
မန္တလေး အောက်တိုဘာ ၃
သက်သာသောဈေးနှုန်းဖြင့် စက်သုံးဆီရောင်း ချသည့် အရောင်းဆိုင်များအား စက်သုံးဆီ ဈေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့က ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ သိရ သည်။
ပူးပေါင်းဖွဲ့စည်း
စက်သုံးဆီဆိုင်များရောင်းချနေမှုအပေါ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အတွက် စားသုံးသူရေးရာဦးစီးဌာနအား ဦးဆောင်စေ၍ ဖွဲ့စည်းပေးခဲ့ပြီး အဖွဲ့ဝင်များ အဖြစ် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊တိုင်းဒေသကြီးစည်ပင်သာယာရေး အဖွဲ့၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI)တို့နှင့် ပူးပေါင်းဖွဲ့စည်းထားသည်။
“တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တို့ရှိ စက်သုံးဆီဆိုင်တွေကို ရှောင်တခင်ဝင်ရောက် ပြီး သတ်မှတ်ဈေးနဲ့ ရောင်းချမှုရှိ၊ မရှိ၊ အခြင် အတွယ် မှန်ကန်မှုရှိ၊ မရှိတို့ကို မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းကို စက်တင်ဘာ ၂၆ ရက်ကစပြီး ဆောင်ရွက်နေပါတယ်။ စက်သုံး ဆီတွေကို သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေး တဲ့အတွက် ကုန်ဈေးနှုန်းမြင့်တက်မှုကို အထိုက်အလျောက်ကာကွယ်နိုင်မယ်။ စက်သုံး ဆီဟာ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ အဓိက ကျပြီး အခြေခံလုပ်သားတွေ နေ့စဉ် လုပ်ငန်းခွင် သွားလာရာမှာရော၊ ကုန်စည် စီးဆင်းမှုမှာရော၊ ပြည်သူလူထုလူမှုဘဝမှာရော အထိုက်အလျောက် အကျိုးဖြစ်ထွန်းစေပါ တယ်။ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း တွေကို ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဦးက ပြောသည်။
ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းသော စက်သုံးဆီများကို တိုင်းဒေသကြီး၊ ပြည်နယ်များတွင် သက်သာ သောဈေးနှုန်းဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးတွင် စက်သုံးဆီဆိုင်ပေါင်း ၆၅ ဆိုင်၌ ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)