
နိုင်ရိုဘီ ဩဂုတ် ၁၉
ကင်ညာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်ရန်အတွက် တရုတ်နိုင်ငံမှ ထုတ်လုပ်သော Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကို နိုင်ငံအတွင်းသုံးစွဲရန် အတည်ပြုလိုက်ကြောင်း ကင်ညာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်း အဖွဲ့ အကြီးအကဲ ဝီလီအက်ဝါလီက ယနေ့ ပြောကြားသည်။
နိုင်ငံအတွင်းလက်ရှိဆောင်ရွက်နေသော ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က အရေးပေါ်သုံးစွဲရန် အတည်ပြုသော စံချိန်စံညွှန်း များနှင့်ကိုက်ညီသည့် အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သုံးစွဲ ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
မိမိတို့အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆေးဝါးအရည်အသွေး ပြည့်မီကြောင်း ထောက်ခံချက်ပြုထားသည့် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၏ အစွမ်းထက်ထိရောက်မှုအပေါ်တွင် ယုံကြည်စိတ်ချမှုရှိသဖြင့် ကင်ညာနိုင်ငံအတွင်းသုံးစွဲရန် အတည်ပြုခြင်း ဖြစ်ကြောင်းနှင့် မိမိတို့နိုင်ငံအနေဖြင့် ယခုနှစ်ကုန်တွင် နိုင်ငံအတွင်းရှိ အရွယ်ရောက်ပြီးသူဦးရေ၏ ၁၀ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
နိုင်ငံအတွင်း ယမန်နေ့အထိ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ ၂၂၄၄၀၀ ရှိပြီး အဆိုပါရောဂါကြောင့်သေဆုံးသူဦးရေ ၄၄၀၄ ဦးရှိသည်။ နိုင်ငံအတွင်း အရွယ်ရောက်ပြီးသူဦးရေ၏ ၂ ဒသမ ၈ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်အရေအတွက် အပြည့်အဝ ခံယူ ပြီး ဖြစ်သည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ