
၁။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade 12 ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင် စာမေးပွဲများကို ၁၁-၃-၂၀၂၄ ရက်နေ့မှ စတင်၍ ၁၉-၃-၂၀၂၄ ရက်နေ့ထိ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၏ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်နှောင့်ယှက်လျက်ရှိသောဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အခွင့်အရေး ဆုံးရှုံးခဲ့ကြပါသည်။
၂။ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအခွင့်အလမ်း မဆုံးရှုံးစေရန်အတွက် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်မရခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အထူးအစီအစဉ်တစ်ရပ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ပံ့ပိုးကူညီပေးမှုနှင့် သတ်မှတ် ထားသည့် အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား၊ ကျောင်းသူများအား စုစည်းခေါ်ယူ၍ စာမေးပွဲဖြေဆိုစေခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ဖြေဆိုမည့် နေ့ရက်နှင့် စာစစ်ဌာနများအား ထပ်မံထုတ်ပြန်သွားမည်ဖြစ်ပါသည်။
ပညာရေးဝန်ကြီးဌာန