချင်းစာနာကူညီမှုနှင့် ကာကွယ် စောင့်ရှောက်ပေးမှုဆိုင်ရာ စံချိန်စံညွှန်း များ၊ Inter-Agency Standing Committee က စခန်းတွင် နေထိုင်ကြသူများ အတွက် COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းပြီး ထုတ်ပြန်ထားသည့် ကြားဖြတ်လမ်းညွှန်ချက်များကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ထားပါကြောင်း၊ ယခုရေးဆွဲထားသည့် စီမံချက်မှာလည်း လက်ရှိ COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေ၊ အချိန်ကာလပေါ်မူတည်ပြီး လိုအပ်သလို ပြင်ဆင်ဖြည့်စွက်နိုင်သည့် (Living Document) တစ်ခုဖြစ်ကြောင်း၊ စီမံချက်ရေးဆွဲရာတွင် စခန်းများတွင်နေထိုင်ကြသည့် နေရပ်စွန့်ခွာသူများအကြားCOVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး အသိပညာ၊ ဗဟုသုတများတိုးပွားစေရန်၊ စခန်းများတွင် COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အစီအမံ များ ကြိုတင်ချမှတ်ဆောင်ရွက်နိုင်ရန်နှင့် COVID-19 ကူးစက်ရောဂါအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းကိုဆောင်ရွက်ရာတွင် ဆက်စပ် ပတ်သက်သူ(Stakeholders) များအကြား ထိရောက်စွာ ညှိနှိုင်းပေါင်းစပ်နိုင်ရန် စသည့် ရည်ရွယ်ချက် သုံးခုဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ထိုရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် COVID-19 ကူးစက်ရောဂါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ COVID-19 ကူးစက်ရောဂါပြန့်ပွားမှု တားဆီးကာကွယ်ရေးလုပ်ငန်း များ ဆောင်ရွက်ရေး၊ COVID-19 ၏ရောဂါလက္ခဏာများ တွေ့ရှိပါက အရေးပေါ်တုံ့ပြန်ရေး အစီအမံများထားရေး၊ စီမံချက်အကောင်အထည်ဖော်ရာတွင် လိုအပ်သော အရင်းအမြစ်များရရှိရေး၊ စီမံခန့်ခွဲရေးနှင့် ညှိနှိုင်းပေါင်းစပ် ရေး၊ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းပြီး သတင်း အချက်အလက်အပေါ် အခြေခံသော စီမံခန့်ခွဲမှုတွင် စောင့်ကြည့်ကွပ်ကဲခြင်းနှင့် အကဲဖြတ်ခြင်း စသည့် လုပ်ငန်း စဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ယခု Video Conferencing တွင် ယာယီခိုလှုံရာ စခန်းများတည်ရှိသည့် ပြည်နယ် လေးခုမှ ဦးစီးမှူးများ ပါဝင်သည့်အတွက် လက်တွေ့မြေပြင် ဆောင်ရွက်ချက်များ နှင့် လိုအပ်ချက်များကို ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း၊ ကူးစက်ရောဂါပြန့်ပွားမှု တားဆီးကာကွယ်ရေးလုပ်ငန်း များကို သက်ဆိုင်ရာ ပြည်နယ်အစိုးရများ၊ စခန်းစီမံခန့်ခွဲမှု ကော်မတီများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ
ထို့နောက် တက်ရောက်လာကြသော ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဆွေးနွေးရာတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးက COVID-19 ကူးစက်ရောဂါ တားဆီးကာကွယ်ရေးအတွက် တစ်နိုင်ငံလုံးပါဝင်အောင် အစိုးရဘက်ကကြိုးပမ်း ဆောင်ရွက်မှုများကို အသိအမှတ်ပြုပါကြောင်း၊ အထူးသဖြင့်ပဋိပက္ခဒေသများတွင် နေထိုင်နေကြရသူများ၊ နေရပ်စွန့်ခွာရသူများနှင့် ထိခိုက်လွယ်လူအုပ်စုများ အားလုံးကို ထည့်သွင်းစဉ်းစားပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့ကုလသမဂ္ဂအဖွဲ့အစည်းများ အနေဖြင့်လည်း အဆိုပါဒေသများရှိ အမှန်တကယ်လိုအပ်ချက်ရှိသူများအတွက် လူသားချင်းစာနာကူညီမှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အဆိုပါနေရာဒေသများ အတွက်ပါ မြန်မာနိုင်ငံအစိုးရဘက်က ဆောင်ရွက်ပေးခြင်း ကို ကြိုဆိုပါကြောင်း၊ မိမိတို့ဘက်ကသွားရောက်နိုင်သည့် စခန်းများတွင်လည်း COVID-19 နှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပေးခြင်း၊ ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများဘက်ကလည်း အစိုးရနှင့် မည်သို့ ပူးပေါင်းဆောင်ရွက်ပေးနိုင်မည်ကို လေ့လာဆန်းစစ် နေပါကြောင်း၊ အစိုးရဘက်ကသတင်းအချက်အလက်များ မျှဝေပေးမည်ဆိုပါက ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုထိရောက်နိုင်မည်ဖြစ်ပါကြောင်း၊ COVID-19 အတွက် ဆောင်ရွက်ချက်များကို အခြားအဖွဲ့အစည်းများအား ပြန်လည်အသိပေးမည်ဖြစ်ပါကြောင်း၊ လူသားချင်းစာနာ ကူညီမှုလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည့် နေရာများသို့ ရောက်အောင်သွားနိုင်ရန် အရေးကြီးသကဲ့သို့ အဆိုပါနေရာများတွင် ကူးစက်ရောဂါဖြစ်ပွားပါက အရည် အသွေးပြည့်ဝသည့် ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီရရှိရန်လည်း လိုအပ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။
ကူညီထောက်ပံ့ပေးနိုင်
ဆက်လက်၍ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ဌာနေ ညွှန်ကြားရေးမှူးက နေရပ်စွန့်ခွာသူများ၏ စခန်းများတွင် COVID-19 ရောဂါ ကူးစက်မှုကာကွယ်နိုင်ရေးအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ရန် အသင့်ရှိ ပါကြောင်း၊ ကျန်းမာရေးသုံး ပစ္စည်းများနှင့် သန့်ရှင်းရေးသုံး ပစ္စည်းများကို ကူညီထောက်ပံ့ပေးနိုင်ပါကြောင်း ပြောကြား သည်။
ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လို
ယင်းနောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ တာဝန်ရှိသူက Quarantine Facility လိုအပ်ချက်များကို ပံ့ပိုးနိုင်ကြောင်း၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က နေရပ်စွန့်ခွာသူများအတွင်း ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် ညွှန်းပို့ခြင်းလုပ်ငန်းများ၊ အမျိုးသမီးနှင့် ကလေးသူငယ် ထောက်ပံ့ကြေးပေးအပ်သည့် အစီအစဉ်နှင့် Shock Responsive Social Protection လုပ်ငန်းများကို တိုးမြှင့်ပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူက COVID-19 နှင့်ပတ်သက်၍ နည်းပညာ အကူအညီများ ပံ့ပိုးပေးရန် ကိစ္စရပ်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)မှ ကိုယ်စားလှယ်က ဘေးလွန်ကာလ ပြန်လည်ထူထောင်ရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေး လုပ်ငန်းများ၊ ကပ်ရောဂါဘေးကြောင့် လူမှုရေးနှင့်စီးပွားရေး ဆိုင်ရာ သက်ရောက်မှုများကို ဆန်းစစ်လေ့လာခြင်း၊ ဘေးလွန်ကာလလိုအပ်ချက် ဆန်းစစ်ခြင်းတို့ကို ဆောင်ရွက် ပေးလိုပါကြောင်း၊ ရှေ့လုပ်ငန်းစဉ်များအတွက်လည်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လိုပါကြောင်း ပြောကြားသည်။
အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေး
ထို့နောက် UNOCHA မှတာဝန်ရှိသူက COVID-19 နှင့် ပတ်သက်သည့် သတင်းအချက် အလက်များကို Website ပေါ်တွင် အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးစိုးအောင်က တိုက်ပွဲ ရှောင်စခန်းများရှိ ထိခိုက်လွယ်အုပ်စုတွင် ပါဝင်သော သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါခံစားနေရသူများ၊ မသန်စွမ်းများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ် များအတွက် လိုအပ်သည့် အာဟာရဖြည့်ဆည်းပေးခြင်းနှင့် ထောက်ပံ့မှုများကို ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်များက ကဏ္ဍအလိုက် ချမှတ်ထားသော လုပ်ငန်းစဉ်များအရ အကောင်အထည် ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
လုပ်ငန်းစဉ်များရေးဆွဲ
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့် ဗဟိုကော်မတီကို မတ် ၁၃ ရက်တွင် ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး အဆိုပါကော်မတီ၏ အတည်ပြုချက်ဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် MoU လက်မှတ်ရေးထိုး၍ လုပ်ငန်း များဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာအဖွဲ့အစည်း များသို့ မေတ္တာရပ်ခံ ပန်ကြားချက်ကို မတ် ၁၈ ရက်တွင် ထုတ်ပြန်ဆောင်ရွက်ခဲ့ပါကြောင်း၊ ခိုလှုံရာစခန်းများရှိ နေရပ်စွန့်ခွာသူများအနေဖြင့် ပြင်ပမှ COVID -19 ရောဂါပိုး ကူးစက်ဝင်ရောက်ပြန့်ပွားခြင်း မခံရစေရန် ကြိုတင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံအတွင်း၌ COVID- 19 ရောဂါပြန့်ပွားခြင်းကို ကာကွယ်ရန် ရောဂါကူးစက်ဖြစ်ပွား နေသော နိုင်ငံမှ ဝင်ရောက်လာသူထံတွင်လည်းကောင်း၊ နိုင်ငံအတွင်းရှိ သံသယလူနာထံတွင်လည်းကောင်း၊ ရောဂါ ကို ဓာတ်ခွဲအတည်ပြုစစ်ဆေးတွေ့ရှိရပါက အဆိုပါပုဂ္ဂိုလ် နှင့်အတူ နေထိုင်သူများ၊ ထိတွေ့ ဆက်ဆံခဲ့သူများကို လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ အတွင်း လူတစ်ဦးမှ တစ်ဦးသို့ ရောဂါကူးစက်ဖြစ်ပွားနေသည့် အခြေအနေကိုလည်းကောင်း အချိန်နှင့်တစ်ပြေးညီ သိရှိနိုင် ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေ စစ်ဆေးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ လမ်းညွှန်ချက်ရှိပါ ကြောင်း၊ ယာယီခိုလှုံရာစခန်းများတွင် ပြည်တွင်းနေရပ် စွန့်ခွာသူများအတွက် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေးစီမံချက်ပါလုပ်ငန်းစဉ် များကို အကောင်အထည်ဖော်ရာတွင် စခန်းနေသူ တစ်ဦးချင်း၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း၊ ယခုရေးဆွဲထားသော ယာယီခိုလှုံရာစခန်းများရှိ နေရပ်စွန့်ခွာသူ (IDP) များတွင် COVID -19 ရောဂါတားဆီး ကာကွယ်ရေးစီမံချက် မူကြမ်းအား ယနေ့ဆွေးနွေးချက်များ ပါ အချက်အလက်များကို ထည့်သွင်းစဉ်းစား၍ စခန်း အလိုက် လိုအပ်ချက်များအရ လုပ်ငန်းစဉ်များရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အားလုံးပူးပေါင်းဆောင်ရွက်ကြပါရန် ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်