
နေပြည်တော် ဇွန် ၂၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက မစ္စတာအာဂိုစတီနို အန်ဒရေးဂျီ၊ ကာဗာလျို ဖာနန်ဂျေ့စ် အား ဟနွိုင်းမြို့အခြေစိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော အန်ဂိုလာသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည်။
မစ္စတာ အာဂိုစတီနို အန်ဒရေးဂျီ၊ ကာဗာလျို ဖာနန်ဂျေ့စ်သည် ၁၉၈၉ ခုနှစ်တွင် အန်ဂိုလာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ပရှိ အန်ဂိုလာကိုယ်စားလှယ်အဖွဲ့ရုံးများတွင် ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ၁၉၉၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ အမေရိကန်နှင့် မြောက်အမေရိကန် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် (NAFTA) အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် မက္ကဆီကိုနှင့် ကနေဒါနိုင်ငံဆိုင်ရာ အန်ဂိုလာကုန်သွယ်ရေး ကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ များဆိုင်ရာ အန်ဂိုလာကုန်သွယ်ရေး ကိုယ်စားလှယ်အဖြစ်လည်း ကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ၂၀၁၅ ခုနှစ်တွင် အန်ဂိုလာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး၏ရုံး၌ အထူးအကြံပေး ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် အန်ဂိုလာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့် ပစိဖိတ်ဒေသပထဝီနိုင်ငံရေးဆိုင်ရာ ဌာန၊ ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ၎င်းသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော အန်ဂိုလာသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင် လျက်ရှိသည်။
သတင်းစဉ်