
နေပြည်တော် ဇွန် ၂၈
ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ရုံးအုပ်နှင့် ဌာနခွဲ စာရေးများ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် ၂/၂၀၂၁ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီခွဲက ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယခုဖွင့်လှစ်သော သင်တန်း သည် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဦးစီးဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရုံးအုပ်နှင့် ဌာနခွဲစာရေးများအား မိမိတို့ဌာန၏ ရုံးလုပ်ငန်းနှင့် ငွေစာရင်းဘတ်ဂျက်ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ရာတွင် မှန်ကန်တိကျမှု ရှိစေရန်၊ လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်၊ ဌာနတွင်း ထိန်းသိမ်းထားရှိရမည့် စာရွက်စာတမ်း များ၊ အမှုတွဲများကို စနစ်တကျ စီစဉ်ဆောင်ရွက် နိုင်စေရန်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို ကောင်းစွာသိရှိနားလည်စေရန်၊ မိမိအထက် အရာထမ်းများကို အထောက်အကူပြု ကူညီပံ့ပိုး နိုင်စေရန်နှင့် မိမိကြီးကြပ်ကွပ်ကဲရသော အမှုထမ်း များကို ရှေ့ဆောင်လမ်းပြနိုင်စေရန်အတွက် “ရုံးအုပ်နှင့် ဌာနခွဲစာရေးများလုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် ၂/၂၀၂၁” ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း။
ယခုသင်တန်းတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်း ဥပဒေများ၊ စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားချက်များ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စများ၊ တင်ဒါလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ e-Government ၊ MLIS ၊ စာကြည့်တိုက်ပညာရပ် များအပြင် ရုံးသုံး အင်္ဂလိပ်စာအခေါ်အဝေါ်များနှင့် အစိုးရလျှို့ဝှက်ချက်အက်ဥပဒေတို့ကို ပို့ချပေးမည် ဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယရှေ့နေ ချုပ် ဦးစန်းလွင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။ သင်တန်း ကာလမှာ ရက်သတ္တ နှစ်ပတ်ကြာ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်