
နေပြည်တော် အောက်တိုဘာ ၁၂
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နှစ်(၆၀)ပြည့် အထိမ်း အမှတ်အဆင့်မြင့် အစည်းအဝေးကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်မှ ၁၂ ရက်အထိ ဆားဘီးယား နိုင်ငံ ဘဲလ်ဂရိတ်မြို့၌ ကျင်းပခဲ့ရာ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ဗီဒီယိုဖြင့် မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြား သည်။
အလေးထားပြောကြား
ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာ၌ မြန်မာနိုင်ငံအနေဖြင့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကို စတင်တည်ထောင်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ အဖြစ်လည်းကောင်း၊ ဘန်ဒေါင်းကွန်ဖရင့်၌ ပူးတွဲ ပါဝင်ခဲ့သည့်နိုင်ငံများအနက် တစ်နိုင်ငံအဖြစ်လည်း ကောင်း အစဉ်ဂုဏ်ယူလျက်ရှိပါကြောင်း၊ မိမိတို့ လက်ရှိအစိုးရအနေဖြင့် မြန်မာနိုင်ငံ၌ ပုံမှန်အခြေ အနေရှိပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တည့်မတ် စွာရောက်ရှိရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း အလေးထားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကိုဗစ် ကပ်ရောဂါကိုတိုက်ဖျက်ရန် နိုင်ငံတော်အစိုးရအနေ ဖြင့် အစွမ်းကုန်ကြိုးပမ်းနေကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကာကွယ်ဆေးထိုးပေးသည့် အစီအစဉ်ကိုချမှတ်ခဲ့ပြီး ယခုနှစ်ကုန်တွင် လူဦးရေ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးနိုင်ရန် ရည်မှန်းထားကြောင်း၊ ထို့ကြောင့် ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် မိတ်ဆွေနိုင်ငံ များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိ ကြောင်း ပြောကြားသည်။
လက်တွဲဆောင်ရွက်သွားမည်
ပြည်ထောင်စုဝန်ကြီးက ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့သည် နိုင်ငံစုံတစုတစည်းတည်းဖြင့် သီးခြား ရပ်တည်နိုင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်နှင့် အညီ နိုင်ငံအချင်းချင်းအကြား နားလည်မှုရှိမှုနှင့် လေးစားမှု၊ ဘက်မလိုက်မှုနှင့် နိုင်ငံရေးပယောဂ ကင်းရှင်းစေရန် စသည့်အခြေခံမူများကို ဆက်လက် ကျင့်သုံးရမည်ဖြစ်ကြောင်း၊ မိမိတို့၏ဘုံအကျိုးစီးပွား ကာကွယ်ရန်နှင့် ဘုံစိန်ခေါ်မှုအခက်အခဲများကို တုံ့ပြန်ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်များနှင့် စည်းလုံး ညီညွတ်စွာ လက်တွဲဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ နှင့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရန် ကြိုးပမ်းအား ထုတ်နေသည့်အချိန်တွင် ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ဝင်များ၏ ထောက်ခံမှု၊ နားလည်မှုနှင့် အပြု သဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ရရှိရန် မျှော်လင့်ကြောင်း အလေးထား ပြောကြားခဲ့သည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စားပြု အနေဖြင့် ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးသူရိန်သန့်ဇင် တက်ရောက်ခဲ့သည်။
သတင်းစဉ်