
ဒေါက်တာသန်းနိုင်စိုး
=========
ကာကွယ်ဆေးထိုးနှံခြင်း၏ အရေးကြီးပုံနှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းက
အရေးကြီးပုံနဲ့ ကာကွယ်ဆေးရဲ့ ပေါ်ပေါက် လာပုံ သမိုင်းကြောင်းကို ပြောကြားပေးပါဦး။
ဖြေ။ ။ ကိုဗစ်-၁၉ ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ
ရောဂါကာကွယ်ရေးအတွက် ရေရှည် အကျိုးရလဒ်ရရှိဖို့နဲ့ တစ်ခုတည်းသော ထွက်ပေါက် က ကာကွယ်ဆေးထိုးနှံခြင်း ဖြစ်ပါတယ်။ ကာကွယ် ဆေးတွေ ပေါ်ပေါက်လာတယ်ဆိုတာ ခေတ်ပေါ် ဆေးသိပ္ပံပညာရဲ့ အသီးအပွင့်တွေလို့ ပြောလို့ရပါ တယ်။
ကာကွယ်ဆေးထိုးနှံခြင်း
ကာကွယ်ဆေးတွေက ဘာကြောင့်အရေးပါ လာသလဲဆိုရင် လူသားတွေအနေနဲ့ ကပ်ရောဂါတွေ ကို အခုမှ ရင်ဆိုင်ရတာ မဟုတ်ပါဘူး။ ကိုဗစ်-၁၉ ရောဂါမတိုင်ခင် ကပ်ရောဂါတွေအများအပြား ရင်ဆိုင်ခဲ့ရပါတယ်။ ဒီရောဂါတွေကြောင့် သမိုင်းမှာ လူသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရတာတွေရှိခဲ့ပါတယ်။ အခု ကိုဗစ်-၁၉ ရောဂါကို နောက်ဆုံးကပ်ရောဂါလို့ ပြောလို့မရပါဘူး။ နောက်ထပ်အသစ်ဖြစ်ပေါ်လာနိုင် တဲ့ ကပ်ရောဂါတွေရှိလာနိုင်ပြီး ဒါကို Emerging Infectious Diseases လို့ခေါ်ပါတယ်။ လတ်တလော ဖြစ်ပွားမှုကျဆင်းနေပေမယ့် ပြန်လည်ခေါင်းထောင် လာနိုင်တဲ့ ကူးစက်ရောဂါတွေရှိပြီး ဒါကို Re-emerging Infectious Diseases လို့ ခေါ်ပါတယ်။ ဒီလို Emerging နဲ့ Re-emerging Infectious Diseases တွေရဲ့ သဘောအနေနဲ့ ကပ်ရောဂါအသွင် ဖြစ်ပွားနိုင်ပါတယ်။ ဒီလိုရောဂါတွေ ကပ်ရောဂါ အသွင် ဖြစ်ပွားနိုင်တာကို ဖြေရှင်းနိုင်တဲ့ ထိရောက် တဲ့ စုပေါင်းနည်းလမ်းက ကမ္ဘာလုံးဆိုင်ရာကျန်းမာ ရေး Global Health ဖြစ်ပြီး Global Health လုပ်ငန်းစဉ်ရဲ့ အလွန်အစွမ်းထက်တဲ့လက်နက်က ကာကွယ်ဆေးထိုးနှံခြင်းဖြစ်ပါတယ်။
ကာကွယ်ဆေးတွေ ပေါ်လာတဲ့နေရာမှာ အကျိုးရှိဆုံးနဲ့ အထင်ရှားဆုံး ဥပမာက ကျောက် ရောဂါဖြစ်ပါတယ်။ ကျောက်ရောဂါဖြစ်ပွားရင် ဖြစ်ပွားသူဦးရေရဲ့ သုံးပုံတစ်ပုံအထိ သေဆုံးနိုင်ပြီး ရှင်သန်ကျန်ရစ်ခဲ့သူတွေအနေနဲ့ မျက်နှာမှာ ကျောက်ပေါက်မာတွေ၊ မျက်စိမမြင်တာတွေဖြစ်တာ ရှိတဲ့အတွက် ကပ်ရောဂါဆိုးကြီးတစ်ခုလို့ ပြောလို့ရ ပါတယ်။ ဒီကျောက်ရောဂါကိုလည်း လူသားတွေ က နည်းအမျိုးမျိုးနဲ့ ကာကွယ်ထိန်းချုပ်နိုင်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။
၁၇၉၆ ခုနှစ် မေလမှာ အင်္ဂလိပ်သမားတော် Edward Jenner က နွားခြံက နွားကျောက် ပေါက်ထားသူတွေမှာ လူနဲ့ပတ်သက်တဲ့ ကျောက် ရောဂါတွေ မဖြစ်ဘူးဆိုတာကို စတင်တွေ့ရှိပြီး အသက် ၈ နှစ်အရွယ် James Phipps ကို နွားနို့ညှစ် တဲ့ အလုပ်သမ Sarah Nelms ရဲ့ နွားကျောက် ပေါက်တဲ့အနာက အရည်ကြည်ကိုယူပြီး James Phipps ရဲ့ အရေပြားမှာရှိတဲ့ ပြတ်ရှဒဏ်ရာထဲကို ထည့်ပေးလိုက်ပါတယ်။ နောက်ထပ် ခြောက်ပတ် လောက်ကြာတဲ့အခါမှာ ကျောက်ရောဂါနဲ့ ထိတွေ့ စေတယ်။ ဒါပေမယ့် James Phipps မှာ ကျောက် ရောဂါဖြစ်တာမတွေ့ရပါဘူး။ အဲဒီကနေ ကျောက် ရောဂါကာကွယ်ဆေးကို စတင်တွေ့ရှိခဲ့တာ ဖြစ်ပါ တယ်။ Edward Jenner ရဲ့ တွေ့ရှိမှုက ခေတ်ပေါ် ကာကွယ်ဆေးတွေရဲ့ အစလို့ ပြောလို့ရပါတယ်။ လက်တင်ဘာသာလို နွားမကို Vacca လို့ ခေါ်ပါ တယ်။ Edward Jenner ရဲ့တွေ့ရှိမှုကို ဂုဏ်ပြုပြီး နွားမကနေရတဲ့ ကာကွယ်ဆေးဖြစ်တဲ့အတွက် Vacca ကနေ နောက်ပိုင်းမှာ ကာကွယ်ဆေး Vaccination ဆိုပြီး ဝေါဟာရအသစ် ပေါ်ထွက်လာ တာဖြစ်ပါတယ်။
သိသိသာသာ တိုးတက်ပြောင်းလဲလာ
ကျောက်ရောဂါ ကာကွယ်ဆေးရဲ့ ကောင်းကျိုး တွေကို သိတဲ့အတွက် နိုင်ငံတိုင်းက အစိုးရတွေ အနေနဲ့ ကျောက်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း ကို အားပေးခဲ့ပါတယ်။ ၁၇ နဲ့ ၁၈ ရာစုကြားမှာ ကိန်းဂဏန်းတွေက သိသိသာသာ တိုးတက်ပြောင်း လဲလာခဲ့တယ်။ Edward Jenner ရဲ့ ကာကွယ်ဆေး မပေါ်ခင်ကာလ သက္ကရာဇ် ၁၇၀၀ ကနေ ၁၇၉၇ ခုနှစ်အထိ ကျောက်ရောဂါကြောင့် သေဆုံးနှုန်းက လူတစ်သန်းမှာ ၃၀၀၀ အထိရှိခဲ့ပြီး ၁၈၃၈ ခုနှစ်မှ ၁၈၅၃ ခုနှစ်အတွင်း လူတစ်သန်းမှာ သေဆုံးနှုန်းက ၄၁၇ ဦးပဲရှိပါတယ်။ မဖြစ်မနေကာကွယ်ဆေးထိုးရ မယ်လို့ သတ်မှတ်တဲ့ကာလ ၁၈၅၇ ခုနှစ်မှ ၁၈၆၆ ခုနှစ်အထိ လူတစ်သန်းမှာ သေဆုံးမှုနှုန်းက ၂၁၄ ဦးရှိပါတယ်။ ၁၈၈၉ ခုနှစ်မှ ၁၈၉၈ ခုနှစ်အထိ ကျောက်ရောဂါကာကွယ်ဆေးကို မထိုးမနေရ သတ်မှတ်ပြီး မထိုးရင် အရေးယူတဲ့အတွက် ကျောက်ရောဂါကြောင့်သေဆုံးမှုက လူတစ်သန်းမှာ ၁၀ ဦး ရှိပါတယ်။ ၁၉၈၀ ပြည့်နှစ် ကမ္ဘာပေါ်မှာ ကျောက်ရောဂါ လုံးဝကင်းစင်ပြီလို့ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ကြေညာနိုင်ခဲ့ပါတယ်။ Edward Jenner ရဲ့ ကျောက်ရောဂါကာကွယ်ဆေး စတင် တွေ့ရှိမှုကနေ လူသန်းပေါင်းများစွာရဲ့အသက်ကို ဆက်လက်ကယ်ဆယ်နိုင်ခဲ့ပြီး ကမ္ဘာမြေကြီးပေါ်က နေ ကျောက်ရောဂါ လုံးဝပျောက်ကွယ်သွားတဲ့အဆင့် ထိ ရောက်ရှိလာတာက ကာကွယ်ဆေးရဲ့ အလွန် အောင်မြင်တဲ့ သမိုင်းကြောင်း ဖြစ်ပါတယ်။
မေး။ ။ ကာကွယ်ဆေး အဆင့်ဆင့်ထုတ်လုပ်ပုံကို
ရှင်းပြပေးပါဦး။
ဖြေ။ ။ ဆေးသိပ္ပံပညာရပ်တွေ ပိုပြီးထွန်းကားလာ
တဲ့အခါ ထပ်ပြီးကာကွယ်ဆေးတွေ တွေ့ရှိ လာပါတယ်။ ပြင်သစ်သိပ္ပံပညာရှင် Louis Pasteur က ၁၈၈၀ ပြည့်နှစ်မှာ ကာလဝမ်းရောဂါ၊ ၁၈၈၅ ခုနှစ်မှာ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးတွေကို တွေ့ရှိခဲ့ပါတယ်။ ဆက်လက်ပြီး ကာကွယ်ဆေးတွေ ထွက်ပေါ်လာတာက ကြက်ညှာချောင်းဆိုးရောဂါ (၁၉၁၄ခုနှစ်)၊ ဆုံဆို့နာကာကွယ်ဆေး (၁၉၂၆ ခုနှစ်)၊ မေးခိုင်ရောဂါကာကွယ်ဆေး(၁၉၃၈ခုနှစ်)၊ တုပ်ကွေး ရောဂါကာကွယ်ဆေး(၁၉၄၅ ခုနှစ်)၊ ပါးချိတ်ရောင် ရောဂါ (၁၉၄၈ ခုနှစ်)၊ ပိုလီယိုရောဂါ (၁၉၅၅ ခုနှစ်)၊ ဝက်သက်ရောဂါ(၁၉၆၃ ခုနှစ်)၊ ဂျိုက်သိုးရောဂါ (၁၉၆၉ ခုနှစ်)၊ အသည်းရောင်အသားဝါဘီကာကွယ် ဆေး (၁၉၈၆ ခုနှစ်)၊ ဝမ်းပျက်ဝမ်းလျှောအတွက် ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး (၁၉၈၈ ခုနှစ်)၊ Human Papillomavirus (HPV) ကာကွယ်ဆေး (၂၀၀၆ ခုနှစ်) စသဖြင့် ကူးစက်ရောဂါ တော်တော် များများအတွက် ကာကွယ်ဆေးတွေ ပေါ်ထွက်လာ ပါတယ်။ အချို့ကာကွယ်ဆေးတွေက ကူးစက်ရောဂါ ကာကွယ်ရုံတင်မကဘူး ကင်ဆာရောဂါကိုပါ အကာ အကွယ်ပေးလာနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဥပမာ- အသည်းရောင်အသားဝါဘီကာကွယ်ဆေး က ဘီပိုးကြောင့် အသည်းကင်ဆာဖြစ်တာ၊ HPV ကာကွယ်ဆေးက HPV ပိုးကြောင့် သားအိမ်ခေါင်း ကင်ဆာဖြစ်တာတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။
ကာကွယ်ဆေးဆိုတာ နောက်ဆုံးထွက်ရှိနေတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပါအဝင် မည်သည့်ကာကွယ်ဆေးမဆို ထုတ်လုပ်မှုသုတေသန အဆင့်ပေါင်းများစွာကို ခက်ခက်ခဲခဲဖြတ်ရပါတယ်။ စတင်ထုတ်လုပ်တဲ့ နိုင်ငံအဆင့်မှာ အသိအမှတ်ပြုဖို့ အတော်ခက်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ် အသုံးပြုခွင့် စာရင်းထဲဝင်ဖို့ဆို ပိုပြီးခက်ပါ တယ်။ ကာကွယ်ဆေးထုတ်လုပ်မှု လုပ်ငန်းစဉ်အစ (Preclinical Phase)မှာ တိရစ္ဆာန်တွေနဲ့ စမ်းသပ် လေ့ရှိပါတယ်။ ကာကွယ်ဆေးကြောင့် ထွက်လာတဲ့ ပဋိပစ္စည်းတွေက ရောဂါပိုးရဲ့ ဘယ်အပိုင်းကို တိုက်ခိုက်မလဲ၊ ဘယ် Antigen အပိုင်းကို တိုက်ခိုက် နိုင်မယ့်၊ ပဋိပစ္စည်းထွက်နိုင်မယ့် ဆေးမျိုးဖြစ်ရမလဲ ဆိုတာကို ဓာတ်ခွဲခန်းမှာ တိရစ္ဆာန်တွေနဲ့ အရင် စမ်းသပ်ပါတယ်။
လူဦးရေဆယ်ဂဏန်းလောက်ကို စပြီးစမ်းသပ်
စမ်းသပ်မှုပေါင်း ရာထောင်ချီပြီး စမ်းသပ်လို့ တစ်ခုအောင်မြင်ချင်မှ အောင်မြင်မယ်ဆိုတဲ့ အနေ အထားဖြစ်ပါတယ်။ ဘယ် Antigen ကို တိုက်ခိုက် မယ်၊ ဘယ် Antibody ကို ထွက်အောင်လုပ်မယ် စတင်သိလာပြီ၊ ဘေးကင်းစိတ်ချရမှုလည်း ရှိလာပြီ ဆိုရင် ကာကွယ်ဆေးသုတေသန လုပ်ငန်းစဉ် အဆင့်(၁)အနေနဲ့ လူဦးရေ ဆယ်ဂဏန်းလောက်ကို စပြီး စမ်းသပ်ပါတယ်။ အသက်အရွယ်လည်းငယ်၊ ကျန်းမာရေးလည်း ကောင်းတယ်၊ သန်သန်မာမာကို ရွေးရပါတယ်။ အဆင့်(၁)မှာ အဓိက စမ်းရတာက ကာကွယ်ဆေးရဲ့ စိတ်ချရမှု၊ ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်ကို လှုံ့ဆော်နိုင်စွမ်းတွေရှိပြီဆိုရင် လူမှာ ဘေးကင်းစိတ်ချရမှု ဘယ်လောက်အထိရှိတယ်ဆို တာ စမ်းသပ်ပါတယ်။
ဘေးကင်းစိတ်ချရမှုတွေ ရှိတယ်ဆိုရင် Phase 2 မှာ ဒီထက်ပိုပြီး လူဦးရေရာဂဏန်းဖြစ်လာပါ တယ်။ ဒီအဆင့်မှာ ဘေးကင်းစိတ်ချရမှုအပြင် သူ့ရဲ့ အာနိသင်ထက်မြက်မှုကို စမ်းသပ်ပါတယ်။ ဆေးပေး တဲ့ အုပ်စု၊ ဆေးမပေးတဲ့အုပ်စု ဒီလိုထားပြီး စမ်းသပ် ပါတယ်။ ဆေးအာနိသင်အရ အောင်မြင်မှုတွေရလာ တယ်။ ဘေးအန္တရာယ်ကင်းရှင်းမှုရှိတယ်ဆိုရင် နောက်တစ်ဆင့်အနေနဲ့ Phase 3 ကို စမ်းရပါတယ်။
အဲဒီမှာ နေရာဒေသမတူညီတဲ့၊ နိုင်ငံတွေ မတူညီတဲ့ လူဦးရေထောင်ပေါင်းများစွာပါတယ်။ ဒီလိုသုတေသနမျိုးမှာ အချို့ကို ကာကွယ်ဆေးထိုး တယ်၊ အချို့ကို ဆေးတော့ထိုးတယ်၊ ဒီကာကွယ် ဆေးတော့မဟုတ်ဘူး။ ဆေးထိုးခံရတဲ့သူကလည်း ကိုယ့်ကို ကာကွယ်ဆေးထိုးသလား၊ အခြားဆေး ထိုးသလားမသိဘူး။ သုတေသနလုပ်တဲ့ ပညာရှင်က လည်း ဘယ်သူ့ကို ဘယ်ဆေးထိုးမှန်းမသိဘူး။ ဘယ်သူ့ကို ဘယ်ဆေးပေးမယ်ဆိုတဲ့ ကိစ္စကို Randomize လုပ်ထားလို့ ဘယ်သူမှ မသိနိုင်ပါဘူး။ အချို့သုတေသနတွေမှာ ကိန်းဂဏန်းအချက်အလက် တွေကို ဆန်းစစ်ပေးတဲ့သူကိုယ်တိုင်တောင် မသိပါ ဘူး။ ဒီလိုအဆင့်ဆင့် တော်တော်ခက်ခက်ခဲခဲ လုပ်ရပါတယ်။ အဆင့်ဆင့်တိုင်းကို လျှို့ဝှက်စွာနဲ့ သုတေသနအဆင့်ဆင့်လုပ်ရပါတယ်။ ဒီလို Phase 3 ဆောင်ရွက်ပြီး အောင်မြင်မှ ဒီသုတေသန တွေ့ရှိချက် တွေကို သက်ဆိုင်ရာ နိုင်ငံရဲ့ FDA (သို့မဟုတ်) National Regulatory Authority က ကြည့်ပြီး နိုင်ငံအတွင်းမှာ အရင်ဆုံးခွင့်ပြုပါတယ်။ P စာမျက်နှာ ၁၆ မှ
နိုင်ငံရဲ့ ခွင့်ပြုချက်ကိုရပြီဆိုမှ ဒီအထောက် အထားတွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို တင်ရပါ တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှာ ကျွမ်းကျင်ပညာ ရှင်တွေ ပါဝင်တဲ့အဖွဲ့ Strategic Advisory Group of Experts on Immunization (SAGE)က ထပ်ပြီး အခါခါ Review လုပ်ပါတယ်။ ကျေနပ်မှုရှိမှ အရေးပေါ်အသုံးပြုခွင့်စာရင်း WHO ရဲ့ Emergency Use List ထဲကို ထည့်ပြီး အသုံးပြုခွင့်ပေးပါတယ်။ ဒီတော့ ကာကွယ်ဆေးတစ်ခုအနေနဲ့ ဒီအရေးပေါ်အသုံးပြုခွင့်စာရင်းထဲပါဖို့က အလွန်ခက်ခက်ခဲခဲနဲ့ အဆင့်ပေါင်းများစွာ ဖြတ်သန်းရတာဖြစ်ပါတယ်။ ဒီလို အဆင့်ဆင့်ကျော်ဖြတ်ပြီးတာတောင် ဆက်လက် ပြီး ကာကွယ်ဆေးတွေရဲ့ ဘေးကင်းလုံခြုံမှု၊ အာနိသင်ထက်မြက်မှုနဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ် တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဆန်းစစ် ကြီးကြပ်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။
ကာကွယ်ဆေးရဲ့ ကောင်းကျိုး
လက်ရှိထိုးနှံနေတဲ့ ကာကွယ်ဆေး Covishield၊ Sinovac နဲ့ Sinopharm တွေက ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အရေးပေါ်အသုံးပြုခွင့်ပေးထားတဲ့ဆေး တွေဖြစ်ပြီး စိတ်ချလက်ချ ထိုးနှံဖို့လိုပါတယ်။ ဆေးရုံ တက်ရောက်ရမှု၊ ရောဂါပြင်းထန်မှုတွေက အခုလို “ဒယ်လ်တာ” ဖြစ်တဲ့အချိန်မှာ သိသိသာသာ လျှော့ချ နိုင်တဲ့အတွက် ကာကွယ်ဆေးရဲ့ ကောင်းကျိုးတွေက အများကြီးဖြစ်ပါတယ်။
မေး။ ။ လူမှုကွန်ရက်စာမျက်နှာမှာ ကာကွယ်
ဆေးတွေနဲ့ဆိုင်တဲ့ သတင်းအမှားတွေ အမျိုးမျိုး ထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး ပြောကြားပေးပါ။
ဖြေ ။ ကာကွယ်ဆေးတွေရဲ့ သတင်းအမှားနဲ့
ပတ်သက်ပြီး ဆေးသုတေသနပညာရှင် လောကမှာ လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့တဲ့ အဖြစ်အပျက်တစ်ခုရှိပါတယ်။ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးတွေကို ၁၉၉၈ ခုနှစ် မှာ အင်္ဂလန်က သုတေသနပညာရှင်တစ်ယောက်က Lancet ဆိုတဲ့ နာမည်ကြီးဆေးပညာဂျာနယ်မှာ ရေးလိုက်တယ်။ ဒီကာကွယ်ဆေးကို ထိုးထားရင် ကလေးတွေမှာ ဦးနှောက်အာရုံကြောဖွံ့ဖြိုးမှုအားနည်းတဲ့ရောဂါ Autism နဲ့ပတ်သက်တဲ့ ရောဂါ တစ်ခုခု ဖြစ်ပွားနိုင်ပြီး အူမကြီးရောင်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်တယ်ဆိုပြီး ရေးလိုက်ပါတယ်။
အမှားတွေကို မယုံကြည်ဖို့လို
သူတို့နိုင်ငံတွေမှာ ကာကွယ်ဆေးနဲ့ပတ်သက် ပြီး လက်မခံတဲ့သူတွေရှိတဲ့အတွက် ဒီကာကွယ်ဆေး နဲ့ပတ်သက်ပြီး ဆိုးကျိုးတွေကို ပုံကြီးချဲ့ပြီးပြောကြပါ တယ်။ မီဒီယာတွေကလည်းပြောကြတော့ အားလုံး က စိုးရိမ်သွားကြပါတယ်။ တကယ်တမ်း ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးဆိုတာ ကိုယ်ဝန်ဆောင် တွေနဲ့ ကလေးငယ်တွေအတွက် အလွန်ကောင်းတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။ နောက်ဆုံးကမ္ဘာတစ်ဝန်း မှာရှိတဲ့ သုတေသနအချက်အလက်တွေကို စုစည်း ပြီး ဒီလိုဆိုးကျိုးတွေဖြစ်တာ မဟုတ်ဘူးဆိုပြီး ပြန်ရှင်းလင်းရပါတယ်။ နောက်ဆုံး Lancet ဂျာနယ် ကလည်း ဂျာနယ်ထဲမှာ ဖော်ပြပြီးသားစာတွေကို ပြန်ဖြုတ်သွားရပါတယ်။ ရေးသားတဲ့သုတေသန ပညာရှင်လည်း မကောင်းဘူးဖြစ်သွားပါတယ်။ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ ကောလာဟလဆိုတာ အခုမှ ထွက်တာမဟုတ်ပါဘူး။ ဒါကြောင့် သတင်း အမှားတွေကို မယုံကြည်ဖို့လိုပါတယ်။
နိုင်ငံတကာမှာ နိုင်ငံခေါင်းဆောင်တွေ အပါအဝင် လတ်တလောပြောဆိုနေကြတာက လက်ရှိဖြစ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါက ပုံစံပြောင်း သွားပြီလို့ဆိုပါတယ်၊ “the only pandemic among the unvaccinated” ဆိုပြီးဖြစ်ပါတယ်။ ကာကွယ်ဆေးမထိုးထားတဲ့သူတွေဆီမှာ ကပ်ရောဂါ ပြင်းပြင်းထန်ထန်ဖြစ်ပွားမှုတွေများတယ်၊ ကာကွယ် ဆေးထိုးထားသူတွေဆီမှာ ကပ်ရောဂါက သိပ်ပြင်း ပြင်းထန်ထန်မဖြစ်တော့ဘူးလို့ဆိုတဲ့ သဘောကို တင်စားပြီးပြောတာဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာရရှိနေတဲ့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတွေက ပထမအဆင့် ထုတ်လုပ်တဲ့ နိုင်ငံရဲ့ FDA/ NRA အသိအမှတ်ပြုထားခြင်း၊ ဒုတိယ အဆင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ်အသုံးပြု ခွင့် စာရင်းထဲမှာပါဝင်ခြင်း၊ တတိယအဆင့် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနရဲ့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အသိအမှတ် ပြုခြင်းတွေ ရရှိထားတဲ့အပြင် ကမ္ဘာအနှံ့ နိုင်ငံပေါင်း များစွာမှာ လူသန်းပေါင်းများစွာကို ထိုးနှံပြီးတာဖြစ် တဲ့အတွက် ဘေးကင်းစိတ်ချရမှုနှင့် အာနိသင် ထက်မြက်မှုတွေရှိတဲ့အတွက် ယုံယုံကြည်ကြည်နဲ့ ထိုးနှံမှုခံယူသင့်ပါတယ်။
မျိုးဗီဇပြောင်းတာတွေ လျော့သွား
ကာကွယ်ဆေးထိုးနှံခြင်းသည် ရေရှည်မှာ ဒီရောဂါအန္တရာယ်မှ ကင်းဝေးမှာဖြစ်ပြီး လူတိုင်းမှာ ရောဂါကို တုံ့ပြန်နိုင်တဲ့ကိုယ်ခံအားတွေ၊ ပဋိပစ္စည်း တွေရှိနေရင် ရောဂါက ကူးချင်သလို ကူးလို့မရတော့ ပါဘူး။ မျိုးဗီဇပြောင်းတာတွေ လျော့သွားမယ်။ ဒီတော့ကာကွယ်ဆေး လွှမ်းခြုံမှုအားကောင်းဖို့ လိုပါတယ်။ အခုလို နိုင်ငံတော်က အခမဲ့ထိုးနှံပေးနေ တဲ့အချိန်မှာ ကိုယ့်အလှည့်ရောက်ပြီဆိုတာနဲ့ မပျက် မကွက် အကြိမ်ပြည့်ထိုးနှံခြင်း ခံယူသင့်ပါတယ်။
ကျန်မာရေးဝန်ကြီးဌာနက နောက်ထပ် ကာကွယ်ဆေးထိုးနှံဖို့ လူအုပ်စုတွေကို တိုးချဲ့ပြီး စက်တင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ထားတာရှိပါ တယ်။ အသက် ၅၅ နှစ်အထိ အသက်အုပ်စုကို လျှော့ချပြီး မသန်စွမ်းသူတွေအုပ်စု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက တပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်တွေအုပ်စု၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ လူအုပ်စု၊ နာတာရှည်နှင့် မကူးစက်နိုင်သောရောဂါရှိသူများအုပ်စုတွေကို တိုးချဲ့ ကြေညာထားပါတယ်။
မပျက်မကွက် အကြိမ်ပြည့်ထိုးနှံကြ
ဒါကြောင့် ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့်ထိုးနှံကြပါ။ ဆေးထိုးစုရပ်ကို လာတဲ့ အခါမှာ မှတ်ပုံတင် သို့မဟုတ် သက်သေခံနိုင်တဲ့ အထောက်အထားတစ်ခုခု ယူသွားဖို့ မမေ့ပါနဲ့။ ပထမအကြိမ်ထိုးပြီးသူတွေက ဒုတိယအကြိမ် မဖြစ်မနေလာထိုးကြပါ။ ဒုတိယအကြိမ်ကို သတ်မှတ်ရက် အတိအကျ မထိုးနှံနိုင်ပါကလည်း အနီးဆုံးသတ်မှတ်ကာလအတွင်း နီးစပ်ရာ ကာကွယ် ဆေးထိုးစုရပ်များသို့ သွားရောက်ထိုးနှံခြင်းခံယူ ကြပါ။ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးပါက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပေးတဲ့ QR Code ပါသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး မှတ်တမ်းကတ်ပြားများကို မပျောက်ပျက်အောင် သိမ်းထားပေးကြပါလို့ တင်ပြလိုက်ရပါတယ်။ ကျေးဇူးတင်ပါတယ်။
n