
ရန်ကုန် ဇူလိုင် ၆
မြန်မာကြက်တောင် အားကစားမယ် သက်ထား သူဇာသည် ယခုလအတွင်း ပြုလုပ်မည့် တိုကျို အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီဖြစ် ကြောင်း သိရသည်။ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF)သည် ယခုလအတွင်း ပြုလုပ်မည့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ၏ ကြက်တောင်အားကစား နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် ကစား သမားများအား ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
အိုလံပစ် ကြက်တောင်ပြိုင်ပွဲတွင် တစ်ဦးချင်း အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ နှစ်ယောက်တွဲ အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ အမျိုးသား+ အမျိုးသမီးပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပြီး မြန်မာကြက် တောင်မယ် သက်ထားသူဇာသည် အမျိုးသမီးတစ်ဦး ချင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် ကစားသမားစုစုပေါင်း ၄၃ဦး ယှဉ်ပြိုင်မည်ဖြစ်ပြီး
လက်ရည်စစ်ပွဲ အောင်မြင်သူများအပြင် တိုက်ကြီးများအလိုက် သက်ဆိုင်ရာ အိုလံပစ်ကော်မတီများ၏ တင်ပြမှုကြောင့် ရွေးချယ်ခံရ သည့် ကစားသမားအချို့လည်း ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။ အိုလံပစ် အမျိုးသမီးတစ်ဦးချင်း ကြက်တောင်ပြိုင်ပွဲကို ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်းတို့မှ နှစ်ဦးစီ၊ အိန္ဒိယ၊ ကနေဒါ၊ တရုတ် (တိုင်ပေ)၊ အမေရိကန်၊ ဒိန်းမတ်၊ ရုရှား၊ ဂရိတ်ဗြိတိန်၊ မလေးရှား၊ တူရကီ၊ ဟောင်ကောင်၊ ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ဗီယက်နမ်၊ ဆွစ်ဇာလန်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ အစ္စရေး၊ အက်စ်တိုးနီးယား၊ မြန်မာ၊ ဟန်ဂေရီ၊ ဘူလ်ဂေးရီးယား၊ သြစတြေးလျ၊ ပီရူး၊ နိုင်ဂျီးရီးယား၊ ဆလိုဗက်ကီးယား၊ ဘရာဇီး၊ မက္ကဆီကို၊ ပါကစ္စတန်၊ မော်လ်ဒိုက်၊ ယူကရိန်း၊ စပိန်၊ အီရန်၊ ဂွါတီမာလာနှင့် အီဂျစ်တို့မှ တစ်ဦးစီ ယှဉ်ပြိုင်ခွင့်ရရှိထားသည်။
သက်ထားသူဇာသည် တိုကျိုအိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ပြီးခဲ့သည့် နှစ်အနည်းငယ်ကတည်းက ကြိုးပမ်းခဲ့ပြီး လက်ရည်စစ်ပွဲအောင်မြင် သဖြင့် ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ၂၀၁၉ ခုနှစ်မှစတင်ကာ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ပြုလုပ်သည့် လက်ရည် စစ်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သတ်မှတ်ထားသည့် အဆင့် အတွင်း ဝင်ရောက်ခဲ့သဖြင့် လက်ရည်စစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် အိုလံပစ်ဝင်ခွင့် လက်ရည်စစ်ပွဲကာလအတွင်း စုစုပေါင်းပြိုင်ပွဲ ၁၅ ခု ယှဉ်ပြိုင်ခဲ့ပြီး ရမှတ် ၂၃၆၅၀ ရရှိခဲ့သည်။ သက်ထားသူဇာသည် ကပ်ရောဂါကြောင့် ၂၀၂၀ ဖေဖော်ဝါရီလကုန် အထိသာ ပြိုင်ပွဲများယှဉ်ပြိုင်ခဲ့ရပြီး ယင်းနောက်ပိုင်း ပြိုင်ပွဲများမယှဉ်ပြိုင် ရသည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်သည်။ ရဲရင့်လွင်