ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် မဂွေဇ - ခေါင်လန်ဖူး လမ်းဖောက်လုပ်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 
 
နေပြည်တော် မတ် ၁၆
 
 
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်သည် မတ် ၁၄ ရက်က ကချင်ပြည်နယ် ပူတာအို ခရိုင်အတွင်း၌ ဝန်ကြီးဌာနမှ တာဝန် ယူ ဆောင်ရွက်နေသော မဂွေဇ - ခေါင်လန်ဖူးကားလမ်း (၆၅/၄) မိုင် ဖောက်လုပ်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး သည် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်နှင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်များအတွင်း ဆောင်ရွက်ပြီးစီးခဲ့သော မြေလမ်းနှင့် ကျောက်ခင်းလမ်းများ အခြေအနေ ကို မော်တော်ယာဉ်ဖြင့် ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် မေခမြစ်ကမ်း၌ မြစ်ဖြတ်ကူးရန် ကြိုတင်ပြင်ဆင်စုဖွဲ့ ထားရှိသည့် ယန္တရားကူးဖောင်နှင့် အတူ တစ်ဖက်ကမ်းတွင် လုပ်ငန်းခွင် ဝင်ရောက်ကြမည့် မြေတူးစက် လေးစီး၊ မြေထိုးစက် သုံးစီး၊ မြေသယ် ယာဉ် သုံးစီး၊ စက်သုံးဆီ၊ Crawler Drill (ကျောက်ဖောက်စက်) တစ်စီး၊ ယမ်းနှင့် ဆက်စပ်ပစ္စည်းများ သယ်ဆောင် ဖြတ်ကူးခြင်းလုပ်ငန်း များ(အောက်ယာပုံ)နှင့် မေခမြစ်ကမ်း မှ ခေါင်လန်ဖူးအထိ လမ်းဖောက်လုပ် နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် လမ်းဖောက်လုပ်ရေး လုပ်ငန်း ဆောင်ရွက်နေသော တပ်မတော်အင်ဂျင်နီယာတပ်ရင်းမှ စစ်သည်များ၊ ဝန်ကြီးဌာနမှ ဝန်ထမ်း များ၊ ယန္တရားများ ဖြတ်ကူးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြသော လုပ်သားများနှင့် တွေ့ဆုံ၍ ယခုကဲ့သို့ ဆိုးရွားပြင်းထန်သည့် ရာသီဥတုအကြားမှ ဝေးလံခေါင်းပါး သည့် ဒေသခံပြည်သူလူထုအတွက် မလျှော့သော ဇွဲလုံ့လနှင့် ကြိုးစား ဆောင်ရွက်နေကြသူများကို အသိ အမှတ်ပြု ဂုဏ်ယူမှတ်တမ်းတင်ပါ ကြောင်း၊ ခေါင်လန်ဖူးဒေသသည် ဒေသဖွံ့ဖြိုးရေး အဘက်ဘက်မှ နိမ့်ကျလျက်ရှိရာ ယခုကဲ့သို့ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ဒေသ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးရေးကဏ္ဍများ မြင့်မားလာ မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေ ဖြင့် တိုင်းရင်းသားများ၏ နယ်စပ် ဒေသများအပါအဝင် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဖွံ့ဖြိုးရေးကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါ ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက် ရာတွင် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် ရာသီဥတုဆိုးရွားမှု ဒဏ်ခံနိုင်ရန် ကျန်းမာရေးအလေးထား ကြရန် မှာကြား၍ ထောက်ပံ့ပစ္စည်း များ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် မေခမြစ်ကူး ကြိုးတံတား (ရီဒမ်း)၌ ကြိုးတံတားအဟောင်း၏ ကြံ့ခိုင်မှုကို ကြည့်ရှုစစ်ဆေး၍ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် မေခ မြစ်ကူးတံတား(ရီဒမ်း) တည်ဆောက် မှုမပြီးမီကာလအတွင်း ယခု ကြိုး တံတားကို ယာဉ်ငယ်များ ယာယီ ဖြတ်သန်း အသုံးပြုနိုင်ရေးအတွက် တံတားကြံ့ခိုင်မှုကို စနစ်တကျ စစ်ဆေးပြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ကျွမ်းကျင်အင်ဂျင် နီယာအဖွဲ့များဖြင့် စိစစ်တင်ပြရန် မှာကြားပြီး ဒေသခံကျေးရွာသား များနှင့် တွေ့ဆုံသည်။
မတ် ၁၅ ရက် နံနက်ပိုင်းတွင် ဇီဝဒမ်းလမ်းလုပ်ငန်း စီမံကိန်း ရှင်းလင်းဆောင်၌ တာဝန်ရှိသူများ က လမ်းလုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက ယခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရန် ကျန်ရှိနေသော လမ်းလုပ်ငန်းများကို မူလလျာထား စီမံချက်ထက် ဆောလျင်စွာပြီးစီး ပါက ဒေသခံတိုင်းရင်းသားများ အနေ ဖြင့် ဒေသဖွံ့ဖြိုးရေး အသီးအပွင့်များ စောစီးစွာ ရရှိခံစားနိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေဖြင့် ထိုက်တန်သည့် လုပ်ငန်းအရည် အသွေးများရရှိရေးနှင့် လေလွင့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ် ဆောင်ရွက်သွားကြရန် မှာကြားပြီး ဇီဝဒမ်းစခန်းအနီးတွင် ကျောက်လမ်း ခင်းခြင်း၊ တံတားနှင့် Box Culvert တည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
မဂွေဇ - ခေါင်လန်ဖူးလမ်းသည် ယခုအခါ ပူတာအို - မဂွေဇ - ရီဒမ်း (မေခမြစ်ကူး ကြိုးတံတား) အထိ မော်တော်ယာဉ်ဖြင့် လည်းကောင်း၊ ရီဒမ်းမှ ခေါင်လန်ဖူးအထိ ဆိုင်ကယ် ဖြင့် လည်းကောင်း နေ့ချင်းပေါက် သွားနိုင်ပြီဖြစ်ကြောင်း သိရသည်။
 
 
သတင်းစဉ်