
ဗန်းမောက် စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်၌ အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်း နေမှုကြောင့် ချောင်းများတွင် ရေကြီးရေလျှံဖြစ်ပေါ်ကာ လူသုံးဦးသေဆုံးခဲ့ပြီး မော်တော် ယာဉ်တစ်စီးရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၇ ရက်မှစ၍ စက်တင်ဘာ ၂၁ရက်ထိ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းနေသောကြောင့် တောင်ကျချောင်းများမှာ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာ စက်တင် ဘာ၂၁ရက် ညနေ ၃နာရီက ပေပင်ချောင်း၌ ဆီသယ်ဘောက်ဆာ ၁၂ဘီးယာဉ် တစ်စီး ချောင်းဖြတ်ကူးစဉ် ရေနစ်မြုပ်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာ လွတ်မြောက်ခဲ့ကြောင်း၊ ကုန် ပို့သွားလာနေကြသော ကားကြီး ကားငယ်များမှာ ချောင်းရေအကျကို စောင့်ဆိုင်းကာ ည ၇ နာရီမှ ဖြတ်ကူးခဲ့ကြရကြောင်း သိရသည်။ ထို့ပြင် ယင်းနေ့ ညနေ ၃ နာရီခွဲခန့်၌ ဗန်းမောက်ချောင်းရေကြီးရေလျှံမှုဖြစ်နေချိန် ချောင်းတစ်ဖက်ကမ်းမှရွှေကျင်၍ တဲသို့ ပြန်လာကြသော ကန့်ဘလူမြို့နေ ယဉ်မင်းဦး (၁၈ နှစ်)၊ ဗန်းမောက်မြို့နယ် မံလူ ကျေးရွာနေ ထွန်းထွန်းလွင် (၂၀ နှစ်)နှင့် သရက်ကုန်းကျေးရွာနေ ထက်ဝေစိုး (၁၈ နှစ်) တို့သည် ညနေ ၃ နာရီခန့်တွင် ချောင်းကို ဖြတ်ကူးနေစဉ် တောင်ကျရေ တစ်ရှိန်ထိုးစီးဆင်းလာသောကြောင့် ရေထဲမျောပါ သေဆုံးသွားသည်။
ယခုနှစ်မိုးရာသီတွင် ဗန်းမောက်မြို့နယ်၌ ရေကြီးရေလျှံမှု သုံးကြိမ် ဖြစ်ပေါ်ခဲ့ရာ လူများသေဆုံးခဲ့ပြီး အိမ်ရှိပစ္စည်းများ၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များ ရေထဲမျောပါကာ စိုက်ပျိုးထားသောစပါးခင်းနှင့်အခြားသီးနှံပင်များ ရေနစ်မြုပ်ခံရပြီး ပျက်စီးဆုံးရှုံးမှုများ များစွာ ရှိခဲ့ကြောင်း သိရသည်။
လှိုင်ဘွား (ဗန်းမောက်)