
နေပြည်တော် အောက်တိုဘာ ၁၂
ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်၍ မွေးဖွားခဲ့သည့်အချိန်မှစ၍ ကျဆုံးသည့်အချိန်အထိတိုင် ကလေးဘဝ မူလတန်း၊ အလယ်တန်း ကျောင်းသားဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ၊ သခင်ဘဝ၊ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ ဖြတ်သန်းလာခဲ့ရသော နိုင်ငံရေးသမားဘဝ၊ တပ်မတော်သားဘဝနှင့် ဖဆပလခေတ် နိုင်ငံရေး ကြိုးပမ်းမှုဘဝများ ကို ပုံစံအမျိုးမျိုးဖြင့် ရဟန်းရှင်လူ ပညာရှိများ ရေးသားထားခဲ့သည်မှာ အများအပြားပင် ရှိပါသည်။ ထိုမျှမက လွတ်လပ်ရေးကြိုးပမ်းမှုကာလတစ်လျှောက် ပြောကြားခဲ့သော မိန့်ခွန်းများမှာလည်း များပြားလှပါသည်။ ပုံနှိပ်ထုတ်ဝေထားပြီးလည်း ဖြစ်ပါသည်။ ရှေ့ဆက်၍လည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သော အကြောင်း အရာများကို မိမိတို့ဖော်ပြလိုသော အဓိကအကြောင်းအရာကို ဇောင်းပေး၍ ရေးသားပြုစု ထုတ်ဝေကြဦးမည်ဖြစ်ပါသည်။
ယခုအခါ မြန်မာ့သမိုင်းအဖွဲ့မှ ပညာရှင်ကြီးများက ဗိုလ်ချုပ် အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို ငယ်ဘဝမှသည် ကျဆုံးရချိန်အထိ ဖြစ်ပျက်တွေ့ကြုံခဲ့သောအဖြစ်အပျက်များကို အသက်အပိုင်းအခြား လိုက် ခေတ်အပိုင်းအခြားအလိုက်ခွဲခြား၍ တာဝန်ယူကာ အဂတိ ကင်းစွာ သုတေသနပြုစုရေးသားခဲ့ကြပါသည်။ ခေတ်ပြိုင်အထောက် အထား မှတ်တမ်းများကိုသာမက ခေတ်ပြိုင်ဖြစ်သော သက်ရှိထင်ရှား လည်း ရှိနေသေးသော သမိုင်းဝင်ပုဂ္ဂိုလ်ကြီးများနှင့် တွေ့ဆုံမေးမြန်း၍ ရရှိသော အချက်အလက်များကို ကိုးကားအသုံးပြု၍လည်း ရေးသား ပြုစုခဲ့ကြပါသည်။ အခါခါပြန်ဖတ်၊ အခါခါ ဖြည့်စွက်၊ အခါခါ ပြုပြင်၍ ရေးသားပြီး ပထမအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ်က ထုတ်ဝေဖြန့်ချိ ခဲ့ပါသည်။ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီး ဌာနသည် အပြည့်စုံဆုံး အကောင်းဆုံးဖြစ်အောင် အစဉ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့်အတွက် ယခုဗိုလ်ချုပ်အောင်ဆန်းစာအုပ် ကို ပြင်ဆင်ဖြည့်စွက်၍ ဒုတိယအကြိမ်အဖြစ် ထပ်မံထုတ်ဝေ ဖြန့်ချိ လိုက်ပါသည်။ အပြည့်အစုံဆုံး အကောင်းဆုံးဟု မဆိုနိုင်သော်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းနှင့်ပတ်သက်၍ကား အတော် အတန် ပြည့်စုံသော စာအုပ်ဖြစ်ပြီဟူ၍ကား ဆိုနိုင်ပါသည်။ သို့ပါ၍ ဤစာအုပ်ကိုဖတ်ရှုပြီး စာဖတ်သူ ရဟန်းရှင်လူတို့အား လည်းကောင်း၊ ပြည်တွင်းပြည်ပ ပညာရှင်သုတေသီအပေါင်း ဝေဖန်ဆန်းစစ်ကြပါဟု ပြောလိုပါသည်။ မြန်မာသမိုင်းအဖွဲ့၊ အဖွဲ့ဝင် သမိုင်းပညာရှင်ကြီးများ ရေးသားပြုစုပြီး စာအုပ်ဖြစ်မြောက်ရေးအတွက် သမိုင်းသုတေသန ဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ ကြိုးပမ်းမှုတစ်ရပ်ဟု မှတ်ယူ ရပါသည်။ ထိုမျှမက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို လေ့လာသုတေသနပြုစုသူများ မလွဲမသွေ ဖတ်မှတ်ရမည့် စာအုပ် တစ်အုပ်ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။
စာအုပ်ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်း သုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ နေပြည်တော်၊ ရုံးအမှတ် (၃၅) ၊ ဖုန်း ၀၆၇-၄၀၈၃၈၄၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၊ ကုမုဒြာကြာပန်းဝိုင်းအနီး၊ ဖုန်း ၀၆၇-၄၁၈၄၂၆ နှင့် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမျိုးသားပြတိုက်ရှိ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ဖုန်း ၀၁-၃၉၅၁၉၀၊ ၃၉၅၁၉၂ တို့တွင် တန်ဖိုးငွေကျပ် ၁ဝဝဝဝ ဖြင့် ဖြန့်ချိလိုက်ပါသည်။
သတင်းစဉ်