အမေရိကန်မောင်းသူမဲ့လေယာဉ်ဖြင့် မှားယွင်းတိုက်ခိုက်မှုကြောင့် အာဖဂန်အရပ်သားများသေဆုံးမှုအပေါ် အမေရိကန်တပ်ဖွဲ့ဝန်ခံပြောကြား

ဝါရှင်တန်  စက်တင်ဘာ  ၁၉ 


အမေရိကန်တပ်ဖွဲ့က   လွန်ခဲ့သောလ အတွင်း အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ စစ်သွေးကြွများအား မောင်းသူမဲ့လေယာဉ် ဖြင့်ပစ်ခတ်ခဲ့ရာ  အရပ်သားများအား မှားယွင်းစွာထိမှန်ခဲ့ခြင်းအပေါ် ယမန်နေ့ က ဝန်ခံပြောကြားသည်။ 


သြဂုတ် ၂၉ ရက်က   ကဘူးလ်မြို့ အတွင်း    မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုတွင် အရပ်သားများသေဆုံး ခဲ့ခြင်းအပေါ် အမေရိကန်ဗဟိုစစ်ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖရန့်မက်စ် ကန်ဇီက သတင်းထောက်များအား ယမန် နေ့တွင် ရှင်းလင်းပြောကြားသည်။ 
အဆိုပါတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံး သွားသည့် အာဖဂန်အရပ်သားများ၏ မိသားစုဝင်များအား  လျော်ကြေးငွေများ ပေးအပ်သွားရန် စီစဉ်လျက်ရှိကြောင်းနှင့် ယင်းသို့မှားယွင်းစွာ  ထိမှန်သွားခဲ့ခြင်း အတွက်     တောင်းပန်ပါကြောင်း ဗိုလ်ချုပ်ကြီး ဖရန့်မက်စ်ကန်ဇီက ဆိုသည်။


မြို့တော်ကဘူးလ်ရှိ  လူနေရပ်ကွက် တစ်ခု၌ အိုင်အက်စ်စစ်သွေးကြွအဖွဲ့ဝင်များအား    သယ်ဆောင်လာသည်ဟု ယုံကြည်ရသည့် မော်တော်ယာဉ်တစ်စီးကို မောင်းသူမဲ့လေယာဉ်ဖြင့်  တိုက်ခိုက်ခဲ့ ကြောင်း     ပင်တဂွန်စစ်ဌာနချုပ်က ပြောသည်။ ယင်းသို့ မှားယွင်းစွာပစ်ခတ် တိုက်ခိုက်ခဲ့မှုအပေါ်   မီဒီယာများက   သတင်းများဖော်ပြခဲ့ပြီးနောက် အမေရိကန် တပ်ဖွဲ့က အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး  စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်။ 


အဆိုပါမော်တော်ယာဉ်မောင်းနှင်လာသူနှင့် စစ်သွေးကြွအဖွဲ့တို့သည် လုံးဝ ဆက်နွှယ်မှုမရှိကြောင်း  စစ်ဆေးတွေ့ရှိခဲ့ သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အောစတင်းက ၎င်း၏  ထုတ်ပြန် ချက်တွင် ရေးသားထားသည်။ 


အဆိုပါဖြစ်စဉ်ဖြစ်ပျက်ခဲ့ပြီးနောက် ယင်းကဲ့သို့  တိုက်ခိုက်မှုများကို  တိကျ သေချာစွာ    စုံစမ်းစစ်ဆေးပြီးမှသာ ဆောင်ရွက်ရန်   ညွှန်ကြားထားပြီးဖြစ် ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အောစတင်းက ဆိုသည်။ 


အမေရိကန်တပ်ဖွဲ့ဝင်များ  အာဖဂန် နစ္စတန်နိုင်ငံမှ  ပြန်လည်ဆုတ်ခွာသွားခဲ့ သည့်တိုင် နိုင်ငံအတွင်းရှိ  အကြမ်းဖက် သမားများအား   တိုက်ခိုက်ချေမှုန်းရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဦးဆောင် သည့် အစိုးရအဖွဲ့က  ကတိပြုပြောကြား ခဲ့သည်။  သို့သော်  အမေရိကန်တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားခဲ့သည့်အတွက်  အာဖဂန် နစ္စတန်နိုင်ငံအတွင်းရှိ အကြမ်းဖက်သမား များနှင့်ပတ်သက်သည့်   သတင်းများ စုဆောင်းရရှိမှုတွင်   အခက်အခဲများ ဖြစ်ပေါ်စေကြောင်း   ကျွမ်းကျင်ပညာရှင် များက ဆိုသည်။   


ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်