
မော်လမြိုင် ဩဂုတ် ၂၆
မွန်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီက မော်လမြိုင်မြို့ မြဆည်းဆာ ဘိုးဘွားရိပ်သာတွင် အသက်၆၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၄၁ ဦးအား ကျန်းမာရေးဝန်ထမ်း များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပရဟိတစေတနာ့ ဝန်ထမ်းများက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးမှုကို ကြည့်ရှု၍ အားပေး စကားပြောကြားပြီး အာဟာရဖြည့် အစားအစာများ လှူဒါန်းပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်များ အလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို လူဦးရေစာရင်းများအရ တိကျမှန်ကန်စွာ ထိုးနှံနိုင် ရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ ပြည်သူများ တစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ကိုဗစ်- ၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ တိကျစွာလိုက်နာဆောင်ရွက်ကြရန် တာဝန်ရှိ သူများအား မှာကြားသည်။
မွန်ပြည်နယ်အနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၉၅၀၀၀ ကို ထိုးနှံပေးခဲ့ ပြီးဖြစ်ရာ ယခုထပ်မံရောက်ရှိလာသည့် ကာကွယ်ဆေးများကို မော်လမြိုင်မြို့နယ်အပါအဝင် သက်ဆိုင်ရာမြို့နယ်များအလိုက် သတ်မှတ်နေရာ များ၌ ဩဂုတ်၂၇ရက်မှစ၍ ထိုးနှံပေးမည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် စီစဉ်ထားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)