
နေပြည်တော် ဩဂုတ် ၂၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်း က ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ကေတုမတီ ငါးမွေးမြူရေး ကုန်ထုတ်သမဝါယမအသင်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေး သည်။
ကြည့်ရှု စစ်ဆေး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ကျေးလက် ကုန်ထုတ်လမ်းအရှည် တစ်မိုင် ၆ ဒသမ ၂၄ ဖာလုံ လမ်းအကျယ် ၁၂ ပေ အမြင့် မြေသားတစ်ပေထုနှင့် ကျောက်ရောမြေ ကိုးလက်မထုခင်းခြင်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုကိုလည်း ကောင်း၊ တောင်နီကုန်းကျေးရွာတွင် ကျေးရွာတွင်း အရှည် ပေ၂၇၁၀ အကျယ် ၁၂ ပေ ကျောက်ရောမြေ ကိုး လက်မထုခင်းခြင်း လုပ်ငန်းအကောင်အထည် ဖော် ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်
ယင်းနောက် ကေတုမတီမြို့ အသင်းသား ၃၅ဦး ပါဝင်သည့် ကေတုမတီ ငါးမွေးမြူရေး ကုန်ထုတ် သမဝါယမအသင်းလီမိတက်မှ မွေးမြူထားသည့် ငါးမြစ်ချင်း၊ ငါးမုတ်၊ ငါးတန်၊ ငါးခုံးမ ငါးမျိုးများ မွေးမြူထုတ်လုပ်နိုင်မှု၊ တင်ပို့ရောင်းချနိုင်မှု၊ ဆေးထိုး သားဖောက်ခြင်းနှင့် ငါးဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် အသင်းသားများကို ထောက်ပံ့ ပေးမှု၊ ကျန်းမာရေး စောင့်ရှောက်ပေးမှုများကို ကြည့်ရှုစစ်ဆေးပြီး ငါးမွေးမြူရေးထုတ်ကုန်များကို ပိုမိုအမြတ်အစွန်းရရှိရေး တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရန် လိုအပ်သည့် နည်းပညာနှင့် အရင်းအနှီးများအား မိမိတို့ ဝန်ကြီးဌာနအနေဖြင့် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။
အကောင်အထည်ဖော်ဆောင်ရွက်
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်အခြေခံ အဆောက် အအုံလုပ်ငန်းများဖြစ်သည့် ကျေးလက် ရေရရှိရေး လုပ်ငန်း ၃၄၅ခု၊ ကျေးလက်ကုန်ထုတ်လမ်း ၆၆ မိုင် ၇ ဒသမ ၂၉ ဖာလုံ၊ ကျေးလက် ကုန်ထုတ်တံတား ၁၃၆ စင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာ ၃၉၃ ရွာ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကျေးရွာ ၄၀ နှင့် ကျေးလက်အသက်မွေးဝမ်း ကျောင်း အထောက်အကူပြုသင်တန်း (၉၈)ကြိမ်တို့ ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်