
ရန်ကုန် ဇူလိုင် ၆
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် နွယ်အေး ရပ်ကွက်နှင့် သာကေတမြို့နယ် အနော်မာရပ်ကွက် တို့တွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားနေကြောင်း သတင်းအရ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဆရာဝန်များ၊ သူနာပြုများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒေါပုံမြို့နယ် အောင်မင်္ဂလာရပ်ကွက် အောင်သိဒ္ဓိ ဓမ္မာရုံတွင် ဖွင့်လှစ်ထားရှိသည့် ယာယီဆေးပေးခန်း သို့ရောက်ရှိရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျန်းမာရေးပညာပေး ခြင်း၊ နေအိမ်ရှိ အခန်းများအားလုံးနှင့် အိမ်သာများကို ကလိုရင်းဆေးရည်ဖြင့် ကြမ်းတိုက်ခြင်း၊ သန့်ရှင်းရေး လုပ်ခြင်းများ ဆောင်ရွက်စေပြီး Water Purification Tablets များ ဖြန့်ဝေခြင်း၊ အလားတူ ရောဂါထပ်မံ ဖြစ်ပွားသူ ရှိ/မရှိ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နွယ်အေးရပ်ကွက်အတွင်း အိမ်သာ တည်ဆောက်သုံးစွဲမှုနှင့် ရေသုံးစွဲမှုအခြေအနေများ ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
အဆိုပါ နွယ်အေးရပ်ကွက်တွင် အိမ်ခြေ ၁၆၆ အိမ်၊ လူဦးရေ ၆၄၆ ဦး နေထိုင်ကြပြီး ခြောက်ခန်းတွဲပါ ဘုံအိမ်သာတစ်လုံး၊ သုံးခန်းတွဲပါ ဘုံအိမ်သာတစ်လုံး၊ အခြားအိမ်သာ သုံးလုံးနှင့် သုံးရေအဖြစ် လက်နှိပ် တိုကင်ရေနှင့် မိုးရေအသုံးပြုကြကာ သောက်ရေ အဖြစ် ရေသန့်ဘူးများကို အသုံးပြုကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သာကေတမြို့နယ် ထူပါရုံရပ်ကွက်နှင့် အနော်မာရပ်ကွက်တွင် ဂျိုးဖြူ ရေပေးဝေသည့် ပိုက်ပေါက်သည့်နေရာကို ကြည့်ရှုစစ်ဆေးပြီး တာဝန် ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများ သည် အနော်မာရပ်ကွက် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွား ရာလမ်းရှိ နေအိမ်များတွင် သိုလှောင်ထားသော ရေကန်များ၊ တိုင်ကီများ၊ အုတ်ကန်များအား Stock Solution ဖျော်၍ ကလိုရင်းဆေးခတ်ခြင်း၊ Water purification Tablets များ ခတ်ခြင်းနှင့် ဖြန့်ဝေခြင်း၊ ရောဂါဖြစ်ပွားသည့် နေအိမ်များမှ သောက်ရေနှင့် သုံးရေ ရေနမူနာများယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီး အလားတူ ရောဂါထပ်မံဖြစ်ပွားမှု ရှိ/မရှိ စောင့်ကြပ်ကြည့်ရှု နိုင်ရေးအတွက် အနော်မာ ရပ်ကွက် လမ်းသစ်(၂)လမ်း ရတနာသီရိ ဓမ္မာရုံတွင် ဆေးခန်းဖွင့်လှစ်ထားရှိကြောင်းနှင့် ဝမ်းပျက်၊ ဝမ်းလျှောခြင်းကြောင့် ဆေးရုံတက်လူနာ ရှစ်ဦး၊ ဆေးရုံပြင်ပလူနာနှစ်ဦး၊ ကျန်းမာရေးဌာနမှ ကွင်းဆင်း ကုသပေးစဉ် တွေ့ရှိခဲ့ရသော လူနာနှစ်ဦး၊ စုစုပေါင်း ဝမ်းပျက်ဝမ်းလျှော လူနာဦးရေ ၁၂ ဦးရှိခဲ့ ပြီး ၎င်းတို့အနက်မှ တစ်ဦးသည် ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့်မဟုတ်ဘဲ ခုခံအားကျဆင်းမှု ရောဂါ အခံရှိ၍ သေဆုံးခဲ့ကြောင်း၊ အဆိုပါ ရပ်ကွက်များ အတွင်းဆေးခန်းဖွင့်လှစ်၍ ရောဂါစောင့်ကြပ်ကြည့်ရှု ခြင်းကို ဆောင်ရွက်ထားရှိကြောင်းနှင့် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က လူနာများအတွက် ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သာကေတမြို့နယ် သာကေတအဝိုင်း တွင် မြို့နယ်နေပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ရန်နေရာနှင့် ဧရာဝဏ်ရေပေးဝေ ရေးစခန်း(၂) ရေဂါလန် နှစ်သိန်းဆံ့ ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)