
နေပြည်တော် မတ် ၁၅
Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဗဟို အဆင့် ညှိနှိုင်းအစည်း အဝေး (၃၄/၂၀၂၀) ကို ယနေ့နံနက် ၈ နာရီက ရန်ကုန်မြို့ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ဧည့်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မိမိတို့နိုင်ငံ၌ ယခုလက်ရှိအချိန်အထိ ဓာတ်ခွဲအတည်ပြု COVID-19 ရောဂါဖြစ်ပွားသူ တစ်ဦးမျှ မတွေ့ရှိရသေး သော်လည်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှု၊ ပျံ့နှံ့မှုပုံစံနှင့် အခြေအနေကို ကပ်ရောဂါ ဗေဒရှုထောင့်မှ အနီးကပ်လေ့လာဆန်းစစ် သုံးသပ် လျက်ရှိပါကြောင်း၊ ထိုသို့ လေ့လာသုံးသပ်ရာမှရရှိသော တွေ့ရှိချက်များအပေါ် မူတည်၍ မိမိတို့နိုင်ငံ၏ ရောဂါကူးစက်ခြင်း ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို ပြုပြင်ပြောင်းလဲ၍ ဆောင်ရွက်လျက် ရှိပါကြောင်း။
မိမိတို့အနေဖြင့် ပြည်သူများ ရောဂါကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှု မရှိစေရေးတို့အတွက် ဆုံးဖြတ်ချက် များကို ပြတ်သားစွာ ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနမှ အကြံပြုထားသည့်အတိုင်း သက်ဆိုင် ရာ ဝန်ကြီးဌာနများနှင့် ပြည်သူလူထုမှ လိုက်နာဆောင်ရွက်လျက်ရှိသည့် အတွက် လူစုလူဝေးများနှင့် ပွဲလမ်း သဘင်များ များစွာလျော့ပါးသွားပြီ ဖြစ်သဖြင့် ရောဂါကူးစက်ပြန့်ပွား နိုင်ခြေ နည်းပါးလာမည်ဖြစ်ကြောင်း။
ထို့အပြင် ကူးစက်ရောဂါ ဖြစ်ပွား မှုမြင့်မားလျက်ရှိသော နိုင်ငံများမှ ခရီးသည်များ ပြည်တွင်းသို့ ဝင်ရောက်မှုနည်းပါးခြင်းဖြင့် မိမိတို့ နိုင်ငံ၌ ရောဂါဝင်ရောက်ဖြစ်ပွားမှု နည်းပါးနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုအချိန်တွင် ရောဂါဖြစ်ပွားမှုများပြားသောနိုင်ငံ ၇ နိုင်ငံမှ ဝင်ရောက် လာသော ခရီးသွားဧည့်သည်များကို စိစစ်၍ ၁၄ ရက်တာကာလ အသွား အလာကန့်သတ် (quarantine)ရန် ယနေ့မှ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ အခြားနိုင်ငံများ၌ ရောဂါဖြစ်ပွားမှုနှင့် ပျံ့နှံ့မှုပုံစံများအရ လိုအပ်ပါက နိုင်ငံအရေအတွက် ထပ်မံတိုးမြှင့်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတရုံးနှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနတို့မှ ပြည်သူများထံ ပန်ကြားချက်များကို ပြည်သူများအနေဖြင့် အလေးထား လိုက်နာဆောင်ရွက်ကြစေ လိုပါ ကြောင်း။
ကပ်ရောဂါအသွင်ဖြင့် ဖြစ်ပွား သော ရောဂါများကို နှိမ်နင်းရာတွင် ပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်း များ၏ ပူးပေါင်းပါဝင်မှုသည် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တွင် ထိရောက်မှုရှိသဖြင့် ပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် တိတိကျကျ လိုက်နာဆောင်ရွက်ရန် တိုက်တွန်းပန်ကြားလိုပါကြောင်း၊ မိမိ အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ ဆေးရုံများ၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနများနှင့် ဓာတ်ခွဲ ခန်းများတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ဆရာဝန်များ၊ သူနာပြု များ၊ ကျန်းမာရေးနှီးနွှယ်ဝန်ထမ်း များ၊ ဓာတ်ခွဲဝန်ထမ်းများ၏ လုပ်ဆောင်ချက် စွမ်းရည်များနှင့် စိတ်စေတနာများကိုလည်း ယုံကြည် ပါကြောင်း။
ဝန်ထမ်းများသည် ဤရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကို ဆောင်ရွက်ရာ၌လည်းကောင်း၊ ဆေးရုံများ၌ ကုသမှုပေးသည့် ကိစ္စ များ ဆောင်ရွက်ရာ၌လည်းကောင်း၊ အသွားအလာကန့်သတ်ခြင်း လုပ်ငန်း များကို ဆေးရုံနှင့် ကျန်းမာရေး အဆောက်အဦများ၌ ထားရှိပြီး ကျန်းမာရေး ဝန်ဆောင်မှုပေးရာ၌ လည်းကောင်း မိမိ၏ ကိုယ်ပိုင်အရေး ကဲ့သို့ သဘောထားကာ ဆောင်ရွက် လျက်ရှိသဖြင့် မိမိအနေဖြင့် ချီးကျူး ဂုဏ်ယူပါကြောင်း၊ ထို့အပြင် ဝန်ကြီး ဌာနအား ငွေအင်အား၊ ပစ္စည်းအင်အား များအပါအဝင် ဝိုင်းဝန်းပံ့ပိုးမှုများ ပေးလျက်ရှိသော မြန်မာနိုင်ငံသူ/နိုင်ငံသားများနှင့် ပြည်ပနိုင်ငံများမှ အဖွဲ့အစည်းများအား ပြည်သူများ အားလုံး၏ ကိုယ်စား ကျေးဇူးအထူး တင်ရှိပါကြောင်း။
အလုံပိတ်အခန်းနေရာများတွင် ရောဂါကူးစက်နိုင်ခြေ မြင့်မားသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ YBS Aircon-bus များတွင် COVID-19 ကဲ့သို့သော အသက်ရှူလမ်းကြောင်း မှတစ်ဆင့် ကူးစက်နိုင်သည့် ရောဂါ များကူးစက်မှုလျှော့ချရေးကို အဖြေ ရှာရန်အတွက် သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ လှည်းကူးမြို့နယ်ရှိ ပြည်သူ့ ကျန်းမာရေးသင်တန်း ကျောင်းနှင့် သိမ်ဖြူကွင်းရှိ အားကစား အဆောက်အဦများတွင် အသွားအလာ ကန့်သတ် (quaran-tine) ရန် အတွက် အသုံးပြုမည် ဖြစ်သဖြင့် အဆိုပါလုပ်ငန်းများတွင် လိုအပ်မည့် လူအင်အား၊ ပစ္စည်း အင်အားများကို ဖြည့်ဆည်းပြင်ဆင် လျက်ရှိပါ ကြောင်း။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဝေးပြေးဂိတ်များနှင့် အခြား တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့ကြီး များရှိ အဝေးပြေးကားဂိတ်များတွင် ခရီးသွားပြည်သူများအား COVID-19 ရောဂါနှင့် ပတ်သက်သည့် ကျန်းမာ ရေးအသိပညာပေးခြင်းကို လက်ကိုင် အသံချဲ့စက်ငယ်များ အသုံးပြုကာ ယခုထက်ပိုမို ကြေညာနှိုးဆော်ရမည် ဖြစ်ပါကြောင်း၊ ပြည်သူများတွင် COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာ ဗဟုသုတ များရရှိမှုနှင့် လက်တွေ့အသုံးချနိုင်မှု အခြေအနေများကို အသုံးချ သုတေသနပုံစံဖြင့် ဆန်းစစ်မှုများကို ပြည်သူ့ကျန်းမာရေး တက္ကသိုလ် (ရန်ကုန်) မှ ဆောင်ရွက်ထားပါ ကြောင်း၊ တွေ့ရှိချက်များကို မူတည်၍ မိမိတို့သည် လိုအပ်သလို ကျန်းမာရေး အသိပညာပေး နှိုးဆော်မှုများကို မွမ်းမံဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ အဆိုပါ သုတေသနမှ ဆန်းစစ်မှုမေးခွန်းများကို တိုင်းဒေသ ကြီး/ ပြည်နယ်များသို့ ဖြန့်ဝေ၍ အထူးသဖြင့် နယ်စပ်ဝင်၊ ထွက်ပေါက် များတွင် သွားလာနေသူများအား ဆန်းစစ်ရန် လိုအပ်ကြောင်း။
လက်ကိုစနစ်တကျ ဆပ်ပြာနှင့် ရေကို အသုံးပြုဆေးကြောခြင်းသည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း COVID-19 အပါအဝင် ကူးစက်ရောဂါ အများအပြားကို ထိရောက်စွာ ကာကွယ်နိုင်သဖြင့် ဝန်ကြီးဌာန၏ တစ်ပြည်လုံးရှိ ဆေးရုံများတွင် လူနာ နှင့် လူနာစောင့်များ လက်ဆေးကြော ရန် ဘေစင်နှင့် ရေရရှိမှုကို အမြန်ဆုံး ဆောင်ရွက်ရန် မိမိညွှန်ကြားထားပါ ကြောင်း၊ ဆောင်ရွက်ခြင်း ရှိ/မရှိကို မိမိတို့ သုံးသပ်ပြီး တစ်ပြည်လုံးရှိ ဆေးရုံများ၌ ဆောင်ရွက်နိုင်ရန် မိမိတို့ဝန်ကြီးဌာနမှ ဆက်လက်ပံ့ပိုး မည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ရောဂါနှင့်ပတ်သက်သည့် နောက်ဆုံး အချက်အလက် (Daily Update Situation) နှင့် ထုတ်ပြန်ကြေညာ ချက်များ၊ ဝန်ကြီးဌာနမှ ရောဂါ စောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်း ဆောင်ရွက်နေမှု၊ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း၊ အခြားနိုင်ငံ များမှ ထူးခြားဖြစ်စဉ်များနှင့် သတင်း များ၊ စောင့်ကြည့်လူနာများ၏ အခြေ အနေ၊ ပြည်သူ့ကျန်းမာရေး တက္ကသိုလ် (ရန်ကုန်) မှ ဆောင်ရွက် ထားသည့် ပြည်သူများအကြား COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာ ဗဟုသုတများ ရရှိမှုနှင့် လက်တွေ့အသုံးချနိုင်မှု အခြေအနေများကို အသုံးချ သုတေသနမှ တွေ့ရှိချက်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လူနာလွှဲပြောင်း ပို့ဆောင်မှုတွင် ပါဝင်ဆောင်ရွက်မည့် အစီအစဉ်၊ ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုလုပ်ငန်းများ ဆောင်ရွက် နေမှု၊ COVID-19 ရောဂါဓာတ်ခွဲ စစ်ဆေးမှုဆိုင်ရာ သင်တန်းများ ပြုလုပ်နေမှု၊ ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူမှု၊ လှူဒါန်းလက်ခံရရှိမှု စသည် တို့ကို ဆွေးနွေးကြသည်။
သတင်းစဉ်