
နေပြည်တော် မတ် ၁၆
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အတွက် ဗဟိုအဆင့် ညှိနှိုင်းအစည်း အဝေး (၃၅/၂၀၂၀) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ဗဟို အဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ် အဆင့် တာဝန်ရှိသူများ ပါဝင် သည့် အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing ဖြင့် ကျင်းပ သည်။
ဆုံးဖြတ်ချက်များချမှတ်
ညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မြန်မာနိုင်ငံ ပြည်သူများ တွင် COVID-19 ရောဂါကိုကာကွယ် ရေးနှင့် ပြည်သူများရောဂါ ဖြစ်ပွား သေဆုံးမှု မရှိစေရေးတို့အတွက် ဝိုင်းဝန်း ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေး ဝန်ထမ်းများကို ပြည်သူ များ ကိုယ်စားကျေးဇူးတင် ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ပြတ်သားသော ဆုံးဖြတ်ချက်များ ချမှတ်ကာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရောဂါဖြစ်ပွားသော နိုင်ငံနှင့် နေရာ ဒေသများမှ ပြည်တွင်းသို့ ဝင်ရောက် သူများ နည်းပါးလာခြင်းဖြင့် ရောဂါဝင်ရောက်ကူးစက် ဖြစ်ပွား နိုင်ခြေပါ လျော့နည်းလာမည် ဖြစ်ကြောင်း။
ချိတ်ဆက်ဆောင်ရွက်မှု အရေးကြီး
ပြည်သူများမှ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် လှူဒါန်းထားသည့် ပစ္စည်းကိရိယာ များနှင့် လှူဒါန်းငွေများကို အကျိုးရှိထိရောက်စွာ အသုံးပြု သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကျန်းမာရေး ပြဿနာနှင့် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင် ဆောင်ရွက်သူများအကြား စနစ်တကျချိန်သားကိုက် ချိတ်ဆက် ဆောင်ရွက်မှုများသည် အထူး အရေးကြီးပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ဗဟိုအဆင့်နှင့် တိုင်းဒေသ ကြီး၊ ပြည်နယ်အဆင့် တာဝန်ရှိသူများ ပါဝင်သည့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးဌာန၏ အီးမေးလ်အစုဖွဲ့ (email group) ကို ဖွဲ့စည်းထားရှိပြီး ဆက်သွယ် ဆောင်ရွက်မည်ဖြစ် ကြောင်း။
ပုံမှန်ဆက်လက် ဆောင်ရွက်
ထို့အပြင် ယခုကဲ့သို့ အင်တာနက် ကွန်ရက်ကို အသုံးပြုကာ Video conferencing ပုံစံဖြင့် ညှိနှိုင်း ဆွေးနွေးမှုများကို ပုံမှန်ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များ ပိုမိုထိရောက်ရေးအတွက် ကပ်ရောဂါဗေဒရှုထောင့်မှ နိုင်ငံ တကာနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆန်းစစ်သုံးသပ်မှုအဖွဲ့၊ တိုင်းဒေသ ကြီး၊ ပြည်နယ် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဆန်းစစ် သုံးသပ်မှုအဖွဲ့၊ ဆေးရုံပိုင်း ကြိုတင် ပြင်ဆင်မှုနှင့် အသွားအလာကန့်သတ် ပိတ်ပင်ခြင်း လုပ်ငန်းများကို ဆန်းစစ် သုံးသပ်မှုအဖွဲ့နှင့် နိုင်ငံတကာ ဝင်၊ ထွက်ပေါက်များတွင် ရောဂါ စောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများကို ဆန်းစစ်သုံးသပ်မှုအဖွဲ့တို့အား ဖွဲ့စည်း ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း။
ဆန်းစစ်သုံးသပ်
COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်မှုလုပ်ငန်းများတွင် ပြည်သူ့ ကျန်းမာရေးအပိုင်းမှ ဆောင်ရွက် နေမှုသည် အတိုင်းအတာတစ်ခုအထိ ကျေနပ်ဖွယ်ရာရှိပြီး ဆေးရုံပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရှိမှုများ ပိုမို အားထုတ်ဆောင်ရွက်ရန် အရေးကြီး ပါကြောင်း၊ COVID-19 ရောဂါလူနာ များ ရောက်ရှိလာပါက ကုသမှု ပေးနိုင်ရန်အတွက် ဖြစ်စဉ်အခြေပြု စားပွဲတင် လေ့ကျင့်ခန်းများ ဆောင်ရွက်ထားရှိမှုနှင့် ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိခြင်းကို ဆန်းစစ် သုံးသပ်မှုမှ တွေ့ရှိချက်များနှင့် အကြံပြုချက်များကို တင်ပြဆွေး နွေးကြစေလိုပါကြောင်း။
ယခုအစည်းအဝေးတွင် ဗဟို အဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် အဆင့် တာဝန်ရှိသူများ၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ တာဝန်ရှိသူများ၊ ရောဂါ နှိမ်နင်းရေးပညာရှင်များ၊ ကုသရေး ပါမောက္ခများ၊ ဝယ်ယူဖြန့်ဖြူးရေး တာဝန်ရှိသူများ စသည်ဖြင့် ကဏ္ဍစုံမှ ပါဝင်တက်ရောက်ကြသဖြင့် ကဏ္ဍ အလိုက် လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံ၊ အခက်အခဲများနှင့် အားနည်းချက်များကို ပွင့်လင်းစွာ ဆွေးနွေး အကြံပြုကြစေလိုပါ ကြောင်း၊ ဝန်ကြီးဌာနမှ ရေးဆွဲ ထားသော COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းအစီအစဉ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 ရောဂါဖြစ်ပွားပျံ့နှံ့မှုအခြေအနေများကို ကမ္ဘာ့ကပ်ရောဂါ (Pandemic) ဟု ကြေညာခဲ့မှုနှင့်အညီ လိုအပ်သလို ပြုပြင်မွမ်းမံ၍ စီမံချက်တစ်ခု ရေးဆွဲ သွားရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် အင်တာနက် ကွန်ရက်အသုံးပြု Video Conferenc-ing ပုံစံဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ရှင်းလင်းပြောကြား
ထို့နောက် ပြည်ထောင်စု ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်နှင့် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးဦး တို့က ဝန်ကြီးဌာနမှ ဆောင်ရွက်လျက် ရှိသော ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ရှင်းလင်းပြောကြား သည်။
ယင်းနောက် Video Conference မှတစ်ဆင့် တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများ၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ တာဝန်ရှိသူများ၊ ကုသရေးပါမောက္ခများ၊ ရောဂါနှိမ်နင်း ရေးပညာရှင်များ၊ ဆေးရုံအုပ်ကြီးများ က တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆောင်ရွက်လျက်ရှိသော ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အတွေ့အကြုံနှင့် အားသာချက်၊ အားနည်းချက်များ၊ အသွားအလာကန့်သတ်ပိတ်ပင်ခြင်း (quarantine) ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ပြင်ဆင်ထားရှိမှုနှင့် လိုအပ်ချက်၊ စောင့်ကြည့်လူနာများကို ကုသမှု ပေးနေမှု၊ COVID-19 ရောဂါလူနာများ ပေါ်ပေါက်လာပါက ကုသမှုပေးရန် ဆေးရုံနေရာ၊ ဆေးနှင့် ဆေးပစ္စည်း ကိရိယာများ ကြိုတင်ပြင်ဆင်ထားရှိ မှုနှင့် လိုအပ်ချက်၊ ကျန်းမာရေး အသိပညာပေး နှိုးဆော်မှုများအတွက် ပိုစတာနှင့် လက်ကမ်းစာစောင်များ၊ ရုပ်သံများ၊ တိုင်းရင်းသား ဘာသာ စကားများဖြင့် အသံဖိုင်များ ပြုလုပ် ထားရှိ ဖြန့်ဝေနေမှု၊ ဓာတ်ခွဲစစ်ဆေး မှုအတွက် ဓာတ်ခွဲနမူနာရယူမှု၊ ပို့ဆောင်မှုတို့ကို စနစ်တကျ ဆောင်ရွက်နိုင်ရန် လုပ်ငန်း လမ်းညွှန်များကို ဖြန့်ဝေထားမှု၊ ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာနှင့် အမျိုးသားကျန်းမာ ရေးဓာတ်ခွဲမှုဆိုင်ရာဌာန၏ face-book စာမျက်နှာများတွင် ဖော်ပြ ထားရှိမှု၊ နယ်စပ်ဝင်၊ ထွက်ဂိတ် ပေါက်များတွင် ရောဂါစောင့်ကြပ် ကြည့်ရှုမှုလုပ်ငန်းများ ဆန်းစစ် တွေ့ရှိချက်များ တင်ပြရန်ကိစ္စ၊ COVID-19 လူနာတွေ့ရှိပါက ထားရှိကုသရန် သတ်မှတ်ဆေးရုံ (designated hospital) များသို့ ဆေးနှင့် ဆေးပစ္စည်းများ ဦးစားပေး ဖြည့်ဆည်းနေမှု စသည်တို့ကို တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနများက လုပ်ငန်းလိုအပ်ချက်များကို တင်ပြ ခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများက ဖြည့်ဆည်းဆောင်ရွက် ရန် အစီအစဉ်များကို ပြန်လည် ဆွေနွေးကြသည်။
သတင်းစဉ်