
နေပြည်တော် အောက်တိုဘာ ၄
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့နံနက် ၈ နာရီမှစတင်၍ ဗီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပသည့် (၂၄)ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း ကောင်စီအစည်းအဝေး၊ အကြိမ်(၃၀)မြောက် အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများ သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင် တက်ရောက်သည်။
ပါဝင်တက်ရောက်
အစည်းအဝေးများတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၊ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး(၂) H.E. Dato Erywan Pehin Yusof က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
(၂၄)ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းကောင်စီအစည်းအဝေးတွင် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ၊ ကဏ္ဍ အသီးသီးတွင် ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း အခြေပြမြေပုံ အကောင်အထည်ဖော်မှု အခြေအနေများအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြသည်။
အလားတူ အကြိမ်(၃၀)မြောက် အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေးတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါတိုက်ဖျက်ရေး အာဆီယံ၏ ဦးစားပေးလုပ်ငန်းများ၊ (၃၈)ကြိမ်မြောက်နှင့် (၃၉)ကြိမ်မြောက် အာဆီယံနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင်မှုများ အပေါ် ညှိနှိုင်းခဲ့ကြပြီး အဆိုပါ ထိပ်သီးအစည်းအဝေး များသို့ တင်ပြမည့် စာရွက်စာတမ်းများကို အတည်ပြု ခဲ့ကြသည်။
ဆွေးနွေး
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တွင် ၂၀၂၁ ခုနှစ် အာဆီယံ၏ ဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော်မှု၊ အာဆီယံ၏ ပြင်ပဆက်ဆံ ရေးဆိုင်ရာကိစ္စများ၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များနှင့် အာဆီယံ၏ တူညီဆန္ဒ (၅)ချက် အကောင်အထည်ဖော်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံမှ ညှိနှိုင်းရေးမှူး တာဝန်ယူလျက်ရှိသည့် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ပိုမို ခိုင်မာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည့်ကိစ္စ၊ အာဆီယံ-တရုတ် နှစ်(၃၀)ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ရေးကိစ္စ၊ အာဆီယံ ခေါင်းဆောင်များအစည်းအဝေး၏ တူညီဆန္ဒ (၅)ချက် အကောင်အထည်ဖော်ဆောင်လျက်ရှိသည့် အခြေအနေနှင့် အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်၍ နှစ်ဖက်ဆွေးနွေးညှိနှိုင်းလျက် ရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။
အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီးနှင့် အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးများ လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်