
ရှမ်းမြောက်ဆီက နေဝန်းနီများသို့
(၁)
မိုးဆင်းရနံ့၊ သင်းပျံ့ပျံ့နှင့်
သန့်ရှင်းလေများ၊ တိုက်ခတ်ထား၍
လားရှိုးလွင်ပြင်၊ ရှေ့မြောက်တစ်ခွင်ဝယ်
သစ်လွင်အေးချမ်း၊ အလှဆန်းလည်း
သောင်းကျန်းသူများ၊ ဝင်ရောက်ထားပြီး
လူအားဝန်းရံ၊ တိုက်ခိုက်ပြန်ရင်း
ကျည်ဆန်ဝဲပျံ၊ အမြောက်ဆန်ကြောင့်
ခံရချက်ပြင်း၊ ရပ်ကွက်တွင်းသို့
ချင်းနင်းပေါက်ကွဲ၊ မြည်သံစွဲလျက်
ရလည်းဒဏ်ရာ ပြည်သူမှာ ...............။
(၂)
အချုပ်အခြာ၊ ထိပါးလာပြီး
ခုခါမှာလည်း၊ တိုင်းနယ်ထဲထိ
ကျောက်မဲနောင်ချို၊ မြို့များခိုကာ
လိုရာပစ်ခတ်၊ တရစပ်နှင့်
သတ်ဖြတ်၍ထား၊ ပြည်သူများကို
လူသားဒိုင်းနှယ်၊ အကာကွယ်နှင့်
ရည်ရွယ်ချက်ထား၊ တိုက်ခိုက်သွား၍
များစွာပြည်သူ၊ သောကဆူ၍
လူလည်းသေကုန်၊ အိမ်ပါတုန်လျက်
ခုန်ချထွက်ပြေး၊ စစ်မဲ့ဘေးဆီ
ဝေးရာသို့သာ ပြေးထွက်ခွာ ....... ။
(၃)
မိုးများသော်လည်း၊ အားမာန်ခဲ၍
ဇွဲတင်းကာထား၊ နေဝန်းနီသားတို့
တိုက်ထားကျွမ်းကျင်၊ စစ်မြေပြင်တွင်
သူတင်မှတ်ရိုး၊ စစ်မက်ထိုး၍
စစ်မိုးစစ်ဒဏ်၊ ကြံ့ကြံ့ခံလျက်
ပြင်းထန်ဗုံးများ၊ ယမ်းငွေ့ကြားဝယ်
ပြတ်သားရဲရင့်၊ အားမာန်ဝင့်၍
မြင့်မြတ်စိတ်ထား၊ ကာကွယ်ထားရင်း
မြို့များမကျရေး၊ အလေးပေးလျက်
သက်ပေး၍သာ ကာကွယ်မှာ ..................။
(၄)
ဪ .....
မိုးဖွဲဖွဲကြား၊ နေဝန်းနီများသည်
စိတ်ထားထက်သန်၊ ကောင်းကင်ယံထိ
ရည်သန်ထိုးဖောက်၊ အမြင့်ရောက်အောင်
တောက်လျှောက်ရှင်းလင်း၊ စစ်တလင်းတွင်
သတ်ကွင်းဖြတ်ကွင်း၊ တိုက်စီးနင်းရင်း
စစ်ခင်း၍လာ၊ ရန်သူ့ဗျူဟာကို
ရိုက်ကာချိုးဖျက်၊ အဘက်ဘက်မှ
လက်နက်ကိုသုံး၊ ဝိုင်းချေမှုန်း၍
နှလုံးထက်တွင်၊ ကမ္ပည်းတင်ရင်း
ရှင်သန်သည်ထိ၊ ကမ္ဘာသိအောင်
မိမိတို့သည် ကာကွယ်မည်။
နေနှယ်လနှယ် လင်းရောင်ခြည်။
အရှေ့မြောက်ဆီက နေဝန်းနီ ....... ။ ။
ကျူးကျော်လာသောရန်သူများကို တိုက်ခိုက်ချေမှုန်းနေသောအရှေ့မြောက်ဆီမှ
တပ်မတော်သားသူရဲကောင်းနေဝန်းနီများသို့ ဂုဏ်ပြုရေးဖွဲ့ပါသည် ............။
ရဲမင်းစိုး