ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကျင်းပ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၃


မြန်မာ့ဓလေ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို   ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းများအချင်းချင်း      ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အပြန်အလှန်ညီညွတ်မျှတစွာဖြင့်  အသင်းအဖွဲ့စိတ်ဓာတ်ကို   အရင်းခံပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်  ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး  အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုနှင့် ပျော်ရွှင်မှုတို့ကိုရရှိစေရန် ရည်ရွယ်ချက်များဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏   မြန်မာ့ ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ စည်ကားသိုက်မြိုက် စွာကျင်းပသည်။

 

ထမနဲထိုးပြိုင်ပွဲသို့ ပြန်ကြား ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ဌာနဆိုင်ရာ    အကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ ပျော်ရွှင် စွာ ပါဝင်ဆင်နွှဲကြသည်။


ရှေးဦးစွာ    ပြည်ထောင်စု ဝန်ကြီး  ဦးမောင်မောင်အုန်းက အမှာစကား  ပြောကြားရာတွင် တပို့တွဲလတွင် ထမနဲထိုးပွဲကျင်းပ ကြသည့်အစဉ်အလာ၊ ချမ်းအေး သည့်ရာသီတွင်  ထမနဲကို  ဆေး လည်းအစာ   အစာလည်း   ဆေး သဖွယ်   စားသုံးကြသည့်ဓလေ့၊ စည်းလုံးညီညွတ်စွာ    စုပေါင်း ဆောင်ရွက်တတ်သည့်စိတ်ဓာတ်၊ ထမနဲထိုးကြသည့် ဝိုင်းတော်သား များအပြင် အားပေးသည့်ပရိသတ် များ အပြိုင်အဆိုင်ရင်းနှီးချစ်ခင်မှု၊  ပျော်ရွှင်စရာကောင်းမှုတို့နှင့် စပ်လျဉ်း၍        အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။


ထို့နောက်    ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများက    ပြိုင်ပွဲဝင်အသင်း ခြောက်သင်းဖြစ်သည့် ဝန်ကြီးရုံး၊ မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊    မီဒီယာဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် သတင်း နှင့်စာနယ်ဇင်းလုပ်ငန်းတို့မှ  မြန်မာ့ ရိုးရာ   ယဉ်ကျေးမှုအစဉ်အလာ အတိုင်း တပျော်တပါး ထမနဲထိုး ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအား ပေးကြသည်။ တပျော်တပါး ထမနဲ ထိုးကြစဉ် အိုးစည်ဗုံမောင်းများ၊ အကအဖွဲ့များ၊ အားပေးကြသူများ က သံချပ်များ၊ သီချင်းများ ပြိုင်တူ သီဆိုပြီး   အပြိုင်အဆိုင်အားပေး ကြသည်။


ယင်းနောက် နှစ်သိမ့်ဆုများ ရရှိကြသည့်    အသင်းများအား  ဒုတိယဝန်ကြီးနှင့်    ဇနီးတို့က  ဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တတိယဆုရရှိ သည့်  ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန၊  ဒုတိယဆု   ရရှိသည့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ပထမဆုရရှိသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး   ဦးစီးဌာန တို့မှ    ထမနဲအသင်းများအား ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က ဆုငွေများ ပေးအပ်ချီးမြှင့်သည်။


ထို့နောက်     အားပေးမှု အကောင်းဆုံးဆုရရှိသည့် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားအတွက် ငွေသားဆုနှင့်    ပြည်ထောင်စု ဝန်ကြီးနှင့် မိသားစုက  ကံစမ်းမဲ ချီးမြှင့်သည့်  စက်ဘီး   တစ်စီးတို့ အား    ပြည်ထောင်စုဝန်ကြီးက ဆက်လက်    ပေးအပ်ချီးမြှင့်ပြီး ရွှေမိုးငွေမိုးများ ပက်ဖျန်း၍ ပြိုင်ပွဲ ကို ရုပ်သိမ်းခဲ့သည်။  

သတင်းစဉ်