ထူးချွန်ထက်မြက်၊ ပညာတတ်သော အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရေးအတွက်  ဆရာ၊ ဆရာမများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်များ အထူးလိုအပ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

 

ချစ်ကြည်လေးစားအပ်ပါသော ဆရာ၊ ဆရာမများ ခင်ဗျား 
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၅ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ ဆရာများနေ့အခါသမယ၌ မြန်မာနိုင်ငံတစ်ဝန်းရှိ ဆရာ၊ ဆရာမများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း  ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 
ကမ္ဘာ့ဆရာများနေ့ကို   ၁၉၆၆ ခုနှစ်တွင်   အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO)နှင့်    ကုလသမဂ္ဂပညာရေး၊   သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) တို့က ဆရာ၊ ဆရာမများ၏ ဘဝအနေ အထားအပေါ် အကြံပြုချက်ကို လိုက်နာကျင့်သုံးသည့် အထိမ်းအမှတ် အဖြစ် ၁၉၉၄ ခုနှစ်မှစတင်၍ နှစ်စဉ် အောက်တိုဘာလ ၅ ရက်တွင် ကမ္ဘာတစ်ဝန်း၌ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။  မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ပညာရေးဝန်ကြီးဌာနက ဦးစီး၍ ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၅ ရက်တွင် ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမ၌ နိုင်ငံတော်အဆင့်ဖြင့် စတင်ကျင်းပခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ဆရာ့ဂုဏ်ကျေးဇူးကို ကြည်ညိုပူဇော်ခဲ့သည့် အစဉ်အလာသည် ရှေးပဝေသဏီကပင် ရှိခဲ့ပြီးဖြစ်ပါသည်။ ပညာအရာ တွင် ဧတဒဂ်ရခဲ့သော ရှင်သာရိပုတ္တရာမထေရ်သည် မိမိ၏ ဆရာဖြစ် ခဲ့သော    ရှင်အဿဇိမထေရ်ကို  အလေးအမြတ်ထား၍  ခေါင်းပြုကျိန်းစက်ရာ အရပ်၌ “ငါ၏ဆရာ ရှိစေသတည်း” ဟု အာရုံပြုကျိန်းစက်တော်မူမြဲ ဖြစ်ပါသည်။ ဤကဲ့သို့ ဆရာ့ဂုဏ်ရည်ကို တန်ဖိုးထားပူဇော်ခဲ့သော သာဓကများစွာ ရှိပါသည်။
ဤကမ္ဘာ့ဆရာများနေ့   နေ့ထူးနေ့မြတ်တွင်  ကောင်းမြတ်သော မင်္ဂလာတရားတော်နှင့်အညီ ရိုသေလေးစားထိုက်သူကို ရိုသေလေးစား ခြင်း၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်း၊ မိမိတို့အပေါ် ပြုဖူးသော ကျေးဇူး ဂုဏ်ကို သိတတ်ခြင်း၊ ထိုကျေးဇူးဂုဏ်ကို အာရုံပြုတုံ့ပြန်ခြင်း၊ ဂုဏ်ပြု ခြင်းတို့ကို ပြုလုပ်အပ်ပေသည်။ ဤနေ့အခါသမယတွင် ဆရာများ၏ ဂုဏ်ကျေးဇူးကို   ကျွန်ုပ်တို့က အညီအညွတ်လေးစားစွာ  ဖော်ထုတ် ချီးကျူးဂုဏ်ပြုအပ်ပါသည်။
ဆရာတို့သည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော အနာဂတ်နိုင်ငံတော် တည်ဆောက်ကြမည့် တပည့်များ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည် သတ္တိများ    တိုးတက်မြင့်မားရေးအတွက်   အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသူများဖြစ်ပေသည်။   ထို့ကြောင့်    “လောကကို ပညာဖြင့် အလှဆင်သူ၊ လောကကို ကရုဏာဖြင့် ဖြေဖျောက်သူ၊ အများအကျိုး ကိုယ်ကျိုးစွန့်၍ ဆောင်ရွက်တတ်သူဆရာဟူ၏” ဟု ကမ္ပည်းတင် ဂုဏ်ပြုခဲ့ကြပေသည်။
ဆရာများသည် လူ့အဖွဲ့အစည်းအတွက် အခြေခံအကျဆုံးသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ရွေးချယ်လုပ်ကိုင်ကြပြီး စိန်ခေါ်မှု အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့ရသော်လည်း စိတ်ပျက်အားလျော့ ခြင်းမရှိဘဲ   လုပ်ဆောင်နိုင်ကြသဖြင့်  ဆရာများကို   အလေးအနက် ဂုဏ်ပြုတန်ဖိုးထားသောအားဖြင့်   ကမ္ဘာ့နိုင်ငံအသီးသီးတွင်   ကမ္ဘာ့ ဆရာများနေ့ အခမ်းအနားများ ကျင်းပပြုလုပ်နေကြခြင်း ဖြစ်ပါသည်။
ဆရာများသည် မသိသူကို သိအောင်၊ မတတ်သူကို တတ်အောင်၊ မကျွမ်းကျင်သူကို ကျွမ်းကျင်အောင်၊ မယဉ်ကျေးသူကို ယဉ်ကျေး အောင်၊ မလိမ္မာသူကိုလိမ္မာအောင်၊ လမ်းမှားရောက်သူကို လမ်းမှန် ရောက်အောင်၊ အသိဉာဏ်ပညာပွင့်လင်းအောင် စွမ်းဆောင်ပေးကြ ရသည့် ပုဂ္ဂိုလ်များ ဖြစ်ပါသည်။ စာကိုလည်းသင် လူကိုလည်း ပြင်ကြ ရမည်မှာ ဆရာ့တာဝန် ဖြစ်ပါသည်။ မိမိတို့၏ တပည့်များကို သားသမီး အရင်းပမာ မေတ္တာ၊ ကရုဏာတို့ဖြင့် ပညာပြည့်ဝ နှလုံးလှသူများဖြစ် အောင် ပညာရဲရင့် ပွဲလယ်တင့်သူများဖြစ်အောင် ဖန်တီးပုံဖော်ပေးကြ သည့် ဂုဏ်ဒြပ်မြင့်မားသော ကျေးဇူးရှင်များပင်ဖြစ်ပါသည်။ 
သို့ဖြစ်ပါ၍ ဆရာများသည် ဆရာ့ အရည်အသွေး၊ စွမ်းဆောင်ရည် နှင့် အတတ်ပညာများ  ပြည့်ဝနေရန်  လိုပေသည်။ တပည့်များကို သင်ကြားရင်း မိမိကိုယ်တိုင်လည်း ထပ်မံလေ့လာဆည်းပူးနေရမည် ဖြစ်၍ ဆရာသည် ထာဝရကျောင်းသားကြီးဖြစ်ပေသည်။
ယနေ့ခေတ်သည်  ပညာခေတ်ဖြစ်သည်နှင့်အညီ  နည်းပညာ ရပ်များသာမက အခြားသော ဘာသာစကားများကိုလည်း လေ့လာ သင်ယူဆည်းပူးရန် လိုအပ်ပေသည်။ ဆရာများအနေဖြင့် သမားရိုးကျ သင်ကြားမှုမှသည် နည်းပညာအခြေပြုသင်ကြားရေးသို့ ပြောင်းလဲ သင်ကြားနိုင်ကြရမည်ဖြစ်ပါသည် ။ သင်ရိုးညွှန်းတမ်းများကို ခေတ်နှင့် လျော်ညီရေးအတွက်နှင့် အင်တာနက်၊ မိုဘိုင်းဖုန်း၊ ရုပ်မြင်သံကြား၊ ရေဒီယိုအသံလွှင့်စနစ်များ ပေါင်းစပ်အသုံးပြု သင်ကြားရေးအတွက် တိုးမြှင့်ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။
ကျောင်းသား၊ ကျောင်းသူများကလည်း   မိမိတို့ရရှိသော   အခွင့် အလမ်းများကို     အသုံးချလျက်    အကျိုးရှိရှိသင်ယူလေ့လာကြရန် လိုအပ်ပါသည်။   ပညာရေးတိုးတက်မြင့်မားစေရေးအတွက်   ဆရာ၊ ဆရာမများ၊   ကျောင်းသား၊  ကျောင်းသူများ၊   မိဘပြည်သူများနှင့် နိုင်ငံတော်အစိုးရတို့က  ဝိုင်းဝန်းကြိုးပမ်း  ဆောင်ရွက်ကြရမည်ဖြစ် ပါသည်။
ခေတ်မီပြောင်းလဲလာသော   ယနေ့ခေတ်ကာလတွင်  စိန်ခေါ်မှု အမျိုးမျိုးကို ကြုံတွေ့နေရပြီဖြစ်သည်။ ဆရာ၊ ဆရာမများ၏ တာဝန် များသည်လည်း ပိုမိုကြီးမားများပြားလာသည်ကို တွေ့မြင်ရပေသည်။ ကျောင်းသားလူငယ်များသည် အနာဂတ်တွင် ဗလငါးတန်နှင့်ပြည့်စုံပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် စိတ်ဓာတ်ရှိသူများ၊ ပူးပေါင်းဆောင်ရွက် တတ်သူများဖြစ်လာစေရန် အထူးလိုအပ်လှပေသည်။ 
ကျောင်းသားလူငယ်တို့၏   အနာဂတ်စိန်ခေါ်မှုများကို   ရင်ဆိုင် နိုင်ရေးအတွက် ဆရာများက စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာဖြင့်    သင်ပြလမ်းညွှန်‌ပေးနေသည်မှာ   လွန်စွာဝမ်းမြောက် ဂုဏ်ယူဖွယ်ရာ ဖြစ်ပါသည်။
ဆရာများသည် ပညာသင်ကြားပေးရုံသာမက တပည့်များလေးစား လိုက်နာအတုယူနိုင်အောင်    ကျင့်ကြံနေထိုင်ကြရမည်ဖြစ်သည်။ တပည့်များ လမ်းမှားမရောက်ကြစေရန် မေတ္တာစေတနာဖြင့် ဆုံးမ ဩဝါဒပေးကြရမည်ဖြစ်ပါသည်။ သို့ဖြစ်၍ “ ရှေးရှုမေတ္တာကရုဏာနှင့် နာနာကျင်ကျင်    အပြစ်မြင်တိုင်း၊   ဝမ်းတွင်မသို   ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ ဆရာဟူလော့”ဟု ဆိုခဲ့ခြင်းဖြစ်ပါသည်။ “ အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာ အပ်ပို့ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ” ဟု အဆိုရှိသည်နှင့်အညီ မိမိတို့ တပည့်များ     လိမ္မာရေးခြားရှိရန်၊     ပညာတတ်များဖြစ်လာစေရန် သွန်သင်ညွှန်ပြကာ  လမ်းမှန်သို့   ပို့ဆောင်ပေးရမည့်   တာဝန်လည်း ရှိပါသည်။ နိုင်ငံ့သားကောင်းရတနာများကို ထုဆစ်ပုံသွင်းမှု ပေးနိုင်သူ များမှာလည်း ဆရာများပင် ဖြစ်ပါသည်။ 
ယနေ့အချိန်အခါတွင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးသည် ကမ္ဘာ တစ်ဝန်း လူသားများကို အသက်အန္တရာယ်ပြုလျက်ရှိရာ “သတိတမံ ဉာဏ်မြေကတုတ် ပညာစွန်းချွန်းကဲ့သို့အုပ်” ဆိုသကဲ့သို့ ဘေးအန္တရာယ် အသွယ်သွယ် ကပ်ရောဂါအမျိုးမျိုးတို့ကို ဉာဏ်နှင့်ယှဉ်၍ ကာကွယ် ကြရမည်ဖြစ်ပါသည်။ 
ကျောင်းသားလူငယ်များအား အန္တရာယ်ကင်းပြီး ဘဝလုံခြုံမှုနှင့် အောင်မြင်မှုကို ဖန်တီးနိုင်အောင် လေ့ကျင့်သင်ကြားသွားကြရမည် ဖြစ်ပါသည်။    ထို့ကြောင့်    “ဦးဆောင်ကျော်လွှား   ကပ်ဘေးများ၊ အနာဂတ်ပုံဖော်ဆရာများ” ဟု ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်က ဆိုခဲ့ခြင်းဖြစ်ပါသည်။
ထို့ကြောင့်     ထူးချွန်ထက်မြက်၊   ပညာတတ်သော   အနာဂတ် မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရေးအတွက် ဆရာ၊ ဆရာမများ၏ အရည်အသွေးနှင့်   စွမ်းဆောင်ရည်များ  အထူးလိုအပ်လှပေသည်။ တပည့်များ လမ်းမှားမရောက်စေရန်အတွက်လည်း ဆရာ၊ ဆရာမ များ၏  မှန်ကန်သော လမ်းညွှန်မှုများ လိုအပ်နေပေသည်။  မြန်မာ့ ပညာရေး  နိုင်ငံတကာအဆင့်မီ   တိုးတက်မြင့်မားလာစေရေးနှင့်  ပညာတတ်များ  ပေါများလာစေရေးအတွက်   ဆရာ၊ ဆရာမများ အနေဖြင့်  ဆက်လက်အားသွန်ခွန်စိုက်  ကြိုးပမ်းဆောင်ရွက်သွား ကြပါရန်နှင့်  ၂၀၂၁ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်၏ ဦးတည် ချက်နှင့်အညီ   “ပညာရေးပြန်လည်အားကောင်းရေး  ဆရာများက ပဲ့ကိုင်ပေး”  သွားကြပါရန်    ဤကမ္ဘာ့ဆရာများနေ့   နေ့ထူးနေ့မြတ် အခါသမယ၌ အလေးအနက်ထား တိုက်တွန်းအပ်ပါသည်။