ကိုဗစ်-၁၉ အခက်အခဲအကျပ်အတည်းကာလကို အခွင့်အလမ်းကောင်းအဖြစ် ဖန်တီးခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ အွန်လိုင်းဈေးကွက်

 

ထွန်းကျော်

အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက် ပျံ့နှံ့လျက်ရှိတဲ့အတွက်ကြောင့်   လူထုလှုပ်ရှားမှု ဆိုင်ရာကန့်သတ်ချက်များ ဆက်လက်ထားရှိခြင်း က  များစွာသော   စီးပွားရေးလုပ်ငန်းများကို ရပ်နားပိတ်သိမ်းမှုတွေ ဖြစ်စေပါတယ်။ သို့သော် လည်း လူထုလှုပ်ရှားမှုများ ကန့်သတ်ထားခြင်းက များစွာသောလူငယ်တွေကို   အိုးမကွာအိမ်မကွာ စီးပွားရေးလုပ်ငန်းတွေလုပ်စေဖို့ အခွင့်အလမ်း ကောင်း‌တွေ  ဖန်တီးပေးလိုက်သလို   ဖြစ်စေပါ တယ်။
အရောင်းသွက်ပြီးဝယ်လိုအားများ
အင်ဒိုနီးရှားနိုင်ငံ ဘန်တန်ပြည်နယ် တန်ဂျီရန် မြို့မှာအခြေစိုက်တဲ့ အအေးခံတရုတ်နံနံဖျော်ရည် လုပ်ငန်းပိုင်ရှင် နာသာနီယာ ဆာယာနာက သူ့ရဲ့ လုပ်ငန်းကို လွန်ခဲ့တဲ့နှစ်နှစ်က စတင်ခဲ့တာ ဖြစ်ပါ တယ်။ 
သူဟာအရင်တုန်းက နံနံဖျော်ရည်ကို ခုံမင်စွာ သုံးဆောင်သူတစ်ဦးလည်း   ဖြစ်ပါတယ်။   နံနံ ဖျော်ရည်ဟာ  အင်ဒိုနီးရှားနိုင်ငံမှာ   ကျန်းမာရေး ဖျော်ရည်အဖြစ်  အရောင်းသွက်ပြီး   ဝယ်လိုအား များနေပါတယ်။
ဝင်ငွေနှစ်ဆသုံးဆလောက်မြင့်တက်လာ  
အထူးသဖြင့် ကိုဗစ်-၁၉   စတင်ဖြစ်ပွားချိန် ကတည်းက ဖြစ်ပါတယ်။ ‘‘ကိုဗစ်-၁၉ အကြိုကာလ နဲ့ နှိုင်းယှဉ်ရင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားချိန်မှာ ကျွန်မတို့ရဲ့ ဝင်ငွေဟာ နှစ်ဆ သုံးဆလောက် မြင့် တက်လာတယ်”လို့ ဆာယာနာက ပြောပါတယ်။ 
နောက်ထပ်       ပိုမိုရောင်းအားကောင်းဖို့ ဆာယာနာဟာ သူ့ရဲ့  ဖောက်သည်တွေကို   လူမှု မီဒီယာကတစ်ဆင့် လက်ဆောင်ပစ္စည်းတွေလည်းပေးလိုက်ပါသေးတယ်။ သူ့ရဲ့  ရောင်းကုန်အထုပ် တွေကို ပို့ခအခမဲ့နဲ့တောင် ပို့ပေးလိုက်ပါတယ်။
အွန်လိုင်းလက်ဆောင်ပစ္စည်းပုံးလေးတွေ ရောင်းချ 
တန်ဂျီရန်မြို့    ဂါဒင်ဆာပွန်ဒေသမှာရှိတဲ့ ကော်ဖီဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်တဲ့   အန်တိုနီ စထရိုင်ဖီက လွန်ခဲ့တဲ့နှစ်   ခရစ္စမတ်အတွင်းမှာ အွန်လိုင်းက လက်ဆောင်ပစ္စည်းပုံးလေးတွေကို စတင်ရောင်းချခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက စပြီး  ဘာသာရေးပွဲတော်ဆိုင်ရာ   လက်ဆောင် ပစ္စည်းလေးတွေနဲ့ ရောဂါခြေချုပ်နဲ့ နေထိုင်ရမယ့် သူတွေအတွက်   လိုရမယ်ရ   ပစ္စည်းပုံးလေးတွေ ဖန်တီးပြီး ရောင်းချပေးတာတွေကို   ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။
အွန်လိုင်းရောင်းချမှုဟာ လျင်မြန်စွာဖွံ့ဖြိုးလာ 
လက်ဆောင်ပစ္စည်းပုံးလေးတွေထဲမှာ ကော်ဖီ နဲ့ လက်ဖက်ရည်     စားသောက်ကုန်လေးတွေ၊ ကွတ်ကီးတွေ၊  စထရိုင်ဖီကလုပ်ထားတဲ့   တခြား ပက်စ်ထရီမုန့်တွေ ပါဝင်ပါတယ်။
‘‘ဒီနှစ်မှာတော့ ကျွန်တော်တို့ရဲ့ အွန်လိုင်းရောင်းချ မှုဟာ လျင်မြန်စွာဖွံ့ဖြိုးလာပါတယ်။ အခုချိန်မှာဆိုရင် လက်ဆောင်ပစ္စည်းပုံးတွေရောင်းချရတဲ့ ဝင်ငွေဟာ ကော်ဖီဆိုင်တစ်ခုလုံး   ဝင်ငွေရဲ့   ထက်ဝက်လောက် ရှိပါတယ်”လို့ စထရိုင်ဖီက ပြောပါတယ်။ 
ပြိုင်ဘက်ကင်းထုတ်ကုန်ဖြစ် 
နောက်တစ်ယောက်ကတော့    ကြက်သွန်ဖြူ ထောပတ်ဟင်းအမယ်တစ်မျိုး ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းပိုင်ရှင် ဗီနာပါမာတာဆရီ ဖြစ်ပါတယ်။ သူ့ လုပ်ငန်းကိုလည်း ဘန်တန်ပြည်နယ် တန်ဂျီရန်မြို့ မှာပဲ အခြေစိုက်ထားပါတယ်။ လွန်ခဲ့တဲ့နှစ် မေလက သူ့လုပ်ငန်းကို စတင်ခဲ့ပါတယ်။ နိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ဖြစ်ပွားပြီး နှစ်လအကြာမှာ ဖြစ်ပါတယ်။
ပထမဆုံး အသင့်စား   ကြက်သွန်ဖြူထောပတ် ဟင်းကို  စတင်လုပ်ကိုင်ခဲ့ချိန်မှာ   အဲဒီလိုပုံစံတူ ထုတ်လုပ်တဲ့ ယှဉ်ပြိုင်သူ ဈေးကွက်ထဲမှာ မရှိသေး ပါဘူး။ အဲဒီ ထုတ်ကုန်ဟာ  အင်ဒိုနီးရှားနိုင်ငံမှာ ပြိုင်ဘက်ကင်းပါတယ်။   အိမ်ချက်လက်ရာအတွက်   ပြီးပြည့်စုံတဲ့ ဟင်းအမယ်တစ်ခုဖြစ်ပြီး ဟင်းအများ ကြီးနဲ့လည်း လိုက်ဖက်ပါတယ်။ 
ရောင်းအားမြင့်တက်လာ 
ပါမာတာဆရီရဲ့အပြောအရ သူရဲ့ရောင်းချမှုဟာ လွန်ခဲ့တဲ့နှစ် ဇွန်၊ ဇူလိုင်ကာလနဲ့  နှိုင်းယှဉ်ကြည့် မယ်ဆိုရင် တစ်နှစ်ပြီးတစ်နှစ် သိသိသာသာကို ၂၀ ရာခိုင်နှုန်းလောက်မြင့်တက်ခဲ့တယ်လို့ ပြောပါတယ်။
ဇူလိုင်လအစောပိုင်းကတည်းက ချမှတ်ကျင့်သုံး နေတဲ့ အများပြည်သူကန့်သတ်ပိတ်ဆို့မှုကာလမှာ လုပ်ငန်းဝင်ငွေတိုးလာတယ်လို့ပဲ မှတ်ယူခဲ့တယ်လို့ သူက ပြောပါတယ်။ အဲဒီလိုအခြေအနေမှာ လူတွေ အိမ်ထဲမှာပဲနေကြရပြီး အွန်လိုင်းဈေးဝယ်မှုတွေကို ပိုမိုပြုလုပ်ကြပါတယ်။
ကိုဗစ်-၁၉ကြောင့် စီးပွားရေး အမြတ်ထွက် 
‘‘အခုချိန်ထိကတော့ ကိုဗစ်-၁၉ ကပ်ရောဂါက ကျွန်မရဲ့  စီးပွားရေးလုပ်ငန်းကို   အမြတ်ပေါ်စေပါ တယ်။ ကျွန်မရဲ့ ထုတ်ကုန်ကတော့ အိမ်မှာချက်ပြုတ် စားရတာ ဝါသနာပါသူတွေနဲ့ အချိန်ကို ချက်ပြုတ်ရင်း နဲ့ ကုန်ဆုံးချင်သူတွေအတွက် ရည်ရွယ်ပါတယ်”လို့ သူကပြောပါတယ်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား ချိန်အတွင်း  အိမ်မှာ ချက်ပြုတ်စားသောက်တဲ့သူ ပိုများလာပါတယ်။
သက်တမ်းထပ်တိုး 
မကြာသေးမီအချိန်ကပဲ အင်ဒိုနီးရှားအစိုးရဟာ သူ့ရဲ့ အများပြည်သူလှုပ်ရှားဆောင်ရွက်မှုဆိုင်ရာ ကန့်သတ်ချက်ကို လူဦးရေအထူထပ်ဆုံး နေရာ များဖြစ်တဲ့ ဂျာဗားကျွန်းနဲ့ အပန်းဖြေဘာလီကျွန်း တို့မှာ သြဂုတ် ၃၀ ရက်အထိ ပီပီကေအမ်ဟုခေါ် သော အဆင့်ဆင့်သော လူထုလှုပ်ရှားမှုကန့်သတ် ချက်အစီအစဉ်ကို သက်တမ်းတိုးလိုက်ပါတယ်။ ဒါတင်ပဲလားဆိုတော့  မဟုတ်ပါဘူး။   အဲဒီကျွန်း နှစ်ကျွန်းအပြင်ဘက်မှာရှိတဲ့   ပြည်နယ်အတော် များများကိုလည်း သြဂုတ် ၃၀ အထိ သက်တမ်း ထပ်တိုးလိုက်ပါတယ်။  
ကူးစက်မြန်ပြင်းထန်     ဒယ်လ်တာအသွင် ပြောင်း  ကိုဗစ်-၁၉   ထပ်မံကူးစက်ဖြစ်ပွားမှုကို လျှော့ချရန်  ချမှတ်ကျင့်သုံးခဲ့တဲ့  အဲဒီအစီအစဉ် ကို ဇူလိုင် ၃ ရက်ကစတင်ကာ ဂျာဗားနဲ့ ဘာလီ ကျွန်းတို့မှာ ချမှတ်ကျင့်သုံးခဲ့ခြင်း ဖြစ်ပါတယ်။ 
အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒို နီးရှားအစိုးရဟာ ပြည်သူ ၂၀၈ ဒသမ ၂ သန်းကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့   ရည်မှန်းချက်ထားဆောင်ရွက်လျက်လည်းရှိပါတယ်။       ။
ကိုးကား - ဆင်ဟွာ