
နေပြည်တော် ဖေဖော်ဝါရီ ၂၃
(၄၅) ကြိမ်မြောက် အာဆီယံစီးပွား ရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ (45th Meeting of the High-level Task Force on ASEAN Economic Integration- HLTF-EI) အစည်းအဝေးကို လာအိုနိုင်ငံ ဘန်ဘင်းမြို့၌ ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၁ ရက် အထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံစီးပွားရေးပေါင်း စည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် လာအို နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး H.E. Dr. Manothong Vongsay က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စား လှယ်များ၊ အာဆီယံဒုတိယ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
အစည်းအဝေး၌ ၂၀၂၄ ခုနှစ် တွင် လာအိုနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ကာလအတွင်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် သွားမည့် စီးပွားရေးပေါင်းစည်းမှု နှင့် ဆက်သွယ်မှု၊ အားလုံးပါဝင် စေရေးနှင့် ရေရှည်တည်တံ့သော အနာဂတ်၊ ဒီဂျစ်တယ်သို့ အသွင် ကူးပြောင်းခြင်းစသည့် မဟာ ဗျူဟာ လုပ်ငန်းစဉ်(၃) ရပ် အောက် တွင် ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းစဉ် (၁၄) ရပ် တို့ကိုဆွေးနွေးခြင်း၊ အာဆီယံ စီးပွားရေးအသိုက်အဝန်းလမ်းပြမြေပုံ - ၂၀၂၅ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေ များကို ပြန်လည်သုံးသပ်ခြင်း၊ ဆောင်ရွက်ရန် ရှိသည်များကို အပြီးသတ် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းနှင့် အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက်- ၂၀၄၅ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အကြံ ပြုချက်များ ဆွေးနွေးခြင်းနှင့် ၂၀၂၄ ခုနှစ် မတ် ၈ ရက်မှ ၉ ရက်အထိ ကျင်းပမည့်အကြိမ် (၃၀)မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများ သီးသန့်အစည်းအဝေး သို့ တင်ပြမည့်အကြံပြုချက်များကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့က အာဆီယံစီးပွား ရေးမဏ္ဍိုင်၏ ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များ (AEC Eminent Persons)၊ အာဆီယံ၏ ပါလီမန် ကိုယ်စားလှယ်များ (ASEAN Inter-Parliamentary Assembly- AIPA) နှင့် မျက်နှာစုံညီတွေ့ဆုံ ဆွေးနွေး ပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်