
နေပြည်တော် ဇွန် ၂၈
လုပ်ငန်းသုံးယာဉ်အုပ်စုတွင်ပါဝင်ပြီး အထူး တည်ဆောက်ထားသည့် Special Purpose Vehicle ယာဉ်များ တင်သွင်းမှုနှင့် သက်ဆိုင်သော မူဝါဒ လုပ်ထုံးလုပ်နည်းများ ညှိနှိုင်းအစည်းအဝေးနှင့် နယ်စပ်ကုန်သွယ်ရေးအသင်းများနှင့် ကုန်သွယ်မှု ကိစ္စရပ်များ ဆွေးနွေးခြင်း အစည်းအဝေးများတို့ကို ယနေ့မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အသိပေးခဲ့ပြီးဖြစ်
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းသည့် မူဝါဒများနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိစေရေးနှင့် နိုင်ငံတော်မှ ရသင့် ရထိုက်သော အခွန်များရရှိရေးဦးတည်ပြီး မူဝါဒများ ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ လုပ်ငန်းသုံးမော်တော်ယာဉ်များ တင်သွင်းရာတွင် နယ်စပ်စခန်းများမှ Brand New လုပ်ငန်းသုံးမော်တော်ယာဉ်များကိုသာ တင်သွင်းခွင့် ပြုရန်နှင့် ပို့ကုန်/ သွင်းကုန်ကုမ္ပဏီများမှ ပုံမှန် လိုင်စင်ဖြင့် မော်တော်ယာဉ်တင်သွင်းခြင်းများကို ကန့်သတ်၍ အရောင်းစင်တာ၊ အရောင်းပြခန်း ဖွင့်လှစ်ထားရှိသော ကုမ္ပဏီများမှ တင်သွင်းရောင်းချ ခွင့်ပြုရန် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ အသိပေးခဲ့ပြီးဖြစ်ပါကြောင်း။
အကြံပြုဆွေးနွေး
လုပ်ငန်းသုံးယာဉ်အုပ်စုတွင်ပါဝင်ပြီး အထူး တည်ဆောက်ထားသည့် Special Purpose Vehicle များဖြစ်သည့် အမှိုက်သိမ်းယာဉ်၊ ရေပုပ်စုပ်ယာဉ်၊ လူနာတင်ယာဉ်၊ ရေသယ်ယာဉ်၊ ဆီသယ်ယာဉ်၊ LPG/ LNG တင်ယာဉ်နှင့် Truck with Crane ကဲ့သို့ ယာဉ်တင်သွင်းမှုနှင့် ပတ်သက်၍ လက်ရှိကျင့်သုံး နေသော မူဝါဒများ ပြန်လည်လေ့လာသုံးသပ်ရန် အတွက် ယခုကဲ့သို့ အစည်းအဝေးပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများအနေဖြင့် အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း ပြောကြား သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြ သည့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Virtual စနစ်ဖြင့်ကျင်းပသည့် နယ်စပ်ကုန်သွယ်ရေးအသင်း များနှင့် ကုန်သွယ်မှုကိစ္စရပ်များ ဆွေးနွေးခြင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ပွင့်ပွင့်လင်းလင်း ဆွေးနွေး
အစည်းအဝေးတွင် နယ်စပ်ကုန်သွယ်မှုအခြေ အနေများ၊ မြေပြင်တွင်လက်တွေ့ဆောင်ရွက်နေမှု အခြေအနေများကို တက်ရောက်လာကြသူများ က ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်