နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း

 
 
ပြည်သူသာလျှင် အဓိကပါ။ အစိုးရက ဘယ်လိုကောင်းမွန်တဲ့ အစီအစဉ်တွေပဲ ချမှတ် ချမှတ်၊
အမှန်တကယ် ထိရောက်အောင်မြင်ဖို့ဆိုရင်၊ ပြည်သူတွေ ပူးပေါင်းပါဝင်မှ ဖြစ်မယ်
 
 
ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်သူပြည်သား အပေါင်းရှင့်၊
COVID-19 ရောဂါနဲ့ပတ်သက်ပြီး ကျွန်မတို့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စိန်ခေါ်မှုတွေကို နိုင်ငံတော်အစိုးရနဲ့ ပြည်သူ တွေ အကောင်းဆုံး ပူးပေါင်းကိုင်တွယ် ဖြေရှင်းနိုင်ရေးနဲ့ ပတ်သက်လို့ အစီရင်ခံ တင်ပြသွားမှာ ဖြစ်ပါတယ်။
မတ်လ(၁၁)ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Orga-nization- WHO) က တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီကပ်ရောဂါဟာ စနစ်တကျ စီမံဆောင်ရွက် ရင် ထိန်းချုပ်လို့ရတဲ့ ကပ်ရောဂါဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီမတိုင်မီ တစ်လကျော်၊ ဇန်နဝါရီလ (၃၀) ရက်နေ့ကတည်းကပင် COVID-19 ရောဂါ ကြောင့် ကျွန်မတို့နိုင်ငံ ရင်ဆိုင်နိုင်ဖွယ်ရှိတဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စိန်ခေါ်မှုတွေကို ဘယ်လို ကာကွယ်၊ ကိုင်တွယ် ကျော်လွှားရမယ်ဆိုတာကို ညှိနှိုင်းစီစဉ်ဖို့ ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ ထိုအချိန်ကစပြီး ကျွန်မတို့ နိုင်ငံအပေါ် ကျရောက်နိုင်တဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအခက်အခဲ များ ကာကွယ်ဖြေရှင်းရေးကို
မျက်ခြည်မပြတ် လေ့လာဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံအတွင်း ရောဂါ မပြန့်ပွားအောင် ကာကွယ်စောင့်ရှောက်မှုများနဲ့ ပြည်သူများ COVID-19 နဲ့ပတ်သက်တဲ့ အသိပညာရရှိရေးအတွက် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ဦးစီးဆောင်ရွက်ခဲ့ပါတယ်။ ပြည်သူတွေအကျိုးအတွက် ရောဂါ ဖြစ်ပွားမှုများနေတဲ့ နိုင်ငံများမှ ဝင်ရောက်လာမယ့် ခရီးသွားများကို လည်း လိုအပ်တဲ့ကန့်သတ်မှုများကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နေ ပါတယ်။
နိုင်ငံအပေါ် စီးပွားရေးအရ သက်ရောက်နိုင်ခြေတွေကိုလည်း သုံးသပ်ပြီး၊ ကြိုတင်ပြင်ဆင်နိုင်တာတွေကို ပြင်ဆင်ဖို့အတွက် စီမံဘဏ္ဍာဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ အခြားဆက်နွှယ်နေ သော အစိုးရဝန်ကြီးဌာနများ ညှိနှိုင်းလုပ်ဆောင်ခဲ့ကြပါတယ်။ ဝန်ကြီးဌာန အသီးသီးရဲ့ ဆောင်ရွက်ချက်များနဲ့ ပတ်သက်ပြီး ဌာနအလိုက် ပြည်သူ တွေထံ တင်ပြဖို့လည်း ကျွန်မတို့ စီစဉ်ထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကြေညာချက်ကို အကြောင်းပြုပြီး၊ COVID-19 ရောဂါကြောင့် ကျွန်မတို့နိုင်ငံတွင်းသာမက ကမ္ဘာတစ်ဝန်း၌ ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စအရပ်ရပ်ကို ပိုမိုထိရောက်ကျယ်ပြန့်စွာ သုံးသပ်၊ ကိုင်တွယ်နိုင်ဖို့အတွက် မတ်လ (၁၃) ရက်နေ့မှာ၊ ဇန်နဝါရီလ (၃၀) ရက်နေ့က ဖွဲ့ခဲ့တဲ့ ဗဟိုကော်မတီ ကို အမျိုးသားအဆင့်တိုးမြှင့်ဖွဲ့စည်းလိုက်ပြီး၊ ကော်မတီဥက္ကဋ္ဌအဖြစ် ကျွန်မ တာဝန်ယူဆောင်ရွက်နေပါတယ်။ မတ်လ(၁၃) ရက်နေ့မှာပဲ၊ နိုင်ငံတော် သမ္မတရုံးက ပြည်သူသို့ ပန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ COVID-19 ရောဂါတားဆီးဖို့အတွက် အဓိကကျလှတဲ့ လူစုလူဝေးမဖြစ်စေရေး ရည်ရွယ် ပြီး၊ လူစုလူဝေးဖြင့် ကျင်းပတဲ့ အခမ်းအနားများ၊ ပွဲလမ်းသဘင်များ(မြန်မာ့ ရိုးရာသင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ်ပြီး ကျင်းပခြင်းအပါအဝင်) မပြုလုပ်ဖို့ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ ထို့အပြင် ကျန်းမာရေးနဲ့ အားကစား၊ သာသနာရေးနဲ့ ယဉ်ကျေးမှု၊ ပညာရေး စသောဌာနအသီးသီးက မိမိတို့နဲ့သက်ဆိုင်တဲ့ ကိစ္စရပ်များနဲ့ ပတ်သက်လို့ ညွှန်ကြားချက်တွေကို အခါအားလျော်စွာ ထုတ်ပြန်လျက်ရှိပါတယ်။
စီးပွားရေးနဲ့ပတ်သက်လို့လည်း ပြည်သူပြည်သားများ မနစ်နာစေဖို့၊ တတ်နိုင်သမျှ ကျွန်မတို့ အလုပ်သမားများ အလုပ်လက်မဲ့ မဖြစ်စေဖို့၊ အလုပ် ရုံများ ဆက်လက်လည်ပတ်နိုင်ဖို့၊ နိုင်ငံ့စီးပွားရေးလည်ပတ်မှုကို ထိခိုက်မှု အနည်းဆုံးဖြစ်စေဖို့ကို ရည်ရွယ်ပြီး အခွန်အကောက် ဖြေလျှော့ခြင်း၊ အတိုးနှုန်းလျှော့ချခြင်း စသည့်တို့ကို ဆောင်ရွက်မှာဖြစ်ပါတယ်။ COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံးကြုံတွေ့ရနိုင်တဲ့ လုပ်ငန်းများ (CMP လို့ အများကသိကြတဲ့ ကုန်ကြမ်းပေး ကုန်ချောယူ လက်ခစားစနစ်၊ ဟိုတယ် နဲ့ ခရီးသွားလာရေးလုပ်ငန်းများ၊ အသေးစားနဲ့အလတ်စား စီးပွားရေး လုပ်ငန်းများ)အတွက် အထူးသက်သာသော အတိုးနှုန်းဖြင့် ချေးငွေများနဲ့ အခွန်ကင်းလွတ်ခွင့်ရရှိနိုင်ရေး စီမံပေးသွားပါမယ်။ ဒါ့အပြင် ပို့ကုန်လုပ်ငန်း များမှ ကြိုတင်ကောက်ခံတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကိုလည်း ယခုဘဏ္ဍာနှစ် ကုန်အထိ ကင်းလွတ်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။
ကျွန်မတို့ ပြည်သူပြည်သားတွေအနေနဲ့လည်း တတ်နိုင်သမျှ ပူးပေါင်း ပါဝင်ထည့်ဝင်နိုင်စေမယ့် COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာ ရန်ပုံငွေတစ်ရပ်ကို ထူထောင်သွားမှာ ဖြစ်တဲ့အတွက် စေတနာရှင်ပြည်သူ များအနေနဲ့ မိမိတို့တတ်နိုင်သမျှ ထည့်ဝင်လှူဒါန်းနိုင်ဖို့လည်း တိုက်တွန်း နှိုးဆော်အပ်ပါတယ်။ ယခုအချိန်မှာ အစိုးရခြေလှမ်းတွေဟာ လောလောဆယ် လိုအပ်ချက်များကိုတွက်ဆပြီး လှမ်းရတာဖြစ်ပေမယ့် နိုင်ငံရဲ့ ရေရှည် အကျိုးကို မျက်ခြည်မပြတ် အမြဲလုပ်ဆောင်နေပါကြောင်းကို ကျွန်မတို့ ပြည်သူတွေကို အသိပေးလိုပါတယ်။
စောစောက ကျွန်မပြောခဲ့တဲ့အတိုင်းပဲ ဝန်ကြီးဌာနအသီးသီးက ညွှန်ကြား ချက်များထုတ်ပြန်ခြင်း၊ ညွန်ကြားချက်များရဲ့ ရည်ရွယ်ချက်တွေကို ရှင်းလင်း တင်ပြခြင်း၊ လိုအပ်တဲ့အစီအစဉ်တွေချမှတ်ခြင်း စသည်တို့ကို တစိုက်မတ်မတ် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ဒီနေရာမှာ COVID-19 ကာကွယ် ထိန်းချုပ်ရေး၊ နိုင်ငံနဲ့ ပြည်သူတွေအပေါ် ဒီရောဂါရဲ့ ဆိုးကျိုးတွေ နည်းနိုင် သမျှနည်းစေရေးအတွက် အရေးအကြီးဆုံးဖြစ်တဲ့အချက်ကို တင်ပြချင်ပါ တယ်။ ဒါကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ ပြည်သူသာလျှင် အဓိကပါ။ အစိုးရက ဘယ်လိုကောင်းမွန်တဲ့ အစီအစဉ်တွေပဲ ချမှတ် ချမှတ်၊ အမှန်တကယ် ထိရောက်အောင်မြင်ဖို့ဆိုရင်၊ ပြည်သူတွေ ပူးပေါင်းပါဝင်မှ ဖြစ်မယ်ဆိုတာ ကျွန်မအကြိမ်ကြိမ်ပြောခဲ့ဖူးတဲ့စကား ဖြစ်ပါတယ်။ အခု COVID-19 နဲ့ ပတ်သက်လို့ ဒီစကားကို အထူးအလေးထားစေလိုပါတယ်။
ကျန်းမာရေးလိုအပ်ချက်အရ မလိုအပ်ဘဲ လူစုလူဝေးမဖြစ်အောင် လိုက်နာဆောင်ရွက်ဖို့မှာ ပြည်သူတွေက အဓိကပါ။ ကျန်းမာရေးဝန်ကြီးဌာန ရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာရေးမှာ ပြည်သူတွေက အဓိကပါ။ ယခုလို အချိန်အခါမျိုးမှာ မတိကျ မမှန်ကန်တဲ့သတင်းတွေ မပြန့်ပွားရေးဆောင်ရွက်ရာမှာလည်း ပြည်သူတွေက အဓိကပါ။ အစိုးရိမ် လွန်ပြီး၊ ရိက္ခာစုဆောင်းရေးကဲ့သို့သော မတည်မငြိမ်ဖြစ်စေမယ့်လုပ်ရပ်များ မဖြစ်ပေါ်ရေးမှာလည်း ပြည်သူတွေက အဓိကပါ။ ယခုအထိ ကျွန်မတို့နိုင်ငံ မှာ COVID-19 ရောဂါရရှိနေသူ တစ်ဦးတစ်ယောက်မှ မတွေ့ရသေးပါ။(ဒီကိစ္စ နဲ့ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာနက အချိန်နဲ့တစ်ပြေးညီ သတင်း ထုတ်ပြန်ပေးနေပါတယ်။)
ပြည်သူတွေ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ကျွန်မတို့ရဲ့ ကာကွယ်ထိန်းချုပ်ရေး အစီအစဉ်များကို အောင်အောင်မြင်မြင် အကောင် အထည်ဖော်နိုင်မှာပါ။ နိုင်ငံတစ်နိုင်ငံရဲ့ အဓိကအင်အားဟာ ပြည်သူတွေ ဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံဟာ အင်အားကြီးနိုင်ငံမဟုတ်ပါဘူး။ ငြိမ်းချမ်း ရေး၊ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီအရေး စသဖြင့် လုပ်ငန်းစဉ်အမျိုးမျိုးကိုလည်း တစ်ပြိုင်နက် ကိုင်တွယ်ဖြေရှင်းနေရပါတယ်။ ဒီအခက်အခဲတွေကြားက အရင်းအမြစ်ကြွယ်ဝလှတဲ့ နိုင်ငံကြီးများနဲ့ ယှဉ်ပြိုင်စေနိုင်တဲ့ “ပြည်သူ သာလျှင်အဓိက” ဆိုတဲ့ အင်အားနဲ့ ပြည့်ဝနေတယ်ဆိုတာကို ယခု ကမ္ဘာ့ကပ်ရောဂါကြီးကို ရင်ဆိုင်ရာမှာ ကျွန်မတို့ သက်သေပြနိုင်မှာ ဖြစ်ပါ တယ်။
ယခုလို COVID-19 ရင်ဆိုင်နေရချိန်မှာ၊ နိုင်ငံတော်အကျိုးအတွက် ကျွန်မတို့အစိုးရနဲ့အတူ ရပ်တည်ပေးကြတဲ့၊ ပူးပေါင်းဆောင်ရွက်နေကြတဲ့ ပြည်သူပြည်သားတွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ အလုပ်သမား တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အလွှာအသီးသီးက အသိပညာရှင်၊ အတတ် ပညာရှင်တွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်မတို့အစိုးရရဲ့ လုပ်ဆောင်ချက်များ၊ ပန်ကြားချက်များကို ပြည်သူ တွေသိရှိနေဖို့အတွက် စဉ်ဆက်မပြတ် သတင်းဖြန့်ချိပေးနေမှာပါ။ ယခု ကျွန်မတို့ရဲ့ အမျိုးသားရေးလုပ်ငန်းကြီး အောင်မြင်ရေးအတွက် ပြည်သူ သာလျှင် အဓိကပါ။