
နေပြည်တော် စက်တင်ဘာ ၂၁
မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၁၇ ဦးသည် မိမိနိုင်ငံသို့ ပြန်လည်ထွက်ခွာရန်အတွက် ဆောင်ရွက်ခဲ့စဉ် ငွေကြေးလိမ်လည်ခြင်းခံရပြီး နေရပ်သို့ ပြန်နိုင်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိရာ အဆိုပါနိုင်ငံသားများအား နိုင်ငံတော်မှ ကုန်ကျစရိတ် ကျခံ၍ အမြန်ဆုံး ပြန်လည်ခေါ်ယူနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၆ ရက်တွင် ပြုလုပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၁)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး၌ လမ်းညွှန် မှာကြားခဲ့သည်။
မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲဖြစ်ပေါ် ခဲ့သော အဆိုပါ မြန်မာနိုင်ငံသား ၁၇ ဦး အမြန်ဆုံး နေရပ်ပြန်နိုင်ရေးအတွက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံး တို့မှ တာဝန်ရှိသူများက မလေးရှားနိုင်ငံမှ ဌာန ဆိုင်ရာများနှင့် လိုအပ်သည့် ညှိနှိုင်းစစ်ဆေးမှုများ ပြုလုပ်၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ၎င်းတို့အား လိုအပ်သည့်ဆေးစစ်မှုများ ဆောင်ရွက်ခဲ့ရာတွင် ၎င်းတို့ ၁၇ ဦးအနက် ၁၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုခံထားရကြောင်း တွေ့ရှိရပြီး ပိုးကူးစက်မှု မတွေ့ရှိရသည့် သုံးဦးအား စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ မြန်မာလေကြောင်းလိုင်း၏ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ညနေ ၄ နာရီခွဲခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ရောက်ရှိခဲ့သည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည့် ၁၄ ဦးအား ၎င်းတို့နေထိုင်ရာများ၌ သီးခြားစောင့်ကြပ်ကြည့်ရှု ခြင်းများ ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ၁၈ ရက်တွင် လိုအပ်သည့် ရောဂါစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရောဂါပြန်လည်ပျောက်ကင်းခဲ့သဖြင့် စက်တင်ဘာ ၂၀ ရက်တွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း လိုင်း (MAI)၏ ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာ နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ညနေ ၄ နာရီခွဲခန့် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။
ပြည်ပနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် အခက်အခဲရှိသူများကို နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သည့် ကူညီကယ်ဆယ်မှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် မိမိတို့၏နေရပ်များသို့ ပြန်လည် ဝင်ရောက်လိုပါက သက်ဆိုင်ရာသံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင် ကြောင်း သိရှိရသည်။
သတင်းစဉ်