ရန်ပုံငွေမှထုတ်ပေးထားသည့် အရင်းမပျောက်မတည်ငွေများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အကျိုးရှိစွာ စနစ်တကျအသုံးချနိုင်ရေးအတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်

 

နေပြည်တော်   မတ်   ၆
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၁/၂၀၂၄) ကြိမ် မြောက်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မတီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာန အကြီးအကဲများ တက်ရောက်ကြသည်။ 
ပြန်လည်ပေးဆပ်ခဲ့ကြသည်ကို တွေ့ရှိရ
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့်စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးက  ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့များသို့ ထုတ်ပေးထား သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသ ကြီး/ပြည်နယ်အစိုးရအဖွဲ့ ၁၄ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ခြောက်ခုသို့  ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁ ရက်မှစ၍ အတိုးနှုန်းသက်သာသော ချေးငွေများ ထုတ်ချေးပေးခဲ့ပြီး ချေးငွေများ ရယူခဲ့သည့်ဌာနနှင့်အဖွဲ့အစည်းများက သက်ဆိုင်ရာနှစ်အလိုက် အရင်း နှင့်အတိုးငွေများ ပြန်လည်ပေးဆပ်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း။ 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးစီမံကိန်းဆောင်ရွက်နိုင်ရေးအတွက် မူလလျာထားဧက ခြောက်သိန်းအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏  အဆိုပြုချက်အရ ဧက ၇ ဒသမ ၅၇ သိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီက ကြိုတင်ခွင့်ပြု ပေးခဲ့ပြီးဖြစ်ကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများကို လုပ်ထုံးလုပ်နည်း များနှင့်အညီ  ထုတ်ချေးခြင်းနှင့်  ပြန်လည်ကောက်ခံခြင်းများကို ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ရန်ပုံငွေမှထုတ်ပေးထား သည့် အရင်းမပျောက်မတည်ငွေများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အကျိုးရှိစွာ စနစ်တကျအသုံးချနိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း။
ဝိုင်းဝန်းဆွေးနွေး
ယခုအစည်းအဝေးတွင်   နိုင်ငံ့စီးပွားမြှင့်တင်ရေး    ရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများကို ဆွေးနွေး ညှိနှိုင်းဖြေရှင်းပေးရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ တို့မှ တင်ပြလာကြသော မတည်ရန်ပုံငွေထုတ်ချေးခြင်းဖြင့် ရရှိလာ သည့်အတိုးရငွေအား   ပြန်လည်ထုတ်ချေးခွင့်ပြုရန်ကိစ္စရပ်များနှင့် ပြန်လည်သုံးစွဲရန်ကိစ္စရပ်များ၊ လတ်တလော နယ်မြေဒေသအခြေအနေ အရ လုပ်ငန်းများရပ်ဆိုင်းသွားသဖြင့် ချေးငွေပြန်လည်ပေးဆပ်ရမည့် ကာလနှင့် အတိုး/အရင်းငွေများကို ဆိုင်းငံ့ထားရန်ကိစ္စရပ်များကို ဘဏ္ဍာ ရေးလုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေး ဝိုင်းဝန်းဆွေးနွေးပေးကြ ရန်ဖြစ်ကြောင်း ပြောကြားသည်။ 
ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဝင်များက နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ နွေစပါး၊  ပဲတီစိမ်းချေးငွေထုတ်ချေးခဲ့မှုနှင့်   ပြန်လည် ကောက်ခံရရှိမှု၊ မိုးစပါးချေးငွေထုတ်ချေးပြီးစီးမှု၊ ဆီစက်လုပ်ငန်းဖွံ့ဖြိုး ရေး ချေးငွေထုတ်ချေးထားမှု၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများက တင်ပြလာသည့်နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများထုတ်ချေးရာတွင် တွေ့ကြုံရ သည့် အခက်အခဲများနှင့် အားနည်းချက်များကို ဖြေရှင်းဆောင်ရွက်နိုင် ရေးနှင့် ချေးငွေထုတ်ချေးရေးလုပ်ငန်းစဉ်များအား ကြီးကြပ်ဆောင်ရွက် ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ကော်မတီဥက္ကဋ္ဌက လိုအပ်သည် များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်