တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

နေပြည်တော်   အောက်တိုဘာ   ၃


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင်    ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ နှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေး လျက်ရှိသည်။


နေ့စဉ်ထိုးနှံပေးလျက်ရှိ


ထိုသို့ဆောင်ရွက်လျက်ရှိရာ သံဃာတော်များ၊ သာသနာ့နွယ်ဝင်    သီလရှင်များ၊  ဘာသာရေး ခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက် ၅၅ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား  အကျဉ်းသူများ၊  မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါအခံရှိသူများ၊  ကယ်ဆယ်ရေးစခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများ စသည့်  ဦးတည်အုပ်စု  ၁၆ စု သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေးလျက်ရှိသည်။


ဆောင်ရွက်ပေးနိုင်ခဲ့


ယနေ့တွင်လည်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နှင့် သီပေါမြို့တို့၌ ၁၄၆၀၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် မိုင်းတုံမြို့တို့၌  ၉၈၅ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၂ မြို့နယ်တို့၌ ၄၀၀၉ ဦး၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ ၁၄၁၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ  မြို့နယ် ၁၂ မြို့နယ်တို့၌ ၆၀၅၁ ဦး၊ စစ်တွေ မြို့နယ်နှင့် ပေါက်တောမြို့နယ်တို့ရှိ ကယ်ဆယ်ရေး စခန်းများမှ ဘင်္ဂါလီ ၁၀၇၇ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်တို့၌ ၈၄၅၃ ဦးနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခရိုင်အတွင်း၌ ၃၈၂၅၀ တို့ကို တပ်မတော်မှဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊  သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ယင်းသို့         ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည် များ  ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။          

                                 
သတင်းစဉ်