မြန်မာ့ပညာရေး နိုင်ငံတကာအဆင့်မီ တိုးတက်မြင့်မားလာစေရေးနှင့် ပညာတတ်များ ပေါများလာစေရေး ဆရာ၊ ဆရာမများအနေဖြင့် ဆက်လက်အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
 

 

ချစ်ကြည်လေးစားအပ်ပါသော ဆရာ ၊ ဆရာမများ ခင်ဗျား 


၂၀၂၁ ခုနှစ် အောက်တိုဘာလ ၅ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အခါသမယ၌ မြန်မာ နိုင်ငံတစ်ဝန်းရှိ ဆရာ၊ ဆရာမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း   ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 


ကမ္ဘာ့ဆရာများနေ့ကို  ၁၉၆၆  ခုနှစ်တွင်   အပြည်ပြည်ဆိုင်ရာ  အလုပ်သမားအဖွဲ့ချုပ်  (ILO) နှင့် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) တို့က ဆရာ၊ ဆရာမများ၏ ဘဝအနေအထား အပေါ် အကြံပြုချက်ကို လိုက်နာကျင့်သုံးသည့် အထိမ်းအမှတ်အဖြစ် ၁၉၉၄ ခုနှစ်မှစတင်၍ နှစ်စဉ် အောက်တိုဘာလ  ၅ ရက်တွင် ကမ္ဘာတစ်ဝန်း၌ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။  မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့ ဆရာများနေ့အခမ်းအနားကို ပညာရေးဝန်ကြီးဌာနကဦးစီး၍ ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၅ ရက်တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ နိုင်ငံတော်အဆင့်ဖြင့် စတင်ကျင်းပခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ဆရာ့ဂုဏ်ကျေးဇူးကို ကြည်ညိုပူဇော်ခဲ့သည့် အစဉ်အလာသည် ရှေးပဝေသဏီကပင် ရှိခဲ့ပြီးဖြစ်ပါသည်။    

                                                   
ပညာအရာတွင် ဧတဒဂ်ရခဲ့သော ရှင်သာရိပုတ္တရာမထေရ်သည် မိမိ၏ဆရာဖြစ်ခဲ့သော ရှင်အဿဇိမထေရ်ကို အလေးအမြတ်ထား၍ ခေါင်းပြုကျိန်းစက်ရာအရပ်၌ “ငါ၏ဆရာ ရှိစေသတည်း” ဟု အာရုံပြု ကျိန်းစက်တော် မူမြဲ ဖြစ်ပါသည်။ ဤကဲ့သို့ ဆရာ့ဂုဏ်ရည်ကို တန်ဖိုးထားပူဇော်ခဲ့သော သာဓကများစွာ ရှိပါသည်။
ဤကမ္ဘာ့ဆရာများနေ့ နေ့ထူးနေ့မြတ်တွင် ကောင်းမြတ်သော မင်္ဂလာတရားတော်နှင့်အညီ ရိုသေ လေးစားထိုက်သူကို ရိုသေလေးစားခြင်း၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်း၊ မိမိတို့အပေါ် ပြုဖူးသော ကျေးဇူးဂုဏ် ကို သိတတ်ခြင်း၊ ထိုကျေးဇူးဂုဏ်ကို အာရုံပြုတုံ့ပြန်ခြင်း၊ ဂုဏ်ပြုခြင်းတို့ကို ပြုလုပ်အပ်ပေသည်။ ဤနေ့ အခါသမယတွင် ဆရာများ၏ဂုဏ်ကျေးဇူးကို ကျွန်ုပ်တို့က အညီအညွတ်လေးစားစွာ ဖော်ထုတ်ချီးကျူး ဂုဏ်ပြုအပ်ပါသည်။


ဆရာတို့သည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော အနာဂတ်နိုင်ငံတော် တည်ဆောက်ကြမည့် တပည့်များ ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည်သတ္တိများ တိုးတက်မြင့်မားရေးအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသူများဖြစ်ပေသည်။ ထို့ကြောင့် “လောကကိုပညာဖြင့် အလှဆင်သူ၊ လောကကို ကရုဏာဖြင့် ဖြေဖျောက်သူ၊ အများအကျိုး ကိုယ်ကျိုးစွန့်၍ ဆောင်ရွက်တတ်သူ ဆရာဟူ၏” ဟု ကမ္ပည်းတင် ဂုဏ်ပြု ခဲ့ကြပေသည်။


ဆရာများသည် လူ့အဖွဲ့အစည်းအတွက် အခြေခံအကျဆုံးသော အသက်မွေးဝမ်းကျောင်းလုပ်ငန်း ကို ရွေးချယ်လုပ်ကိုင်ကြပြီး  စိန်ခေါ်မှု အခက်အခဲများကို   ရင်ဆိုင်ကြုံတွေ့ရသော်လည်း   စိတ်ပျက် အားလျော့ခြင်းမရှိဘဲ လုပ်ဆောင်နိုင်ကြသဖြင့် ဆရာများကို အလေးအနက် ဂုဏ်ပြုတန်ဖိုးထားသောအားဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားများ ကျင်းပပြုလုပ်နေကြခြင်းဖြစ်ပါသည်။


ဆရာများသည် မသိသူကို သိအောင်၊ မတတ်သူကို တတ်အောင်၊ မကျွမ်းကျင်သူကို ကျွမ်းကျင် အောင်၊ မယဉ်ကျေးသူကို ယဉ်ကျေးအောင်၊ မလိမ္မာသူကို လိမ္မာအောင်၊ လမ်းမှားရောက်သူကိုလမ်းမှန်ရောက်အောင်၊ အသိဉာဏ်ပညာပွင့်လင်းအောင် စွမ်းဆောင်ပေးကြရသည့် ပုဂ္ဂိုလ်များ ဖြစ်ပါသည်။ စာကိုလည်းသင် လူကိုလည်းပြင်ကြရမည်မှာ ဆရာ့တာဝန် ဖြစ်ပါသည်။ မိမိတို့၏တပည့်များကို သားသမီး အရင်းပမာ မေတ္တာ၊ ကရုဏာတို့ဖြင့် ပညာပြည့်ဝ နှလုံးလှသူများဖြစ်အောင် ပညာရဲရင့် ပွဲလယ်တင့်သူများ ဖြစ်အောင် ဖန်တီးပုံဖော်ပေးကြသည့် ဂုဏ်ဒြပ်မြင့်မားသော ကျေးဇူးရှင်များပင်ဖြစ်ပါသည်။ 


သို့ဖြစ်ပါ၍ ဆရာများသည် ဆရာ့အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် အတတ်ပညာများ ပြည့်ဝ နေရန် လိုပေသည်။  တပည့်များကို သင်ကြားရင်း မိမိကိုယ်တိုင်လည်း ထပ်မံလေ့လာဆည်းပူးနေရမည် ဖြစ်၍ ဆရာသည် ထာဝရကျောင်းသားကြီးဖြစ်ပေသည်။


ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ နည်းပညာရပ်များသာမက အခြားသော ဘာသာ စကားများကိုလည်း လေ့လာသင်ယူဆည်းပူးရန် လိုအပ်ပေသည်။   ဆရာများအနေဖြင့် သမားရိုးကျ သင်ကြားမှုမှသည် နည်းပညာအခြေပြုသင်ကြားရေးသို့ ပြောင်းလဲသင်ကြားနိုင်ကြရမည်ဖြစ်ပါသည်။ သင်ရိုးညွှန်းတမ်းများကို ခေတ်နှင့်လျော်ညီရေးအတွက်နှင့် အင်တာနက်၊ မိုဘိုင်းဖုန်း၊ ရုပ်မြင်သံကြား၊ ရေဒီယိုအသံလွှင့်စနစ်များ ပေါင်းစပ်အသုံးပြု သင်ကြားရေးအတွက် တိုးမြှင့်ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။


ကျောင်းသား၊ ကျောင်းသူများကလည်း မိမိတို့ရရှိသော အခွင့်အလမ်းများကို အသုံးချလျက် အကျိုး ရှိရှိ သင်ယူလေ့လာကြရန် လိုအပ်ပါသည်။ ပညာရေးတိုးတက်မြင့်မားစေရေးအတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများနှင့် နိုင်ငံတော်အစိုးရတို့က ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရမည်ဖြစ်ပါသည်။


ခေတ်မီပြောင်းလဲလာသော ယနေ့ခေတ်ကာလတွင် စိန်ခေါ်မှုအမျိုးမျိုးကို ကြုံတွေ့နေရပြီဖြစ်သည်။ ဆရာ၊ ဆရာမများ၏ တာဝန်များသည်လည်း  ပိုမိုကြီးမားများပြားလာသည်ကို  တွေ့မြင်ရပေသည်။ ကျောင်းသားလူငယ်များသည် အနာဂတ်တွင် ဗလငါးတန်နှင့်ပြည့်စုံပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် စိတ်ဓာတ်ရှိသူများ၊ ပူးပေါင်းဆောင်ရွက်တတ်သူများဖြစ်လာစေရန် အထူးလိုအပ်လှပေသည်။ 


ကျောင်းသားလူငယ်တို့၏အနာဂတ်စိန်ခေါ်မှုများကိုရင်ဆိုင်နိုင်ရေးအတွက် ဆရာများက စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာဖြင့် သင်ပြလမ်းညွှန်‌ပေးနေသည်မှာ လွန်စွာဝမ်းမြောက် ဂုဏ်ယူဖွယ်ရာ ဖြစ်ပါသည်။


ဆရာများသည် ပညာသင်ကြားပေးရုံသာမက တပည့်များလေးစားလိုက်နာ အတုယူနိုင်အောင် ကျင့်ကြံနေထိုင်ကြရမည်ဖြစ်သည် ။ တပည့်များ လမ်းမှားမရောက်ကြစေရန် မေတ္တာစေတနာဖြင့် ဆုံးမ ဩဝါဒပေးကြရမည်ဖြစ်ပါသည်။ သို့ဖြစ်၍ “ရှေ့ရှုမေတ္တာဂရုဏာနှင့် နာနာကျင်ကျင် အပြစ်မြင်တိုင်း၊ ဝမ်းတွင်မသို ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က ၊ ဆုံးမတတ်သူ ဆရာဟူလော့”ဟု ဆိုခဲ့ခြင်းဖြစ်ပါသည်။ “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ” ဟု အဆိုရှိသည်နှင့်အညီ မိမိတို့တပည့်များ လိမ္မာရေးခြားရှိရန်၊ ပညာတတ်များဖြစ်လာစေရန်   သွန်သင် ညွှန်ပြကာ လမ်းမှန်သို့ပို့ဆောင်ပေးရမည့် တာဝန်လည်းရှိပါသည်။  နိုင်ငံ့သားကောင်းရတနာများကို ထုဆစ် ပုံသွင်းမှုပေးနိုင်သူများမှာလည်း ဆရာများပင် ဖြစ်ပါသည်။ 


ယနေ့အချိန်အခါတွင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးသည် ကမ္ဘာတစ်ဝန်း လူသားများကို အသက် အန္တရာယ်ပြုလျက်ရှိရာ “သတိတမံ ဉာဏ်မြေကတုတ် ပညာစွန်း ချွန်းကဲ့သို့အုပ်” ဆိုသကဲ့သို့ ဘေးအန္တရာယ် အသွယ်သွယ် ကပ်ရောဂါအမျိုးမျိုးတို့ကို ဉာဏ်နှင့်ယှဉ်၍ ကာကွယ်ကြရမည်ဖြစ်ပါသည်။ 
ကျောင်းသားလူငယ်များအား အန္တရာယ်ကင်းပြီး ဘဝလုံခြုံမှုနှင့် အောင်မြင်မှုကို ဖန်တီးနိုင်အောင် လေ့ကျင့်သင်ကြားသွားကြရမည် ဖြစ်ပါသည်။ ထို့ကြောင့် “ ဦးဆောင်ကျော်လွှား ကပ်ဘေးများ၊  အနာဂတ် ပုံဖော်ဆရာများ” ဟု ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ဆရာများနေ့ဆောင်ပုဒ်က ဆိုခဲ့ခြင်းဖြစ်ပါသည်။


ထို့ကြောင့် ထူးချွန်ထက်မြက်၊ ပညာတတ်သော အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရေး အတွက် ဆရာ၊ ဆရာမများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်များ အထူးလိုအပ်လှပေသည်။ တပည့်များ လမ်းမှားမရောက်စေရန်အတွက်လည်း ဆရာ၊ ဆရာမများ၏ မှန်ကန်သော လမ်းညွှန်မှုများ လိုအပ်နေပေ သည်။ မြန်မာ့ပညာရေး နိုင်ငံတကာအဆင့်မီ တိုးတက်မြင့်မားလာစေရေးနှင့်ပညာတတ်များ ပေါများလာ စေရေးအတွက် ဆရာ၊ ဆရာမများအနေဖြင့် ဆက်လက်အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြပါရန် နှင့် ၂၀၂၁ ခုနှစ် ကမ္ဘာ့ဆရာများနေ့ဆောင်ပုဒ်၏ ဦးတည်ချက်နှင့်အညီ “ပညာရေး ပြန်လည်အားကောင်း ရေး ဆရာများက ပဲ့ကိုင်ပေး”  သွားကြပါရန်   ဤကမ္ဘာ့ဆရာများနေ့    နေ့ထူးနေ့မြတ်အခါသမယ၌ အလေးအနက်ထား တိုက်တွန်းအပ်ပါသည်။