ဒုတိယဝန်ကြီး ဦးရဲတင့် လာအိုနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်

ဗီယန်ကျင်း     ဇူလိုင်    ၁၁
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ဦးဆောင်သော  မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ Lao Asia Pacific Satellite Company Limited ၏ ဖိတ်ကြားမှုဖြင့်  မြန်မာနိုင်ငံရှိ  ရုပ်မြင် သံကြားကဏ္ဍနှင့် ဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်နှင့် မြန်မာ-   လာအို နှစ်နိုင်ငံအကြား နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင်ရေးတို့အတွက် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့သို့   ဇူလိုင်  ၁၀ ရက်    ညပိုင်းတွင် ရောက်ရှိကြသည်။
ယနေ့နံနက်ပိုင်းတွင်       လာအိုအမျိုးသား  ရုပ်မြင်သံကြားသို့    ရောက်ရှိပြီး    Mr. Bounyaeng THAMMAVONG,  Deputy  Director General Broadcast and Channel Department နှင့် အဖွဲ့က လာအိုအမျိုးသား ရုပ်မြင်သံကြားဆောင်ရွက်နေမှု များကို ရှင်းလင်းပြသသည်။  ထို့နောက်  ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည်    ရုပ်မြင်သံကြားထုတ်လွှင့် ဆောင်ရွက်နေမှုများကို လေ့လာကြသည်။
မွန်းလွဲပိုင်းတွင်  လာအိုနိုင်ငံဆိုင်ရာ  မြန်မာ သံအမတ်ကြီး ဦးအောင်ကိုနှင့်အတူ လာအိုသိပ္ပံနှင့် နည်းပညာနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Academician Professor Bovieng-kham Vongdara နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဒေသတွင်း   ရင်းနှီးချစ်ကြည်မှု    ခိုင်မြဲစေရေးနှင့်    ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး၊ ရုပ်မြင်သံကြားနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ကို ဆွေးနွေးကြသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်   ခရီးစဉ်အတွင်း  မြန်မာ့အသံနှင့်    ပူးပေါင်းဆောင်ရွက်နေသော မြန်မာနိုင်ငံမှ Borderless Broadcast Co.,Ltd  ၏  DTH စနစ် ထုတ်လွှင့်ရေးဆိုင်ရာများနှင့် မြန်မာ နိုင်ငံတစ်ဝန်းရှိ ဆက်သွယ်မှုခက်ခဲသော  အခြေခံ ပြည်သူများအတွက်  DTH Set Top Box နှင့် ဆိုလာ ဓာတ်အားပေးစနစ်အပါအဝင်  ဆက်စပ်ပစ္စည်းများ လှူဒါန်းမည့်   အစီအစဉ်အတွက်  လာအိုနိုင်ငံတွင် အလားတူဆောင်ရွက်လျက်ရှိသော    စီမံကိန်းကို လေ့လာဆွေးနွေးသွားမည်ဖြစ်သည်။
ဒုတိယဝန်ကြီးနှင့်အတူ   ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမြင့်ကျော်၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသူနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။ သတင်းစဉ်