ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်

 

ကရင်ပြည်နယ် မြို့နယ် ၇ မြို့နယ်၏ မဲဆန္ဒရှင်စာရင်းများနှင့် ဆန္ဒမဲပေးခဲ့မှုအခြေအနေများကို စစ်ဆေး

 

၁။    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ် သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ကရင်ပြည်နယ်  မြို့နယ် ၇ မြို့နယ်၏  မဲဆန္ဒရှင်စာရင်းများနှင့် ဆန္ဒမဲပေးခဲ့မှုအခြေအနေများကို စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။ 
၂။    ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်နယ်  မြို့နယ် ၇ မြို့နယ်၌ မဲရုံပေါင်း ၈၅၂ ရုံ၊ မဲဆန္ဒရှင် စုစုပေါင်း ၁၂၃၆၈၃၈ ဦး ရှိသည့် အနက် ၆၆၁၆၉၈ ဦး မဲပေးခဲ့ကြသဖြင့် မဲပေးမှု ရာခိုင်နှုန်း ၅၃.၅၀ ရာခိုင်နှုန်း ရှိခဲ့ပြီး အောက်ဖော်ပြပါ နိုင်ငံရေးပါတီ  ၁၄ ပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်-


    (က)    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊
    ( ခ )    ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊
    ( ဂ )    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊
    (ဃ)    မွန်ညီညွတ်ရေးပါတီ၊
    ( င )    ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊
    ( စ )    ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊
    (ဆ)    ပြည်သူ့ရှေ့ဆောင်ပါတီ၊
    ( ဇ )    ကရင်ပြည်သူ့ပါတီ၊
    ( ဈ )    တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊
    (ည)    ပြည်သူ့ပါတီ၊
    ( ဋ )    ကယန်းအမျိုးသားပါတီ၊
    ( ဌ )    အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊
    ( ဍ )    ဗမာပြည်သူ့ပါတီ၊
    ( ဎ )    ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊
    (ဏ)    တစ်သီးပုဂ္ဂလ။    


၃။    စစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၃ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်အလိုက် ယခင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များနှင့်အတူ မြေပြင်ဖွင့်ဖောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။
၄။    မဲဆန္ဒရှင်စာရင်းစစ်ဆေးချက်များအရ ကရင်ပြည်နယ်၊ မြို့နယ် ၇ မြို့နယ်၏  ယခင် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၁၂၃၆၈၃၈ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလစာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများမှာ ၁၀၄၇၈၆၅ ဦး ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ၊ လက်မှတ်မရှိသူများမှာ ၂၄၁၉၅၃ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက် ပါဝင်နေသူများမှာ ၁၅၂၅၈  ဦး၊ ၂ ကြိမ် ပါဝင်နေသူများမှာ  ၁၂၈၂၃၀ ဦး ဖြစ်သည်။


၅။    မြေပြင်စစ်ဆေးချက်များအရ အဆိုပါ ၇ မြို့နယ်တွင် မဲရုံပေါင်း ၈၅၂ ရုံ၊ စုစုပေါင်း ထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ်အရေအတွက်မှာ ၁၃၆၆၂၂၂ ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၆၄၁၈၄၈ ၊ ကျန်ရှိရမည့်အရေအတွက်မှာ ၇၂၄၃၇၄ ၊ မြေပြင်လက်ကျန် ၆၅၄၀၂၉ ဖြစ်ကြောင်း စိစစ်တွေ့ရှိရ သည်။ ကွာခြားချက်အနေဖြင့် ကျန်ရှိရမည့်အရေအတွက်ထက် လျော့နည်းသော မဲလက်မှတ်အရေအတွက် ၇၂၂၇၂ ဖြစ်ပြီး၊ အပိုတွေ့ရှိရသော မဲလက်မှတ် အရေအတွက်မှာ ၁၉၂၇  ဖြစ်သည်။ မြို့နယ်အလိုက် ဆန္ဒမဲ လက်မှတ်များ လျော့နည်းပျောက်ဆုံးခြင်း၊ တရားမဝင် အပိုရရှိနေခြင်းတို့ကို တွေ့ရှိရသည်။ 


၆။    မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်းများနှင့် ပြည်သူ့လွှတ်တော်ဆန္ဒမဲလက်မှတ်များ မြေပြင် စစ်ဆေး တွေ့ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

 

၇။    ကရင်ပြည်နယ်၊ မြို့နယ် ၇ မြို့နယ်၏ စစ်ဆေးတွေ့ရှိချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-


    ( က )    သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆(က)အရ ရွေးကောက်ပွဲ ကျင်းပသည့် နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများသာ  မဲစာရင်းတွင်  ပါဝင်ခွင့်ရှိပါသည်။ ကရင် ပြည်နယ် မြို့နယ် ၇ မြို့နယ်၏ မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူများမှာ ၂၄၁၉၅၃ ဦး၊ ၃ ကြိမ်နှင့်အထက် ပါဝင်နေသူ ၁၅၂၅၈ ဦး၊ ၂ ကြိမ် ပါဝင်နေသူ ၁၂၈၂၃၀ ဦး ရှိနေကြောင်း စိစစ်တွေ့ရှိရသဖြင့် အဆိုပါ မြို့နယ် ၇ မြို့နယ် ၌ မဲစာရင်းများ ကောက်ယူရာတွင် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသော မှားယွင်းမှုများကို တွေ့ရှိ  ရသည်။ 
    ( ခ )    မဲရုံပေါင်း ၈၅၂ ရုံ၊ ထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ်အရေအတွက်မှာ ၁၃၆၆၂၂၂ ဖြစ်ပြီး၊ မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၆၄၁၈၄၈ ၊ ကျန်ရှိရမည့်အရေအတွက်မှာ ၇၂၄၃၇၄ ၊ မြေပြင်လက်ကျန် ၆၅၄၀၂၉ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ကျန်ရှိရမည့် အရေအတွက်ထက် လျော့နည်းသော မဲလက်မှတ်အရေအတွက် ၇၂၂၇၂ ၊ အပိုတွေ့ရှိရသော မဲလက်မှတ်အရေအတွက် ၁၉၂၇ ဖြစ်သည်။ မြို့နယ်များတွင် မဲရုံများအလိုက် ဆန္ဒမဲလက်မှတ် များ လျော့နည်းပျောက်ဆုံးခြင်း၊ တရားမဝင် အပိုရှိနေခြင်းတို့ကို တွေ့ရှိရသည်။ မဲရုံများသို့ မဲလက်မှတ်များ သတ်မှတ်အရေအတွက်ဖြင့်  ထုတ်ပေးခဲ့ခြင်းဖြစ်ရာ  အပိုတွေ့ရှိမှုများနှင့် မဲလက်မှတ်ပျောက်ဆုံးခြင်းများသည်  တရားမဝင် ဆောင်ရွက်မှုများကြောင့်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
    ( ဂ )    ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အဆိုပါ မြို့နယ် ၇ မြို့နယ်၌ ပြည်သူ့လွှတ်တော်အတွက်  ဆန္ဒမဲပေးခဲ့သူ ဦးရေမှာ ၆၆၁၆၉၈ ဦး၊ မဲပေးအသုံးပြုခဲ့သည့် ပြည်သူ့လွှတ်တော်ဆန္ဒမဲလက်မှတ် ၆၄၁၈၄၈ စောင်ဖြစ်၍   မဲလက်မှတ်သုံးစွဲမှုတွင်  ၁၉၈၅၀  စောင် လျော့နည်းအသုံးပြုထားကြောင်း တွေ့ရှိရသည်။
    (ဃ)    ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင်  ကရင်ပြည်နယ်၊  မြို့နယ် ၇ မြို့နယ်၌ ပြည်သူ့ လွှတ်တော်အတွက်  မဲပေးသူဦးရေမှာ ၆၆၁၆၉၈ ဦးဖြစ်ပြီး မဲရုံမဲပေးသူ ၄၇၅၉၂၈ ဦး၊ ကြိုတင်မဲပေးသူ ၁၈၅၇၇၀ ဦး  ဖြစ်သဖြင့်  မဲရုံမဲပေးသူ  ၇၁.၉၃  ရာခိုင်နှုန်း၊  ကြိုတင်မဲပေးသူ  ၂၈.၀၇ ရာခိုင်နှုန်း ဖြစ်သည်။     
    ( င )    အသက် ၁၈ နှစ် မပြည့်သူများကို မဲစာရင်းတွင် ထည့်သွင်း၍ မဲပေးခွင့်ပြုခဲ့ကြောင်း စိစစ် တွေ့ရှိရသည်။    
    ( စ )    ဆန္ဒမဲလက်မှတ် လက်ခံဖြတ်ပိုင်းများ၌  ဆန္ဒမဲပေးသူ၏ အမည်၊ မဲစာရင်း အမှတ်စဉ်၊ မဲရုံ အမှတ်၊ ရပ်ကွက်/ကျေးရွာအမည်၊ လက်မှတ် သို့မဟုတ် လက်ဗွေ တို့ကို ဖြည့်သွင်းရေးသား ထားမှုမရှိဘဲ မဲပေးသုံးစွဲထားမှုများ စိစစ်တွေ့ရှိရသည်။
    (ဆ)    အချို့မဲရုံများ၏ မဲဆန္ဒရှင်စာရင်းပုံစံ(၁)များတွင် မဲဆန္ဒရှင်လက်မှတ် သို့မဟုတ် လက်ဝဲလက်မ လက်ဗွေရေးထိုးရိုက်နှိပ်ခြင်းမရှိဘဲ  မဲလက်မှတ်များ ခွင့်ပြုထုတ်ပေးထားသည်ကို စိစစ်တွေ့ရှိ ရသည်။
    ( ဇ )    သက်ဆိုင်ရာ  လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ  ၁၅(က)ပါအတိုင်း  မဲဆန္ဒရှင်စာရင်း ပုံစံ(၁)၏   စာမျက်နှာတိုင်းတွင်  ရပ်ကွက်/ကျေးရွာအုပ်စု  ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ လက်မှတ်ရေးထိုးခြင်းမရှိသည်ကို စိစစ်တွေ့ရှိရသည်။
    ( ဈ )    ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ် များ ကောက်ခံရာတွင် ကြိုတင်ဆန္ဒမဲလက်ခံဖြတ်ပိုင်းများနှင့် ဆန္ဒမဲလက်မှတ်အပိုများကို ဥပဒေနှင့်အညီအပ်နှံရန် ပျက်ကွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။    
    (ည)    နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ မဲစာရင်းတွင် အစုလိုက်အပြုံလိုက် ပါဝင်ပြီး မဲဆန္ဒရှင်သက်သေခံလက်မှတ်များဖြင့်သာ နိုင်ငံသားစိစစ်ရေးကတ်မပါဘဲ မဲပေးမှုကို လက်ခံဆောင်ရွက် ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။    
    ( ဋ )    ကြိုတင်မဲများကောက်ခံရာတွင်လည်း  ဥပဒေနှင့်ညီညွတ်မှုမရှိသော  ဆန္ဒမဲပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။


    ( ဌ )    COVID-19 ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဆိုင်ရာ  ညွှန်ကြားချက်များကို အကြောင်းပြုကာ ရွေးကောက်ပွဲကျင်းပရန် အချိန်နီးကပ်မှသာ ဥပဒေနှင့် ညီညွတ်မှုမရှိသော ညွှန်ကြားချက်များ ထုတ်ပြန်၍ မဲစာရင်းများ ကောက်ခံမဲပေးစေခြင်း၊ ကြိုတင်မဲပေးစေခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။

 


၈။    ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အောက်ပါအတိုင်း ဥပဒေနှင့်ညီညွတ်မှုမရှိသော ဆောင်ရွက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်-    


    (က)    NLD ပါတီအနေဖြင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ဖွဲ့စည်းရာတွင် ယင်းတို့၏ အမာခံပါတီဝင်များ ပါဝင်ပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များတွင် မသမာမှုပြုလုပ်နိုင်ရန် ကြိုတင်စီမံဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းတာဝန်ပေးအပ်ရာတွင်   အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးမှ   ပြန်လည်ပယ်ဖျက်၍ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များမှ အမည်စာရင်းပေးပို့သူများဖြင့် ပြင်ဆင်ဖွဲ့စည်းမိန့် ထုတ်ပြန်ပေးခဲ့ရခြင်းများကို စိစစ်တွေ့ရှိရသည်။
    ( ခ )    ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲစာရင်းများပြုစုရာတွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများအတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ လိုအပ်သလို ညွှန်ကြားချက်များထုတ်ပြန်၍  ဆောင်ရွက်သဖြင့် မဲစာရင်းများ ဖောင်းပွခြင်း/ မှားယွင်းခြင်း များ ရှိခဲ့သည်ကို တွေ့ရှိရသည်။  အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ ဦးဆောင် ဖွဲ့စည်းခဲ့ပြီး မဲဆန္ဒရှင်အရည်အချင်း သတ်မှတ်ချက် ပြည့်စုံမှုရှိ/ မရှိ မစိစစ်နိုင်သည့် မဲစာရင်း တွင် မပါဝင်သေးသူများ ထည့်သွင်းနိုင်ရေးဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသည်။ 
    ( ဂ )    ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်သည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ လုပ်ပိုင်ခွင့်ထက် ကျော်လွန်ဖောက်ဖျက်ပြီး လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၇ အုပ်စု ကို ရွေးကောက်ပွဲကျင်းပပြုလုပ်မည့် နယ်မြေစာရင်းမှ ပယ်ဖျက်ပေးရန် ပြည်နယ်လွှတ်တော် အနေဖြင့် အကြောင်းကြားစာပေးပို့ခြင်းဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန် နှင့် လုပ်ပိုင်ခွင့်ကို  ဝင်ရောက်စွက်ဖက်ခဲ့ပြီး  နိုင်ငံရေးရည်ရွယ်ချက်တစ်ခုခုဖြင့် ပြည်နယ် လွှတ်တော်၏ အရှိန်အဝါကိုယူ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
    (ဃ)    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ    ဖာပွန်မြို့နယ်   အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးညီညီကျော်က ဖာပွန်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ၅၄ ဦးကို မဲစာရင်းတွင် ထည့်သွင်းပေးရန် ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ သို့ လည်းကောင်း၊  ဘားအံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောင်နိုင်ရေး စည်းရုံးရေးမှူး ဒေါ်ငြိမ်းငြိမ်းအောင်က လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ  မဲဆန္ဒရှင်  ၇၇၅  ဦးကို   မဲစာရင်းတွင်  ထည့်သွင်းပေးရန် ဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့လည်းကောင်း တင်ပြတောင်းဆိုခဲ့ကြောင်း တွေ့ရှိရ ပါသည်။
    ( င )    ဖာပွန်မြို့နယ်အတွင်းရှိ ပုံစံ ၄ ဖြင့် ကန့်ကွက်ခြင်းခံထားရသူ မဲဆန္ဒရှင် ၄၇၁ ဦးနှင့် စပ်လျဉ်း၍ စိစစ်ခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနက အဆိုပါ အမျိုးသားမှတ်ပုံတင်ကတ်နံပါတ် ဖော်ပြထားသူ၊ ယာယီသက်သေခံ လက်မှတ်ဖော်ပြထားသူ၊ NVC နံပါတ် ဖော်ပြထားသူ၊ မည်သည့်လက်မှတ်မျှ ဖော်ပြမထားသူ များသည်  အိန္ဒိယနွယ်ဖွားများဖြစ်ပြီး   ကိုင်ဆောင်လက်မှတ်နှင့်   ရုံးမှတ်တမ်းများအရ နိုင်ငံခြားသား  (သို့မဟုတ်)  နိုင်ငံခြားသားအဖြစ်  ခံယူထားသူများ  မဟုတ်ကြောင်းနှင့် လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားရန် ပြန်ကြားခဲ့သဖြင့် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မဲစာရင်းတွင် ပါဝင်၍ မဲပေးခွင့်ရရှိခဲ့ပြီးသူ  ၁၅၈  ဦးအား မဲစာရင်းတွင် ထည့်သွင်းပေးခဲ့ရပြီး ကျန် ၃၁၃ ဦးသည် သက်ဆိုင်ရာ   လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊  နည်းဥပဒေများနှင့်  ညီညွတ်မှုမရှိသဖြင့် မဲစာရင်းမှ စိစစ်ပယ်ဖျက်ခဲ့ရကြောင်းတွေ့ရှိရသည်။
    ( စ )    ယခင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း နန်းခင်ထွေးမြင့်အနေဖြင့်  ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးအား ခေါ်ယူတွေ့ဆုံပြီး မဲစာရင်းတွင် ပါဝင်ခြင်း မရှိသေးသော NLD ပါတီကို ထောက်ခံသည့် နိုင်ငံသား စိစစ်ရေးကတ်မရှိသော သွေးနှောများ ကို   သက်ဆိုင်ရာ  မဲဆန္ဒရှင်စာရင်းများတွင်  ထည့်သွင်းပေးရန်နှင့်  ဆောင်ရွက်ပေးခြင်း မရှိပါက   ရွေးကောက်ပွဲပြီးလျှင်     သက်ဆိုင်ရာ   မြို့နယ်နှင့်  ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား လူ့အခွင့်အရေးကော်မရှင်သို့ တင်ပြ၍ တရားစွဲဆို အရေးယူဆောင်ရွက်သွားမည်ဟု ခြိမ်းခြောက်ဖိအားပေး အကျပ်ကိုင်စွက်ဖက်ခဲ့ကြောင်း နှင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေနှင့် ညီညွတ်မှုမရှိသူများအား မဲစာရင်းတွင် ထည့်သွင်းနိုင်ခြင်းမရှိကြောင်း ပြန်လည်တင်ပြခဲ့ရသည်ကို တွေ့ရှိရသည်။
    (ဆ)    ကရင်ပြည်နယ်      ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့်      မဲဆန္ဒရှင်တစ်ဦးတည်းမှ   မဲ ၂ ကြိမ်ပေးခြင်း၊   မဲမသမာမှုများ  မဖြစ်စေရန်အတွက်  ကြိုတင်ဆန္ဒမဲပေးသူများကိုလည်း ရွေးကောက်ပွဲနေ့တွင် လက်သန်းမင်တို့သကဲ့သို့ ဆောင်ရွက်ခွင့် ရှိ / မရှိ လမ်းညွှန်မှုပြုပါရန် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့တင်ပြခဲ့ရာ ခွင့်ပြုမှုမရှိခဲ့ကြောင်း တွေ့ရှိရ သည်။ 
    ( ဇ )    မြဝတီမြို့နယ်၊  အမှတ်(၃)ရပ်ကွက်  မဲရုံတွင်  ယခင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်း မန်းဝင်းခိုင်သန်း၏ သားဖြစ်သူ ကိုစိုးမှ မဲဆန္ဒရှင်သက်သေခံလက်မှတ်(မဲစလစ်အတု)များ ပြုလုပ်၍ ထုတ်ပေးရာတွင် သွားရောက်ကြီးကြပ်ခြင်း၊ NLD ပါတီဝင်များသည် ကြိုတင်မဲရုံနှင့် ကိုက် ၅၀ အကွာတွင်   ၅- ၁၁- ၂၀၂၀ ရက်နေ့၌  NLD အလံနှင့် တံဆိပ်များ တပ်ဆင်ထား သည့်  မော်တော်ယာဉ်ပေါ်မှ  NLD  အောင်နိုင်ရေးသီချင်းများဖွင့်၍ မဲဆွယ်စည်းရုံးခြင်း၊ ကြိုတင်မဲပုံးများကို တရားမဲ့စွာချိပ်ပိတ်ခြင်း/ သော့ခတ်ခြင်း၊  ကြိုတင်ဆန္ဒမဲများ ကောက်ယူ စဉ် NLD ပါတီအား ဆန္ဒပြုရန် ပြောဆိုစည်းရုံးခြင်း၊ မဲဆန္ဒရှင်ကိုယ်စား ဆန္ဒပြုတံဆိပ်တုံးများ  ရိုက်နှိပ်ပေးခြင်း  စသည်ဖြင့် တရားမဲ့ပြုကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။
    ( ဈ )    ကြာအင်းဆိပ်ကြီးမြို့နယ်တွင် NLD ပါတီမှ အင်အားပြ မဲဆွယ်စည်းရုံးစဉ် ကရင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၃) လွှတ်တော်ကိုယ်စားလှယ် ဦးစောယှားဖောင်အွာ က ပါတီဝန်းရံသူများကို တစ်ဦးလျှင် ၅၀၀၀ ကျပ်နှုန်း  ပေးဝေစည်းရုံးသဖြင့်   ကန့်ကွက် တိုင်ကြားမှုများရှိခဲ့ကြောင်း တွေ့ရှိရသည်။     
    (ည)    ၂၀၂၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ  မဲဆွယ်စည်းရုံးခွင့်ကာလ၊  ကြိုတင်ဆန္ဒမဲနှင့်  ဆန္ဒမဲပေးသည့်နေ့ရက်များတွင်  NLD ပါတီ  ကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့များအနေဖြင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊  နည်းဥပဒေ၊  အမိန့်နှင့် ညွှန်ကြားချက်များ၊ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ ဒေသန္တရအမိန့်များကို ဖောက်ဖျက် ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရပြီး ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လည်း သီးခြားလွတ်လပ်သော အဖွဲ့အစည်းတစ်ခုအဖြစ် မရပ်တည်ဘဲ အာဏာရ NLD ပါတီ ၏ ဖိအားပေးလွှမ်းမိုးထိန်းချုပ်ခံရသဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိကြောင်း စိစစ်တွေ့ရှိရသည်။
    ( ဋ )    မဲစာရင်းများပြုစုရန်အတွက်    လူဦးရေစာရင်းအချက်အလက်များ   ကောက်ယူရာတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် လူဦးရေစာရင်း ကောက်ယူရေး လုပ်ငန်းအဖွဲ့က အဓိက ဆောင်ရွက်ခဲ့သည်။ မဲဆန္ဒရှင်စာရင်းများ မြေပြင်ကောက်ယူရာတွင် NLD အစိုးရက ခန့်အပ်ထားသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် အချို့နေရာများတွင် NLD ပါတီ၏ အောင်နိုင်ရေးအဖွဲ့များ ပူးပေါင်းကောက်ယူကြောင်း စိစစ်သိရှိရသည်။ ယင်းသို့ စာရင်းများ ကောက်ယူရာတွင် ရပ်ကွက်/ ကျေးရွာအတွင်း အမှန်တကယ်နေထိုင်ခြင်း ရှိ/မရှိ၊ နိုင်ငံသား စိစစ်ရေးကတ် ရှိ/ မရှိ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ မဲပေးပိုင်ခွင့်ရှိသူ ဟုတ်/ မဟုတ်  စိစစ်နိုင်ခြင်းမရှိခဲ့သည့်အတွက် မဲစာရင်းတွင် နိုင်ငံသား စိစစ်ရေးကတ်မရှိသူများ အစုလိုက်အပြုံလိုက် ပါဝင်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် တစ်ခုတည်းဖြင့် မဲစာရင်း ၂ ကြိမ်၊ ၃ ကြိမ်နှင့်အထက် ပါဝင်နေခြင်းတို့ကို စိစစ်တွေ့ရှိရသည်။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း (၆) မဲစာရင်းပြုစုခြင်းပါ ပုဒ်မ ၁၅(ဂ)တွင် “မဲဆန္ဒနယ်များရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မည်သူမဆို သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်း တစ်ခုမှအပ အခြားမဲဆန္ဒနယ်၏ မဲစာရင်းများ၌ တစ်ချိန်တည်းတွင် အမည်စာရင်းပါဝင်ခြင်း မရှိစေရ”ဟု ပြဋ္ဌာန်းထားသော်လည်း မဲစာရင်းများ ကောက်ယူရာတွင် ဥပဒေနှင့် ညီညွတ်ခြင်း မရှိသော မှားယွင်းမှုများကို တွေ့ရှိရသည်။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၉(ခ)အရ မဲစာရင်းတွင် ပါဝင်ခွင့်မရှိဘဲ ပါဝင်ကြောင်း တွေ့ရှိလျှင် ထိုအမည်များကို မဲစာရင်း မှ ပယ်ဖျက်ရမည် ဟု ပြဋ္ဌာန်းထားသော်လည်း ပယ်ဖျက်ခြင်းမရှိဘဲ ထည့်သွင်းမဲပေးခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။
    ( ဌ )    အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးရန်အတွက် ရွေးကောက်ပွဲနေ့ မတိုင်မီ   ၂၉-၁၀-၂၀၂၀  ရက်နေ့မှစတင်၍  ဆောင်ရွက်နိုင်ကြောင်း ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက်ထုတ်ပြန်ဆောင်ရွက်ခဲ့သည့်အတွက် ကြိုတင်ဆန္ဒမဲ များ ကောက်ခံရာတွင် အချို့နေရာများ၌ NLD ပါတီ အောင်နိုင်ရေးအဖွဲ့များ ပါဝင်၍ နေအိမ် များသို့  သွားရောက်ကာ  ဆောင်ရွက်ခဲ့ကြသဖြင့်  ဥပဒေနှင့်မညီသော မဲပေးမှုဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်အရ မိမိမဲဆန္ဒနယ်သို့ ပြန်လည်ဆန္ဒမဲပေးခြင်းမပြုနိုင်သည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးရန် အသိပေးကြေညာချက်ကို    ၈- ၁၀- ၂၀၂၀  ရက်နေ့နှင့်  ညွှန်ကြားချက်ကို ၁၁- ၁၀- ၂၀၂၀ ရက်နေ့တို့တွင်  ယခင်   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က   ထုတ်ပြန်ကြေညာ ဆောင်ရွက်ခဲ့သည်။  ယင်း  ညွှန်ကြားချက်များကြောင့်  မဲစာရင်းများထပ်ခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်မရှိသူများ အစုလိုက်အပြုံလိုက် မဲစာရင်းတွင်ထည့်သွင်း၍ မဲပေးခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။ 
    ( ဍ )    မဲဆန္ဒရှင်များ ဆန္ဒမဲပေးသည့်အခါတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူ မဲဆန္ဒရှင်များ မဲပေးခွင့် ရရှိရေးအတွက် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က      ၁၉- ၈- ၂၀၂၀ ရက်နေ့ တွင် ညွှန်ကြားချက်ထုတ်ပြန်၍ ဆောင်ရွက်ခဲ့သဖြင့် မဲရုံများတွင် နိုင်ငံသားစိစစ်ရေးကတ် စိစစ်မှု မပြုနိုင်သော မဲဆန္ဒရှင်သက်သေခံ လက်မှတ်များဖြင့် မဲပေးခဲ့ခြင်းကြောင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများနှင့် ညီညွတ်မှုမရှိသော နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ မဲပေးခွင့်ပြုခဲ့ခြင်း၊   နိုင်ငံသားစိစစ်ရေးကတ်  အမှတ်တစ်ခုတည်းဖြင့်  ၂  ကြိမ်၊ ၃ ကြိမ်နှင့် အထက်   မဲစာရင်းတွင်  ပါဝင်သူများ  မဲပေးခွင့်ရရှိခဲ့ကြသဖြင့်  သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ဖောက်ဖျက်မှုများ ရှိခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ အသုံးပြုခဲ့သည့် ဆန္ဒပြုအမှန်ခြစ် တံဆိပ်တုံးများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် UEC တံဆိပ်မပါရှိသည့် အမှန်ခြစ်တံဆိပ်တုံး ရိုက်နှိပ်ထားသော မဲလက်မှတ်များကို  တွေ့ရှိပါကလည်း  ခိုင်လုံမဲအဖြစ်  သတ်မှတ်မည် ဖြစ်ကြောင်း ညွှန်ကြားခဲ့ခြင်းသည် မဲရေတွက်မှုများတွင် ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေခဲ့သဖြင့် မဲရလဒ်များ မှန်ကန်မျှတမှုမရှိကြောင်း  စိစစ်တွေ့ရှိရပါသည်။
    ( ဎ )    မဲစာရင်းများတွင် အကြိမ်ကြိမ် ပါဝင်နေခြင်းသည် ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှု ပြုရန် အခွင့်အလမ်းတစ်ရပ်သဖွယ်ဖြစ်နေပြီး  မဲစာရင်း ၂ ကြိမ်/ ၃ ကြိမ်ပါဝင်နေသူများအနက် တစ်ကြိမ်ထက် ပိုမိုဆန္ဒပြုထားသူများကို တွေ့ရှိရသဖြင့် စိစစ်ဖော်ထုတ်အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။ ဆန္ဒမဲ ၂ ကြိမ်/ ၃ ကြိမ် ပေးမှုများကို အောက်ပါအခြေအနေများတွင် ပြုလုပ်နိုင်ပြီး သက်ဆိုင်ရာ မဲစာရင်းပုံစံ(၁)တွင် လက်မှတ်ရေးထိုးထားသည့် အထောက် အထားများအရ အသေးစိတ်စိစစ်လျက်ရှိသည်-
        ( ၁ )    သက်ဆိုင်ရာ မဲဆန္ဒရှင်အနေဖြင့် မြို့တစ်မြို့တည်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုများ၌ ကြိုတင်ဆန္ဒမဲပေးခြင်းကို ၎င်းအမည်စာရင်းပါ မဲရုံများတွင် ကြိုတင်ဆန္ဒမဲပေးမည့် နေ့ရက်များတွင်  ၁ ကြိမ်နှင့်အထက် မဲပေးနိုင်ပြီး ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံတွင် ၁ ကြိမ် ဆန္ဒမဲပေးနိုင်ကြောင်း တွေ့ရှိရသည်။
        ( ၂ )    မဲမသမာမှုပြုလုပ်သူအနေဖြင့် ၎င်းမဲဆန္ဒရှင် အမည်စာရင်းပါ မြို့နယ်နှင့် အခြား မဲစာရင်းပါရှိသည့် မြို့နယ်တို့ နီးကပ်ခြင်း၊ ကျေးရွာအုပ်စုကပ်လျက်ရှိခြင်း  စသည့် အခြေအနေများတွင်လည်း ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း တွေ့ရှိရသည်။    
        ( ၃ )    ရွေးကောက်ပွဲကျင်းပသည့်နေ့တွင်လည်း မဲရုံတွင် လက်သန်း မင်မတို့ဘဲ ရှောင်လွှဲကာ အခြားမဲစာရင်းပါရှိသည့် မဲရုံများတွင် ဆန္ဒမဲပေးနိုင်ကြောင်း တွေ့ရှိရသည်။


၉။    ထိုကဲ့သို့ မဲရုံတိုင်း၌  မဲစာရင်းများ  အရေအတွက်များပြားစွာ မှားယွင်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းသည် မတော်တဆဖြစ်ပေါ်ခဲ့သော   မှားယွင်းမှုမျိုးမဟုတ်ဘဲ   ကြိုတင်ကြံစည်  ဆောင်ရွက်ခဲ့ခြင်းကြောင့်သာ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ထို့ပြင် မဲစာရင်းကောက်ယူခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရွေးကောက်ပွဲနေ့   ဆန္ဒမဲပေးခြင်းစသည့်  ရွေးကောက်ပွဲဆိုင်ရာ  လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်တွင် ဝင်ရောက်စွက်ဖက်၍ မလျော်ဩဇာအသုံးပြု၍ မသမာမှုများ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည့်အပြင် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း တရားဝင်အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို  အလွဲသုံးစားပြုကာ ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်ဖောက်ဖျက် ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။ 
၁၀။    သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍  ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၇ မြို့နယ်၏ မဲစာရင်းများနှင့် မဲပေး ခဲ့မှုအခြေအနေများကို စစ်ဆေးခဲ့ရာတွင် NLD ပါတီသည် ရွေးကောက်ပွဲတွင် ယင်းတို့ ပါတီတစ်ခုတည်းသာ အနိုင်ရရှိပြီး အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ပြိုင်ဘက်ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း များ၏ မဲဆွယ်စည်းရုံးရေး အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများအားလုံးကို COVID-19 ရောဂါ   ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ  ကန့်သတ်ချက်/ တားမြစ်ချက်ကို  အလွဲသုံး၍လည်းကောင်း၊ အုပ်ချုပ်ရေးအာဏာကို အလွဲသုံး၍လည်းကောင်း ကန့်သတ်ထိန်းချုပ်ခဲ့ပြီး   နိုင်ငံတော်အာဏာကို မတရား ရယူနိုင်ရန်   ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့ကြောင်း  စိစစ်တွေ့ရှိရသည်။ အထက်ပါ  စိစစ်ချက်များအရ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ/ နည်းဥပဒေများနှင့် ညီညွတ်မှု မရှိသည်ကို စစ်ဆေးတွေ့ရှိရ သဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုမရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။    
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်