
ပြည်သူအချင်းချင်း၊ မင်းညီမင်းသားအချင်းချင်း ညီညွတ်မှုမရှိဘဲ ပြည်ပအားကိုးပြီးသူတစ်လူငါတစ်မင်းဖြစ်သည့် အချိန်ကာလမျိုးတွင် လွတ်လပ်ရေးဆုံးရှုံးခဲ့ရ
နေပြည်တော် အောက်တိုဘာ ၁၂
၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးမင်းသိန်းဇံ၊
နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိ ဖိတ်ကြားထားသူများ က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှာ ယခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက် ဆိုလျှင် (၇၄)နှစ်ပြည့်မြောက်ပြီ ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏
သမိုင်းကြောင်းကို ပြန်လည်လေ့လာမည်ဆိုပါက ၉ ရာစုဝန်းကျင်မှစ၍ ပျူမြို့ပြနိုင်ငံ (City State)များ ပေါ်ပေါက်ခဲ့ကြောင်း၊ ၁၁ ရာစု ပတ်ဝန်း ကျင်တွင် ပုဂံ Dynasty ပေါ်ပေါက်ခဲ့ကြောင်း၊ ၁၄ ရာစုတွင် အင်းဝ၊ တောင်ငူ၊ ဟံသာဝတီ၊ မြင်စိုင်း၊ ပင်းယ၊ ကယား၊ မိုးညှင်း၊ မိုးကောင်း၊ သီပေါ၊ မြောက်ဦး စသည့် Small Kingdom များ ပေါ်ပေါက်လာခဲ့ ကြောင်း၊ ၁၅ ရာစုနှင့် ၁၇ ရာစုအကြားတွင် တောင်ငူ Dynasty ပေါ်ပေါက်ခဲ့ပြီး ၁၇၅၂ ခုနှစ်နှင့် ၁၈၈၅ ခုနှစ်အကြားတွင် ကုန်းဘောင် Dynasty ပေါ်ပေါက်ခဲ့ကြောင်း၊ ခိုင်မာသည့် မြန်မာ့သမိုင်းကြောင်း တစ်လျှောက် ပေါ်ပေါက်ခဲ့သည့် City State များ၊ Small Kingdom များနှင့် Dynasty များသည် အုပ်ချုပ်သည့် မင်းနှင့် ပြည်သူတို့၏ စည်းလုံးညီညွတ်မှု ပြယုဂ်ပင်ဖြစ်ပြီး အင်အားကြီးမားသည့်လက်နက် ကိုင်တပ်ဖွဲ့များလည်း ရှိခဲ့ကြကြောင်း၊ ပတ်ဝန်းကျင်ဒေသများရှိ ခေတ်ပြိုင်နိုင်ငံများနှင့်အပြိုင် စည်ပင်သာယာ ထွန်းကားခဲ့ကြောင်း။
လွတ်လပ်ရေးဆုံးရှုံးခဲ့ရ
သို့သော် ၁၈၂၄-၁၈၂၆ ခုနှစ်တွင် ပထမ အင်္ဂလိပ် - မြန်မာစစ် ဖြစ်ပွားခဲ့ရာ ရခိုင်၊ အာသံ၊ မဏိပူရနှင့် တနင်္သာရီနယ်မြေများကို လက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း၊ ၁၈၅၂ ခုနှစ်တွင် ဒုတိယ အင်္ဂလိပ် - မြန်မာစစ်ဖြစ်ပွားခဲ့ရာ ပဲခူးအပါအဝင် မြန်မာနိုင်ငံအောက်ပိုင်းကို ဆုံးရှုံးခဲ့ရကြောင်း၊ ၁၈၈၅ ခုနှစ်တွင် တတိယ အင်္ဂလိပ်- မြန်မာ စစ်ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံး သူ့ကျွန်ဘဝကျရောက်ကာ လွတ်လပ်ရေးဆုံးရှုံးခဲ့ရကြောင်း။
ပြည်သူများ စည်းလုံးညီညွတ်မှုရှိပြီး စနစ်တကျဖွဲ့စည်းထားသည့် ခေတ်မီတပ်မတော်ရှိလျှင် နိုင်ငံအင်အားတောင့်တင်းကြောင်း၊ ပြည်သူ အချင်းချင်း၊ မင်းညီမင်းသား အချင်းချင်း ညီညွတ်မှုမရှိဘဲ ပြည်ပအားကိုး ပြီး သူတစ်လူငါတစ်မင်းဖြစ်သည့် အချိန်ကာလမျိုးတွင် လွတ်လပ်ရေးဆုံးရှုံးခဲ့ရကြောင်း၊ သမိုင်းသင်ခန်းစာများပင်ဖြစ်ကြောင်း၊ လွတ်လပ်ရေး ဆုံးရှုံးရသည့် ခါးသီးသောအတွေ့အကြုံများကို မျိုးဆက်သစ်လူငယ်များ သိရှိနိုင်ရေးသည် အရေးကြီးကြောင်း၊ မြန်မာ့သမိုင်းကြောင်းများကို အမြဲဖော်ထုတ်ပေးရန် လိုအပ်ကြောင်း၊ အနှစ်သာရရှိသည့် လွတ်လပ် ရေးနေ့အခမ်းအနားကို နိုင်ငံတော်အဆင့် အနှစ်သာရပြည့်ဝစွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
လွတ်လပ်ရေးဆုံးရှုံးခဲ့သည့်ကာလမှစ၍ လွတ်လပ်ရေးပြန်ရသည် အထိ အသက်သွေး၊ ချွေး မြောက်မြားစွာပေးဆပ်ခဲ့ရသည့် သမိုင်း ကြောင်းများကိုလည်း ဖော်ထုတ်ပေးနိုင်မှသာ နောင်လာမည့် မျိုးဆက်သစ်များအနေဖြင့် လွတ်လပ်ရေး၏အနှစ်သာရ၊ ကိုယ်ပိုင် အသိစိတ်ဓာတ်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လွတ်လပ်စွာစီမံဆောင်ရွက် နိုင်သည့် အခြေအနေများကိုလည်း သိရှိနိုင်ရန်လိုအပ်ကြောင်း။
မျိုးဆက်သစ်များသိရှိရန် လိုအပ်
(၇၄)နှစ်မြောက်တိုင်ပြီဖြစ်သော လွတ်လပ်ရေးနေ့အခါကာလ အတွက် အမျိုးသားခေါင်းဆောင်ကြီးများနှင့် တိုင်းရင်းသားခေါင်းဆောင် ကြီးများက နယ်ချဲ့တို့ကို လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည့်အချိန်မှစ၍ ဒေသအလိုက် တော်လှန်ခဲ့ကြကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းချိန်တွင် အခက်အခဲမျိုးစုံကြုံတွေ့ခဲ့ရသကဲ့သို့ ရွှေရည်စိမ်လွတ်လပ်ရေးမျိုးကိုလည်း ရရှိခဲ့ကြောင်း၊ လွတ်လပ်ရေးနှင့်ပတ်သက်၍ အသက်သွေး၊ ချွေး မြောက်မြားစွာ ပေးဆပ်ရယူခဲ့ရကြောင်း၊ လွတ်လပ်ရေးရယူခဲ့သည့် သမိုင်းကြောင်းများကို နောင်လာမည့် မျိုးဆက်သစ်များသိရှိရန် လိုအပ်ကြောင်း၊ ထိုသို့သိရှိနိုင်ရန် အသိပညာပေးရမည့် သက်ဆိုင်ရာ ကော်မတီများအနေဖြင့် အသိပညာဖြန့်ဝေပေးနိုင်ရန် လိုအပ်ကြောင်း၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးဆုံးရှုံးခဲ့ရမှု၊ လွတ်လပ်ရေး ပြန်လည်ရရှိရန် ကြိုးပမ်းခဲ့မှုများနှင့် ပတ်သက်၍ စာစီ စာကုံး၊ ကျပန်းစကားပြောပွဲ စသည့် ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်များအတွက် ပြိုင်ပွဲများကို ဆောင်ရွက်ပေးခြင်းဖြင့် သမိုင်း ကြောင်းအစဉ်အလာများကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း။
မေ့ပျောက်၍မရသည့် သမိုင်းကြောင်း
မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိရေးအတွက် ခေတ်အဆက်ဆက်ရှိ တိုင်းရင်းသားခေါင်းဆောင်အသီးသီးတို့က အမျိုးဂုဏ် ဇာတိဂုဏ်မပျက် စေရန် မျိုးချစ်စိတ်ဓာတ်ရှိသူများ၊ နိုင်ငံချစ်စိတ်ရှိသူများက တိုင်းရင်း သားပြည်သူများနှင့် ပေါင်းစည်း၍ လွတ်လပ်ရေးကို မရရသည့်နည်းဖြင့် ရယူခဲ့ရခြင်းဖြစ်ကြောင်း၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့က စစ်ပညာများကို ဂျပန်နိုင်ငံတွင် အပင်ပန်းအဆင်းရဲခံကာ သင်ကြားခဲ့ပြီး ၎င်းစစ်ပညာများနှင့်အတူ တိုင်းပြည်လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ခဲ့သည်မှာ မေ့ပျောက်၍ မရသည့် သမိုင်းကြောင်းဖြစ်ကြောင်း၊ ထိုသို့ ကြိုးပမ်းဆောင်ရွက်ခဲ့မှု ကြောင့် ရရှိခဲ့သည့်လွတ်လပ်ရေးကို မည်သို့မျှ ဆုံးရှုံးမှုမရှိစေရေး ဒို့တာဝန်အရေးသုံးပါးနှင့်အညီ အနှစ်သာရရှိသည့် နိုင်ငံတော်အဆင့် လွတ်လပ်ရေးနေ့အခမ်းအနားကို နှစ်စဉ် ကျင်းပခြင်းဖြစ်ကြောင်း။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပနိုင်ရန် ဆပ်ကော်မတီ ၁၀ ခု ဖွဲ့စည်းထားသော်လည်း ကိုဗစ်−၁၉ ရောဂါနှင့် ပတ်သက်၍ ရောဂါကူးစက်မှုနှုန်းများ လျော့ကျမှုအခြေအနေများကို ချိန်ဆ ဆောင်ရွက်ရမည်ဖြစ်ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်သော ထုတ်ပြန်ထားသည့် စည်းမျဉ်း စည်းကမ်းများအတိုင်း စီမံဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကိုဗစ်− ၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေအပေါ်မူတည်၍ စီစဉ်ဆောင်ရွက်မှုများ ခွဲခြားဆောင်ရွက်ထားရန်လိုကြောင်း၊ ကိုဗစ်−၁၉ ရောဂါ စည်းကမ်း နှင့်အညီ ဖိတ်ကြားနိုင်မည့်အင်အားများကို ကြိုတင်စီမံဆောင်ရွက် ထားရန် လိုအပ်ကြောင်း။
နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရန်လိုကြောင်း နှင့် နိုင်ငံတော်အင်အားရှိမှု၊ ပြည်သူအားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိမှု ၊ စနစ်တကျ ဖွဲ့စည်းထားသော ခေတ်မီတပ်မတော် ရှိမှု စသည့်အချက်များ ပြည့်စုံမှသာ မိမိတို့နိုင်ငံတော်ကြီး တိုးတက် စည်ပင်ဖွံ့ဖြိုးလာမည်ကို မျိုးဆက်သစ်လူငယ်များ သိရှိရန်လိုကြောင်း၊ လွတ်လပ်ရေးဆုံးရှုံးသည့်အခါတွင် သွေး၊ ချွေး အသက်ပေါင်းများစွာ ပေးဆပ်ရယူခဲ့ရမှု၊ လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်းတွင်လည်း လွတ်လပ်ရေးမဆုံးရှုံးရအောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကိုလည်း သိရှိစေရန် အသိပညာပေးဆွေးနွေးပွဲများ၊ ရုပ်မြင်သံကြား ထုတ်လွှင့် မှုများ ဆောင်ရွက်ပေးရန်လိုကြောင်း၊ မျိုးချစ်စိတ်ထက်သန်စေသည့် ဇာတ်လမ်းများ၊ သမိုင်းဝင်တေးသီချင်းများ၊ ထုတ်လွှင့်ဖော်ပြသွားရန် လိုပြီး လွတ်လပ်ရေးသမိုင်းကြောင်း၊ မြန်မာနိုင်ငံသမိုင်းကြောင်းတို့ကို လည်း အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ရေဒီယို Talk Show ဆွေးနွေးခြင်း၊ ဆွေးနွေးချက်များကိုလည်း ဆောင်းပါးများအဖြစ် ထည့်သွင်းဖော်ပြသွားခြင်း ပြုလုပ်ရန်လိုကြောင်း။
နိဂုံးချုပ်အနေဖြင့် ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် မိမိဌာန အလိုက် ဖွဲ့စည်းပေးထားသည့် ဆပ်ကော်မတီများအလိုက် ဆောင်ရွက် သွားမည့် လုပ်ငန်းတာဝန်များအလိုက် ဝိုင်းဝန်းဖြည့်စွက် ဆွေးနွေးသွား ရန်လိုကြောင်းဖြင့် ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် ဖွဲ့စည်းမှုများ၊ လုပ်ငန်းတာဝန် များနှင့် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အောင်မြင်စွာကျင်းပနိုင်ရေး ကိစ္စရပ်များကို အသီးသီး ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူးက ယခင်နှစ်က ကျင်းပ ပြုလုပ်ခဲ့သော လွတ်လပ်ရေးနေ့တွင် ဆပ်ကော်မတီများအလိုက် သုံးစွဲခဲ့ကြသည့် အမှန်အသုံးစရိတ်စာရင်းများကို ရှင်းလင်းတင်ပြ သည်။
ထို့နောက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိဂုံးချုပ်အမှာ စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်