
မောင်လူမွှေး(မြန်မာမှု)
မြန်မာ့စာပေယဉ်ကျေးမှုများသည် ဗုဒ္ဓစာပေများနှင့် အနည်းအများဆိုသလို တစ်နည်းမဟုတ် တစ်နည်း ဆက်နွှယ်မှုရှိနေပေသည်။
အခါအားလျော်စွာ နံနက်မိုးလင်းတရားတော်နှင့် ပရိတ်ပဋ္ဌာန်းရွတ်ဖတ်သည်ကို ကြားနာရသောအသံ နံနက်ချိန်ခါ တေးသံသာများကို နားဆင်ရသော အသံများသည် ကြည်နူးရပါ၏။
ထိုအထဲတွင် ရတနသုတ်လာဝနပ္ပဂုမ္ဗေ…အစချီ…ဂါထာပိုဒ်ရောက်သောအခါ ဗုဒ္ဓဘုရားရှင်၏ လောကသဘာဝအလှ အမြင်ရသကို ခံစား၍ သဒ္ဓါ ကြည်ညိုရပါ၏။
ထိုဂါထာတော်အပိုဒ် မြန်မာပြန်သဘောမှာ နွေဥတုစတင်ရောက်ပြီး ပထမလတွင် ရွက်ဟောင်း များကြွေ၍ ရွက်သစ်များဝေနေသော တောတန်း တစ်လျှောက်ရှိ သစ်ရိပ်တောင်ရိပ်တို့သည် ခရီးပန်း လာသူအဖို့ နားခိုလိုက်သောအခါ အေးမြမှုခံစားရ သလို သံသရာခရီးပန်းလာသူများအဖို့လည်း ငါဘုရား၏ဂုဏ်တော်၊ တရားတော်၏ဂုဏ်တော်၊ သံဃာတော်တို့၏ ဂုဏ်တော်တည်းဟူသော အရိပ် အာဝါသမှ နားနေကြည့်ပါက ငြိမ်းချမ်းမှု ရှိပါလိမ့် မည်ဟု ဆိုလိုပေသည်။
ဂိမ္မာနံ၊ နွေလတို့၏။ ပထမမာသေ၊ ပထမလ သည် (ဝါ) တပေါင်းလပြည့်ကျော် ၁ ရက်နေ့မှ တန်ခူးလပြည့်နေ့ ကြားကာလသည်ဟု ဆိုလိုပေ သည်။ (ခုဒ္ဒကနိကာယ်-သုတ္တနိပါတ် ရတနသုတ်၊ ဝနပ္ပဂုမ္ဗေ ဂါထာအဖွင့်) တွံတေးဆရာတော်ကြီး၏ ပရိတ်ကြီး နိဿယလင်္ကာသွားမှာ ရွတ်ဆို၍ အထူး ကောင်းလှပါသည်။ သပြေကန်ဆရာတော် ဦးဝါသေဋ္ဌ ၏ ပရိတ်ကြီးနိဿယတွင် တပေါင်းလအဖွင့်ကို အကျယ်တဝင့် ကြည့်ရှုနိုင်ပါသည်။
ယခင်လများက လရာသီအကြောင်းနှင့် လအလိုက်လင်္ကာစာပေများကို ရေးသားခဲ့ရာတွင် ရှေးစာဆိုကြီးများ၏ ရာသီပွဲအမျိုးမျိုးကို ဖော်ပြရာ၌ ရတု၊ ရကန်၊ အဲအန်၊ လူးတား၊ တေးထပ်၊ သဖြန်၊ ခွန်းထောက်၊ လွမ်းချင်း၊ ပတ်တိုက်၊ လေပြေ စသည် ဖြင့် ထွေထွေရောရာ အလင်္ကာများကို ဖော်ပြခဲ့ပေ သည်။
ယခုတပေါင်းလ စာအလင်္ကာကိုမူ ပျို့ကြီးနှင့် တောလားကြီး စာကြီးပေကြီးဖြင့် ဖော်ပြပါမည်။ အင်းဝခေတ်တွင် ထင်ရှားခဲ့ကြသည့် ပေလေးပင် ရှင်လေးပါးဟု အမည်တွင်သော ရှင်ဥတ္တမကျော်၊ ရှင်အုန်းညို၊ ရှင်မဟာသီလဝံသ၊ ရှင်ခေမာ လောင်းလျာတို့သည် (ခရစ်နှစ် ၈၄၅ ခုနှစ်တွင်) တောင်တွင်းကြီးမြို့နယ်တွင် လရက်များ မရှေး မနှောင်းပင် မွေးဖွားကြလေသည်။ ပါရမီရှင် လူငယ် လေးဦးစလုံးပင် နတ်နှီးလင်း ဆရာတော်ထံတွင် အခြေပါဒ သင်ဦးစက သင်ခဲ့ကြပေသည်။
ဤဆောင်းပါးပါ အကြောင်းအရာတွင် ပါဝင် သော တပေါင်းလ စာအလင်္ကာကို ရှင်ခေမာမှအပ ကျန်စာဆို သုံးဦးလုံးပင် ရေးဖွဲ့ခဲ့ကြပေသည်။ ရှင်မဟာသီလဝံသက ဗုဒ္ဓုပ္ပတ္တိပျို့တွင် တစ်ခန်း ရေးခဲ့သည်။ (လတပေါင်းဆောင်းပါးတွင် အမြွက်မျှ ဖော်ပြပြီး) ရှင်အုန်းညိုကမူ ဂါထာ ၆၀ ပျို့တစ်ခုလုံး တွင် တပေါင်းလကို အကြောင်းပြု၍ ရေးဖွဲ့ထားခြင်း ဖြစ်ပေသည်။
ဂါထာ ၆၀ ဟုဆိုသော်လည်း မူရင်းဗုဒ္ဓဝင်အဋ္ဌ ကထာလာဂါထာ ၆၄ ပုဒ်ကို ဖွဲ့ဆိုခြင်း ဖြစ်သည်။ အနည်းငယ်ပိုသည်ကို ပမာဏမပြုဘဲ ဂါထာ ၆၀ ဟုပင် မည်တွင်လေသည်။
စာဆိုသည် ထိုဂါထာများပါ အကြောင်းအရာများ ကို လင်္ကာပိုဒ်ရေ ၈၄ ပိုဒ်ဖြင့် အကျယ်ဖွင့်ဆိုထား လေသည်။ နိဂုံးလင်္ကာ ကိုးပိုဒ်ကို ပေါင်းပါက ၉၃ ပိုဒ်ရှိလေသည်။
ဤပျို့ကို အင်းဝခေတ် ရွှေနန်းကြော့ရှင် ဘုရင် လက်ထက် သက္ကရာဇ် ၈၇၉ နှစ် ကဆုန်လပြည့် သောကြာနေ့တွင် ရေးသားပြီးစီးသည်ဟု နိဂုံးအရ သိရပေသည်။
အကြောင်းအရာအကျဉ်းမှာ ဘုရားရှင်အား ရာဇဂြိုဟ်ပြည်မှ ကပိလဝတ်ပြည်သို့ ကြွမြန်းတော်မူ ပါမည့်အကြောင်းကို ဖွားဖက်တော် ကာဠုဒါယိက လျှောက်ထားခြင်း ဖြစ်လေသည်။ ထိုသို့ လျှောက်ထား ချက်များတွင်---
နေပြည်တော်ဌာန သားဗုဒ္ဓကြွစေလိုကြောင်း၊ ဖခမည်းတော် သုဒ္ဓေါဒနမင်းကြီးက ပင့်စေခိုင်းပုံ၊ ဆောင်းနှောင်းနွေကူး တပေါင်းလသာယာပုံ၊ လယ်ယာအလှူဖြစ်ပုံ၊ မိဘနှစ်ပါး ကျေးဇူးကြီးမားပုံ၊ တောလမ်းခရီး သစ်သီးပန်းမာလ်မျိုးစုံ သီးပွင့်နေပုံ၊ သားမျိုးစုံစုဝေး၍ ဟစ်ကြွေးကာ ဘာသာဘာဝရှိနေ ကြပုံ၊ ငှက်မျိုးစုံပေါင်းစုံ၍ ရောင်းစုံကျင်းသည့် အဆင်းအလှများ တွေ့ရမည့်ပုံ၊ မြစ်ဖျား ချောင်းနား ရေကန်များ သာယာလှပမှုများရှိနေပုံ၊ ဆွေတော် မျိုးတော်များနှင့် လူ၊ နတ်တို့ ကြည်ညိုနိုင်ဖို့ အစုံစုံ တို့ကို အခန်းလိုက် အခန်းလိုက် ရေးဖွဲ့ထားလေ သည်။
အထူးလေ့လာဖွယ်ရာများ ပြည့်နှက်နေ
ယနေ့ခေတ် ငှက်သုတေသန(Ornithology)၊ ပန်းသုတေသန(Botany)၊ လိပ်ပြာသုတေသန (Lepidopterology)၊ သားငှက်တိရစ္ဆာန် သုတေသန (Zoopsychology) စသည့် သုတေသနပညာရှင်များ သည် လွန်ခဲ့သည့်နှစ်ပေါင်း ၅၀၀ ကျော်၊ ၆၀၀ အတွင်းက အမည်နာမ အမျိုးအစားခွဲခြား၍ လေ့လာနိုင်သော အကြောင်းခြင်းရာများ ပြည့်နှက် နေလေသည်။ အထူးသဖြင့် ကုန်းဘောင်ခေတ်တွင် ပေါ်ပေါက်လာသော ဆေးအဘိဓာန်ကျမ်းကြီးများ တွင် အနောက်တိုင်းနှင့် အိန္ဒိယဝေါဟာရများကို ဖွင့်ဆိုရာ၌ ဤပျို့ပါ ဆေးပင်အမျိုးအစားများနှင့် ညှိနှိုင်း၍ ဖွင့်ဆိုထားသည်ကို တွေ့ရလေသည်။ စာပေသုတေသနပြုသူအဖို့ အထူးလေ့လာဖွယ် မှတ်သားဖွယ်ရာများ ပြည့်နှက်နေပါသည်။
အခန်း (၂) ပါ ဆောင်းနှောင်းနွေကူး တပေါင်းလ သာယာပုံတို့ကိုရေးဖွဲ့ရာ မူလပါဠိဂါထာမှာ သုံးပုဒ် သာဖြစ်ပါ၏။ ထိုကို ပျို့လင်္ကာပိုဒ်ရေ ခုနစ်ပိုဒ်ဖြင့် ဖွဲ့ထားပါ၏။
ပိုဒ်ရေ(၉) မျှော်ရှုမျှော်ရှုမျိုးတစ်စုတွင် ရာဟုအမိ အစချီကာ-
…သွားခါတန်စွ၊ ဤကာလ၊ ချမ်းမြမသန်၊ ပြင်းထန်မပူ၊ လွင့်မြူမထောင်း၊ ညွန်လျောင်း မချဉ်း၊ လေပြင်းမလာ၊ သည်းစွာထစ်ကြိုး၊ အုံ့မိုဃ်း မစွေ၊ ရေလည်းမကြီး…ဟူ၍ လည်းကောင်း
ပိုဒ်ရေ(၁၂)တွင် ပျော်မှုပျော်မှု မျှော်ကြည့်ရှု၍ ရတုကောင်းစွာ အစချီကာ…
ဤအခါကား၊ သာသည်ညှင်းညှင်း၊ မြောက် လေကြွင်းနှင့်၊ ဆီးနှင်းမကုန်၊ ပူဟုန်မသည်း၊ ပျံ့ပျံ့ပြည်းသား၊ တိမ်မည်းမဆိုင်၊ မြည်အိုင် ရိုက်ကြူး၊ မင်းလွင်မြူးသား၊ နွေဦးသရက်၊ အခါ ဖြစ်၍… ဟူ၍ လည်းကောင်း
ပိုဒ်ရေ(၁၃)တွင် ပေါ်လုပေါ်လု ညွန့်သက်နုနှင့် ရတုသာဖွေ အစချီကာ…
…ပင်စည်ဖြူးဖြူး၊ ရိပ်စက်ကူး၍၊ ငုံဖူးစီစို့၊ တချို့ ကားပွင့်၊ ကင်းနှင့်မညံ၊ မီးလျှံသဘွယ်၊ ဝင်းဝင်း ကယ်မျှ၊ ပြိုင်လယ်ရဲရဲ၊ အခဲခဲတိ၊ တောထဲ စုံကောင်း၊ ပန်းအပေါင်းနှင့်၊ ရွက်ဟောင်းပင် အောက်၊ ဖူးညှောက်လူလူ၊ ထွက်စပြူလျက်၊ ပျံ့ကြဧဧ၊ လေးညင်းသွေးသော်၊ မွှေးမွှေးရဂုံ၊ သင်းနံ့ထုံသို့…ဟူ၍လည်းကောင်း
အပိုဒ်ရေ(၁၄)တွင် ရော်နုရော်နု ရွက်သစ်ပြု လျက်ရတုအလိုက် အစချီကာ…
ခက်ချင်းဆိုက်၍၊ အကိုက်ငုံဖူး၊ ဖြူးရရူးလျင်၊ တန်ခူးမပြောင်း၊ တပေါင်းမကုန်၊ ပူဟုန်မပြင်း၊ နှင်းလည်းစဲစ၊ ကာလသာထွေ၊ ဆောင်းနွေ ဆိုးဆမ်း၊ ပူချမ်းနှစ်ပါး xxxxx
ခရီးဆက်ပိုင်း၊ လမ်းစဉ်တိုင်းတုံ၊ သစ်ကိုင်းညွန့် လမ်း၊ ဂနိုင်ပန်းဆီ၊ ထက်ဝန်းပြင်မျှ၊ ပွင့်လတ်ကြ သော်၊ ရွှင်ပျမြည်ရှုန်း၊ ပိတုန်းမည်းနက်၊ ဝတ်ရက်ယူယူ၊ ချစ်မူဘော်နှော၊ ရဂုံတောဝယ်၊ ဥဩကျေးငှက်၊ ယှဉ်ဘက်မကွာ၊ ဟင်္သာပဲထွေး၊ သံလေးကျူးဆင့်၊ ကြွေးရင့်မညံ၊ ခုန်ပျံပြေးသွား၊ တပင်နားလျက်၊ ပင်ဖျားပင်ခြေ၊ ဗွမ်းဗွမ်းထွေ လျက်၊ စုံမြေရိပ်ကောင်း၊ ရွှေများပေါင်းသည်၊ ဥဒေါင်းမောရ တွန်ပြီတည်း…ဟူ၍ လည်း ကောင်း
လမ်းခရီးအဆင့်ဆင့်ကို ရေးဖွဲ့ထားရာ ယနေ့ခေတ် တီဗွီ Discovery အစီအစဉ်တွင် သဘာဝ တောတောင်ရေမြေများကို ထက်အောက်ဝန်းကျင် ဒရုန်း(Drone)ဖြင့် ရိုက်ကူးထားသည်ကို ကြည့်နေရ သကဲ့သို့ ရသခံစားရပါ၏။
ဤသည်မှာ ရှင်အုန်းညို၏ဂါထာ ၆၀ ပျို့လာ တပေါင်းလ စာအလင်္ကာ၏ တစ်စိတ်တစ်ဒေသ ဖြစ်ပါသည်။
တပေါင်းလ စာအလင်္ကာတို့ ဖော်ကျူးသော အခြားဂန္ထဝင်မြောက် စာကြီးပေကြီးတစ်စောင်မှာ ရှင်ဥတ္တမကျော်၏ ဗုဒ္ဓဘုရားရှင် ကပ္ပိလဝတ် နေပြည်တော်သို့ ကြွချီတော်မူခန်း တောလား လင်္ကာကြီး ဖြစ်ပေသည်။
ဤတောလားလင်္ကာကြီးမှာ (၉) ပိုဒ်ရှိပါသည်။ စက်ဆယ့်နှစ်လီ ဒွါဒသီဝယ် သုံးလီဥတု လက်ဝဲလု သား… အစချီလင်္ကာ (၈) ပိုဒ်မှာ ကပ္ပိဝတ်ပြည် ကြွခန်းဖြစ်၍ (၉) ပိုဒ်မြောက်= မဂ္ဂင် ရှစ်တန်း၊ လမ်းမှန်ခရီး၊ ရပ်ကြီးသာစည်၊ ရောက်အံ့ရည်၍----အစချီသော၊ (၉) ပိုဒ်မြောက်မှာ -
အရိမေတ္တယျဘုရားရှင်လက်ထက်၌ ဗောဓိ လောင်းလျာအဖြစ် ဗျာဒိတ်ခံရပါလိုကြောင်း---
“ငါလိုလည်းကောင်း၊ ဗောဓိလောင်းဟု၊ ညွတ်ညောင်းတံဆိပ်၊ နုတ်ဗျာဒိတ်ဖြင့်၊ ခပ်နှိပ် သေချာ၊ နုတ်ဩဘာသည်၊ မြဲစွာဖြစ်လိမ့် လမှန် တည်း”
ဟု ဥဒါန်းနိမိတ် အကြောင်းဟိတ်ဖြင့် ရေးထားသော ဆုတောင်းလင်္ကာဖြစ်ပေသည်။ တောလားကြီး အစကို---
စက်ဆယ့်နှစ်လီ၊ ဒွါဒသီဝယ်- သုံးလီရတု၊ လက်ဝဲလုသား၊ ရတုသာစွ၊ လမဏ္ဍလျင်၊ သဘင် ဂိမှာန်၊ တာသင်္ကြန်ဟု၊ လေပြန်လွှင့်ကူ၊ ဘုံသစ် ထူ၍၊ ဥဏှဂူနတ်၊ ဖန်ရဟတ်လည်း၊ သဟဿရောင်၊ ခြည်တထောင်ဖြင့်၊ ပြောင်ပြောင် ဝင်းထိန်၊ အာဏာနှိပ်လျက်၊ ပြင်းရှိန်အန္တ၊ ဂုဏ်စွမ်းပြသော်-----
ဟု အစချီရေးဖွဲ့ထားရာ အရပ်စကားဖြင့်ပြောရ ပါက ၁၂ လရာသီရှိ ဥတုသုံးပါးတွင် တပေါင်း၊ တန်ခူး ရတု သင်္ကြန်ပြောင်းသော အခါသမယတွင်ဟု ဆိုလို ပေသည်။
သို့သော် ဥတု၊ ရတု၊ လက်ဝဲလု၊ လမဏ္ဍ၊ သဘင် ဂိမှာန်၊ အတာ၊ သင်္ကြန်၊ ဥဏှဂူနတ်၊ ဖန်ရဟတ်၊ ရောင်ခြည်ထောင်… စသည်တို့မှာ ဗေဒင်ပညာရပ် ရာသီစက်နက္ခတ်နယ်ပယ်ကို အကျွမ်းတဝင်ရှိပါမှ (သို့)မြန်မာစာပေ၊ မြန်မာမူများကို အထူးပြုလေ့လာ သူများသာ သိနိုင်သော ဝေါဟာရ အသုံးအနှုန်းဖြစ်ပေ သည်။ ထိုသို့ နွေဥတုရောက်သောအခါ ရော်ရွက်ဝါ တို့ ကြွေကျရွက်သစ် ပုရစ်ဖူးမြစိမ်းရောင်များ ဖူးပွင့် စေသည် ပွင့်လေပြီကို---
…လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက် ရော်ရီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတဝက်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံး လင်းသား၊ သီးကင်းနုစ၊ အချို့ကမူ…
ဟု ကာရန်နဘေ၊ ဂုဏ်ရသ၊ စာအလင်္ကာများနှင့် ခြယ်မှုန်းထားရာ ရှေးအခါက စာပေနှင့် အကျုံးတဝင် မရှိသည်တိုင် အများအားဖြင့် သိရှိခံစားနိုင်ကြပါ၏။ ဤတောလားလင်္ကာကြီး ကဲ့သို့သော စာအလင်္ကာ များမှ မြစ်ဖျားခံသော အတက်အထွက်များသည် မြန်မာ့ဂီတ ရသစာပေများတွင် ထင်ဟပ်ကျန်ရစ် ခဲ့ပေသည်။
သီချင်းကြီး သီချင်းခန့်များတွင် မြမြ မောင်းမောင်းပတ်ပျိုး၊ မြဝတီမင်းကြီး ဦးစရေးပြီး ရဝိန်ဒေါင်းယာဉ်ပျံ ပတ်ပျိုး မန္တလေး ဦးဘသိန်းရေး၍ အဆိုတော် ကိုအံ့ကြီး မိန်ရာသီ သီချင်း၊ ဂီတနတ်သံ ကိုစောငြိမ်း ရေးဖွဲ့၍ အဆိုတော် မောင်မောင်ညွန့် သီဆိုသော ဝသန်ခါဦး သီချင်း၊ ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်ရေး၍ ရေနံ့သာစိုးလှိုင် သီဆိုသော ကမ္ဘာကုန်ကျယ်သရွေ့ စသည် စသည့် သီချင်းများပါ သံစဉ်တေးသွား ကာရံများသည် ဤတပေါင်းလဘွဲ့ စာအလင်္ကာများ၏ အဖူးအပွင့်များပင် ဖြစ်ပေသည်။
စာဆို ဥတ္တမကျော်၏ တောလားကြီးလင်္ကာမှာ စာဆိုရှင်အုန်းညို၏ ဂါထာ ၆၀ ပျို့ကဲ့သို့ တပေါင်းလ ကာလတစ်ခုတည်းကိုသာ ရေးခြင်းမဟုတ်ဘဲ မိဿ၊ ပြိဿ၊ မေထုဋ်၊ ကရကဋ် စသည့် တစ်နှစ်တာကာလ ၁၂ လ ရာသီစက်များသို့ နေသွားလများကို တာရာ နက္ခက်စန်းယှဉ် လပြည့်သဘာဝတရားကို ရေးသား ပြီးမှ တပေါင်းလခါ ရာသီမှာ အဆုံးသတ်ထားပြီး မည်သို့ မည်ပုံ သာယာပြန့်ပြူးသည် ကောင်းလှသည် စသည်အကြောင်းအရာကို ရေးဖွဲ့ထားခြင်းဖြစ်ပေ သည်။
…မင်းလွင်လိုကို၊ စုံတခိုဝယ်၊ လေချိုဝန်းလု၊ လွမ်းရတု၌၊ ရွက်နုမငြိမ်၊ မြေနှင့်ချိန်လျက်၊ ချိန်ရာသီခွင်၊ မိန်သဘင်မှာ၊ ဗျိုင်းတာရာတို့၊ မြိုင်မှာမြိုင်လျောက်၊ ရွှေပိတောက်လည်း၊ ဖူးညှောက်ပွင့်ချိန်၊ သီတာသိဟ်ဝယ်၊ သောင်တိမ် ငွေဥ၊ သဲဗွေနုနှင့်၊ ဝတ်စုညွန့်ချီ၊ သရဖီမူ၊ ကြိုင်ဆီ လှိုင်သက်၊ ရေဖက်ဆွတ်နှင့်၊ ချွေလွှတ်စောစွာ၊ သည်ချိန်ခါကို၊ သောတပန်မည်၊ မဟာထေရ်တို့၊ မကြည်နိုင်အောင်၊ ခိုးမြူမှော်ခဲ့…။
ဟု ရေးဖွဲ့ထားရာ တပေါင်းလ၏ လွမ်းမောဖွယ်ရာ သဘာဝပတ်ဝန်းကျင်ကြီးသည် စိတ်တည် ရင့်ကျက်မှုရှိပါပေသည်ဆိုသော သောတပန်များပင် တွင် စိတ်ကယောက်ကယက် ဖြစ်နိုင်သည်ဟု ရေးစပ်ထားလေသည်။ စာဆိုရေးဖွဲ့သော တောလား ကိုးပိုဒ်ကို ဖတ်ရှုရသောအခါ ရသာစုံစားပွဲကြီးကို ဂီတကပွဲနှင့်တကွ ကြည့်ရှုခံစား စားသောက်ရသကဲ့ သို့ ရှိလှသည်ဟု ဥပမာတင်ချင်ပါသည်။ ထို့ထက် ထူးခြားသည်မှာ ဤတောလားကြီး၏ အချပိုဒ်များ ဖြစ်ပေသည်။ ဤအချပိုဒ် (၉) ပိုဒ်ကို ဗြုန်းစားကြီး ဖတ်ရွတ်ကြည့်လျှင် ဂမ္မဒေါသသင့်သည်ဟု ထင်ဖွယ် ရာဖြစ်ပါသည်။
ဤတောလား စာအလင်္ကာသည် အမှန်တော့ ဘုရားရှိခိုးပင်ဖြစ်ပါသည်။ (ပညာရှင်များ ယခင် သုံးသပ်ချက်ရှိပြီး) အချပိုဒ်များတွင် လ အသုံးသည် ထူးခြားလှပေသည်။ ထို့ကြောင့်လည်း နာမည်ကြီး လှ၏။ အငြင်းပွားဖွယ်ရာ ဖြစ်ရ၏။ မြန်မာစာပေ အရေးအသား၌ အချို့သော ဝါကျစာပိုဒ်တို့တွင် “လ” အသုံးအနှုန်းသည် အကြောင်းအရာရေးဖွဲ့မှု ကိုလိုက်၍ ပါစမြဲ ဖြစ်ပါသည်။
ပရိတ်ကြီး မေတ္တာပို့ ပဋ္ဌာန်းစာပေတို့တွင် ရှေ့နှင့်နောက် တူရာရာတွင် အသေးစိတ် ဖော်မပြ တော့ဘဲ ကြားတွင် “လ” ခံ၍ ရေးသည်များကို တွေ့ဖူးကြမြဲဖြစ်ပါသည်။ ထိုသို့သော “လ” ကို “ပေယျာလ” ကြပ်သည်။ ခံသည်။ ထိုးသည်ဟု ခေါ်ပေသည်။ “ပေယျာလကံ ဝကွက်ချန်” စကားပုံ ပင် ရှိပေသည်။ ထိုကဲ့သို့ “လ” ကလည်း တစ်မျိုးပေ။
“အကြံခက်ပါသနော် သံလျက်တော် ခိုးတဲ့သူကို လ” ဟူသော ငိုချင်းတွင်ဆိုသော “လ” မျိုးလည်း ရှိပေသည်။
ရှင်မဟာရဋ္ဌသာရ စာဆိုတော်အကျော် ဆရာတော်၏ကိုးခန်းပျို့ပိုဒ်ရေ ၄၁ တွင်-
အိုမင်းမစွမ်းဖြစ်ကာမှ ရသေ့ရဟန်းလုပ်သူနှင့် ငယ်စဉ်ပျိုမြစ်နုနယ်အရွယ်ငယ်က လုပ်ဆောင် ချက်သည် ကွာခြားမှုရှိကြောင်း နှိုင်းယှဉ်ပြသော အပိုဒ်တွင်-
…လူစွမ်းသဘွယ်၊ ပျိုနုနယ်က၊ စင်ကြယ် သိမ်မွေ့၊ ရသေ့ရဟန်း၊ ဖြစ်ထွန်းလေငြား၊ ထိုသူ့ အားကို၊ ဘုရားကစ၊ ပဏ္ဍိတတို့၊ လွန်လှ ကြည်ညို၊ ချီးမွမ်းဆို၏။ ထိုကိုစာနာ၊ ငယ်သော ခါက၊ သဒ္ဓါနိုးပင့်၊ တရားကျင့်လိမ့်၊ သက်ရင့် မကြီး၊ လ မီတည်း…။
ဟု ရေးသားထားချက်တွင် “လ” အသုံးတို့သည် ကွာခြားပါ၏။ ဤကဲ့သို့ “လ” အသုံးသည် အခြား ပျို့ကဗျာလင်္ကာများတွင်လည်း ရှိပါ၏။
ရှင်ဥတ္တမကျော်၏ တောလား ကိုးပုဒ်ပါ အချပိုဒ် (၉) ပိုဒ်တွင်ပါသော “လ” သည် ရှေးကဖော်ပြခဲ့သော အကြောင်းအရာများကို စုစည်းသော ငင်သော “လ” အက္ခရာဖြစ်ပေသည်။ ပါဠိသဒ္ဒါသုံးဝေါဟာရနှင့် ပြောရ ပါက သမုစ္စည်း ဟုခေါ်လေသည်။ သာဓကအနေနှင့်-
“ဘီလူးသွားကို လ ဖြဲတည်း” ဆိုသော အပိုဒ်တွင် ဒေါသစရိုက်ကြီးသည့် ဘီလူး အပါအဝင် ကုဝေရ၊ ယက္ခ၊ တာနော၊ ကုမ္ဘန္ဓ စသည့် နတ်ဘီလူးများသည် ဘုရားရှင်ကို ဖူးမြင်ရ၍ ဝမ်းမြောက်ဝမ်းသာ ရှိကြပုံ ကို တစ်ဦးတစ်ယောက်မျှသာမက အထက်ပါ နတ် ဒေဝတာ ဘီလူးများသည်လည်း ထိုကဲ့သို့ပင် ပြုံးရွှင် ကြည်နူးရှိကြပါကုန်၏ဟု ဆိုလိုခြင်း ဖြစ်ပေသည်။
“ထို့အတူ မုဆိုးချုံက လချောင်းတည်း” ဆိုရာ တွင်လည်း ဘုရားရှင်ကြွလာသောအခါ ငှက်ခပ် သမား သားငါးရှာ တံငါမုဆိုး ဒုစရိုက်မျိုးဖြင့် သက်မွေးကြကုန်သော သူတို့သည်လည်း ဘုရားရှင် ၏ ဘုန်းတန်ခိုးတော်ကြောင့် ကြည်ညိုစိတ်ဖြင့် လေးမြား စသည်တို့ မမြင်ကွယ်ရာတွင် ဝှက်၍ ရှက်ကြောက်ရွံ့ပြီး ပုန်းလျှိုးကွယ်လျှိုး သဒ္ဓါလှူလု ပူဇော်မှုဖြင့် ထောကုတောင်ရိုး ခင်တန်းကုန်း ချုံကြားများမှချောင်း၍ ရှိခိုးကြည်ညိုကြပုံကို ရေးဖွဲ့ထားခြင်းဖြစ်လေသည်။ မုဆိုး ငှက်ခပ်သမား တို့သာမက အခြားသူများလည်း ထိုသို့ပင် ချောင်း၍ ချောင်း၍ ကြည်ညိုကြပုံကို ရည်ညွှန်းထားခြင်းဖြစ် သည်။ ထို့ကြောင့် “လ” သည် မုဆိုးချုံက ချောင်းချောင်းတည်းဟူသော ထပ်ဆင့်ဆိုရန်ကို ညွှန်းသည်ဟု ဆိုရာ၏။ ထိုသို့ပင် အခြားအကြောင်း အရာ အပိုဒ်များကိုလည်း ဤသို့ပင် ရွတ်ဖတ်ရာ၏။ (နောင်အကျယ် ဖော်ပြပါမည်)
မြန်မာစာ မြန်မာမှုကား ကျယ်ပြန့်ပါ၏။ ဂုဏ်ရသအလင်္ကာများဖြင့် ထုံမွမ်းသော ဤ တောလားကြီး (၉) ပုဒ်အချကို ဖော်ပြပါမည်။ စာရှုသူ များ ပဟေဠိ၊ အာမေဋိတ်၊ ကိလိဋ္ဌဖြင့် ဤစာ၏ မူရင်းစာပိုဒ်များကို ရှာဖွေဖတ်ရှုမှု ပြုနိုင်ကြပါစေ…မြန်မာစာ မြန်မာမှုများ၏ လေးနက်မှုများကို မြတ်နိုးနိုင်ကြပါစေ တပေါင်းလ စာအလင်္ကာများကို နိဂုံးချုပ်အပ်ပါသည်။
အချပိုဒ် (၉) ပိုဒ် -
(၁) စက်ဆယ်နှစ်လီ၊ ဒွာဒသီဝယ်…အစချီ...
သီးမျိုးခိုင်ညှာ လပြွတ်တည်း…။ ။
(၂) စကြာဝဠာ၊ အာဏာဇာတိ…အစချီ...
ဘီလူးသွားကို လဖြဲတည်း…။ ။
(၃) ဝဿန်ဟေမ၊ ဂိမှအပြင်…အစချီ...
တောကြက်တောင်ပ လဖြုန်းတည်း…။ ။
(၄) တထာကတ၊ နှိုင်းဆမမြော်…အစချီ...
မုဆိုးချုံက လချောင်းတည်း…။ ။
(၅) အနုတ္တရ၊ တိလောကဟု…အစချီ...
မိုးမှာရွှေကြယ် လဥတည်း…။ ။
(၆) မြသယမ္ဘူ၊ ထွက်မှန်ကူလည်း…အစချီ...
ရွှေဖောင်မြစ်ညာ လဆန်တည်း…။ ။
(၇) မဟာသကျ၊ မုနိန္ဒဟု…အစချီ…
တရားဓားသို့ လထက်တည်း…။ ။
(၈) ဗျာဒိတ်ဩဘာ၊ မင်္ဂလာဖြင့်…အစချီ…
ပြုစုပျိုးထောင် လမွှေးတည်း…။ ။
(၉) နှောင်းဖြစ်အလာ၊ မိတေယျာလျင်…အစချီ…
မြဲစွာဖြစ်လိမ့် လမှန်တည်း…။ ။
- Log in to post comments