တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲ ကြည့်ရှုအားပေး

 

ထားဝယ်     ဇူလိုင်   ၁၇
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေ လေ့လာ ဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေ ပေးနိုင်ရန်၊ ကျောင်းသား ကျောင်းသူများ ကျန်းမာ ကြံ့ခိုင်သန်စွမ်းစေရန်  ရည်ရွယ်၍  တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက် များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ သည်။
အားကစားနည်းများ လှည့်လည်ကြည့်ရှု
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို နှင့် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အတွင်း     ခင်းကျင်းပြသထားသည့်    လှပသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံများ၊ စကားရည်လုပြိုင်ပွဲ၊ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျပန်း စကားပြောပြိုင်ပွဲများ၊    ပုံပြင်ပြောပြိုင်ပွဲ၊   ကဗျာ ရွတ်ဆိုပြိုင်ပွဲ၊ အထက်တန်းအဆင့်နှင့် အလယ်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲအနေဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊       သတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ အားကစား အနေဖြင့်   ခါးကွင်းလှည့်ကစားနည်းနှင့်  ခွက်နင်း ကစားနည်းများကို လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းစာကြည့်တိုက်ကို ကြည့်ရှုသည်။
ကျောင်းသား ကျောင်းသူများ ပါဝင်ဆင်နွှဲ
ယနေ့ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် သို့ အခြေခံပညာကျောင်း အမှတ်(၂)မှ ကျောင်းသား ကျောင်းသူ ၈၀၀ ခန့် တက်ရောက်ခဲ့ကြပြီး ပွဲတော် တွင် ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြဘုတ်များ နှင့် စာအုပ်ပြပွဲကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ ခဲ့ကြပြီး ပြိုင်ပွဲများတွင် ပါဝင်ဆင်နွှဲကြသည့်ပြိုင်ပွဲဝင်များနှင့်  ဆုရရှိသူများအား  ဇူလိုင် ၁၈ ရက်တွင် ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)