ပီရူးကို အနိုင်ယူကာ ကိုပါအမေရိကဖလားဗိုလ်လုပွဲ ဘရာဇီး တက်ရောက်

 

 

ကိုပါအမေရိကဖလားပြိုင်ပွဲ  ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ်  ဇူလိုင် ၆ ရက် နံနက်ပိုင်းက  အိမ်ရှင်ဘရာဇီးနှင့် ပီရူးအသင်းတို့    ယှဉ်ပြိုင်ကစားခဲ့ရာ   ပါကွီတာ၏  တစ်လုံးတည်းသော  သွင်းဂိုးဖြင့် ဘရာဇီးအသင်းက   အနိုင်ရရှိပြီး  ကိုပါအမေရိကဖလား  ပြိုင်ပွဲဗိုလ်လုပွဲသို့  တက်လှမ်းနိုင်ခဲ့သည်။
ဘရာဇီးအသင်းသည်  ယနေ့ ပွဲစဉ်တွင်  အားထားရသည့်  အီဒါ ဆင်၊ မာကွင်ဟို၊ ဆီးဗားလ်၊ ကက် စမဲရိုး၊ ဖရက်၊ ပါကွီတာ၊ ရစ်ချတ် လီဆန်၊ နေမာတို့ဖြင့် ပွဲထွက်လာ ခဲ့သလို   ပီရူးအသင်းကလည်း အဓိက  ကစားသမားအများစုဖြင့် ပွဲထွက်လာခဲ့သည်။   ဗိုလ်လုပွဲ တက်ရောက်   နိုင်ရေးအတွက် အတောင့်တင်းဆုံး ကစားသမား စာရင်းကို နှစ်သင်းစလုံးအသုံးပြုလာသည့်အတွက်    ပရိသတ် အကြိုက်ပွဲကောင်း   တစ်ပွဲဖြစ်ခဲ့ သည်။  ဘရာဇီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန်  ၃၅ မိနစ်တွင်   နေမာ၏ 
ဖန်တီးပေးမှုမှတစ်ဆင့် ပါကွီတာက  သွင်းယူ ပေးနိုင်ခဲ့သည်။   ပီရူးအသင်းသည်   ဘရာဇီး အသင်းအပေါ်    ထိုးဖောက်တိုက်စစ်ဆင်မှု  ပြုလုပ်နိုင်ခဲ့သော်လည်း    အဆုံးသတ်ပိုင်း လိုအပ်ချက်ရှိနေသောကြောင့်  ကိုပါအမေရိက ဖလားပြိုင်ပွဲကို  ဆီမီးဖိုင်နယ်အဆင့်နှင့်သာ  ကျေနပ်ခဲ့ရခြင်းဖြစ်သည်။  
အိမ်ရှင်ဘရာဇီးအသင်းသည်     ကိုပါ အမေရိကဖလား    ပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ချီလီအသင်းနှင့်   တွေ့ဆုံခဲ့ကာ      ပွဲကစားချိန် ၄၆  မိနစ်တွင်  ရရှိခဲ့သော ပါကွီတာ၏  တစ်လုံး တည်းသောသွင်းဂိုးဖြင့်  အနိုင်ရရှိကာ  ဆီမီး ဖိုင်နယ်သို့  တက်လှမ်းလာနိုင်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ဘက် ပီရူးအသင်းက အဆိုပါအဆင့်တွင်   ပါရာဂွေးအသင်းနှင့်   ယှဉ်ပြိုင်ကစားခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်တွင် လေးဂိုး-သုံးဂိုး ဖြင့်  အနိုင်ရရှိကာ  ဆီမီးဖိုင်နယ်သို့ တက်လှမ်း နိုင်ခဲ့ခြင်းဖြစ်သည်။
ယနေ့ပွဲစဉ်တွင်    ဘရာဇီးအသင်းသည် ကစားကွက် အသာစီးရယူကာ ပီရူးအသင်းကို ဖိအားပေး  ကစားနိုင်ခဲ့သည်ကို  တွေ့ရသည်။  အထူးသဖြင့်  အသင်းမှ နေမာနှင့် ပါကွီတာတို့  ခြေစွမ်းပြသထားနိုင်သည်ကို    တွေ့ရသည်။ ဘရာဇီးအသင်းသည်   ပြီးခဲ့သည့်   ကွာတား ဖိုင်နယ်တွင် ပါကွီတာ၏ သွင်းဂိုးတစ်ဂိုးတည်း ဖြင့် ပြိုင်ဘက်ကို အနိုင်ရရှိခဲ့သလို  ယခုဆီမီး ဖိုင်နယ်ပွဲစဉ်တွင်လည်း အဆိုပါ ကစားသမား ၏  သွင်းဂိုးတစ်ဂိုးတည်းဖြင့်ပင် ပြိုင်ဘက်ကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 
ထို့ကြောင့်  ဘရာဇီးအသင်းသည်   ကိုပါ အမေရိကဖလား ဗိုလ်လုပွဲတွင်  အာဂျင်တီးနား နှင့် ကိုလံဘီယာအသင်းတို့ထဲမှ အနိုင်ရရှိမည့် အသင်းနှင့်   ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။  အဆိုပါ  ကိုပါအမေရိကဖလား   ဗိုလ်လုပွဲကို လာမည့် ဇူလိုင် ၁၁ ရက်တွင် အကြိတ်အနယ် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဘရာဇီးအသင်း သည် ကိုပါအမေရိကဖလား၏ လက်ရှိချန်ပီယံ ဖြစ်ပြီး ၂၀၁၉ ခုနှစ်က (၉) ကြိမ်မြောက် ဆွတ်ခူး ထားသည်။  ထို့ကြောင့်  ဘရာဇီးအသင်းသည်  ကိုပါအမေရိကဖလားပြိုင်ပွဲ       ဗိုလ်လုပွဲတွင်  ပြိုင်ဘက်ကို အနိုင်ယူကာ  (၁၀) ကြိမ်မြောက် ဆွတ်ခူးသွားနိုင်မလား  စောင့်ကြည့်ရမည်ဖြစ် သည်။  ထို့အပြင် လက်ရှိ   ကိုပါအမေရိကဖလား ပြိုင်ပွဲ  သွင်းဂိုးအများဆုံးစာရင်းတွင် မက်ဆီ က လေးဂိုးဖြင့် ဦးဆောင်နေပြီး   ၎င်းနောက် တွင်  နေမာက သုံးဂိုးဖြင့် ရပ်တည်နေသည်။                                      
အောင်ဇော်