တရားမဝင် Online လောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများပြုလုပ်နေသည့် ထိုင်းနိုင်ငံသူ နိုင်ငံသား ၁၄၈ ဦး၊ တရုတ်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသူ နိုင်ငံသား ၅၄၀ စုစုပေါင်း ၆၈၉ ဦးတို့အား ဖမ်းဆီးရမိ

 

နေပြည်တော် ဖေဖော်ဝါရီ  ၂၃
တရားမဝင် Online လောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေသည့်  ထိုင်းနိုင်ငံသူ  နိုင်ငံသား ၁၄၈ ဦး၊ တရုတ်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသူ နိုင်ငံသား ၅၄၀ စုစုပေါင်း ၆၈၉ ဦးတို့ကို ယနေ့ နံနက်ပိုင်းတွင် တာချီလိတ်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ  တရားမဝင် Online  လောင်းကစားဂိမ်းများနှင့်ငွေကြေးလိမ်လည်သူများသည်  ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် တိုးနယားလမ်းရှိ ကျော်သိန်း(ခ) ခွန်မောင်ညို ပိုင်ဆိုင်သော ခြံဝင်းအတွင်း၌ တရားမဝင် Online ဂိမ်းများနှင့် ငွေကြေး လိမ်လည်မှုများ ပြုလုပ်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်း ပေးပို့ချက်အရ  လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ယနေ့နံနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင် ဝင်ရောက်ရှာဖွေစစ်ဆေးရာ ထိုင်းနိုင်ငံသူ နိုင်ငံသား ၁၄၈ ဦး၊ တရုတ်နိုင်ငံသား တစ်ဦးနှင့် မြန်မာ နိုင်ငံသူ နိုင်ငံသား ၅၄၀ စုစုပေါင်း ၆၈၉ ဦးတို့ကို   မော်တော်ယာဉ် ရှစ် စီး၊ မော်တော်ဆိုင်ကယ် အစီး ၁၂၀၊ Online ဂိမ်းလုပ်ကိုင်ရာတွင်  အသုံး ပြုသည့် Desktop ကွန်ပျူတာများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ယခုကဲ့သို့ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားများနှင့် တရုတ်နိုင်ငံသား တို့အား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများသို့        ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ် ကြောင်းနှင့်     မြန်မာနိုင်ငံသူ    နိုင်ငံသားများအား   တရားဥပဒေ အတိုင်း  ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။                                                                    

သတင်းစဉ်