
ဟားခါး ဖေဖော်ဝါရီ ၂၂
ဟားခါးမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ယမန်နေ့ နံနက်ပိုင်းတွင် ဟားခါးမြို့ မြို့ဦးကျောင်း တိုက်ရှိ အတုလဂုဏ်ရည် သာသနဗိမာန်သို့သွားရောက်၍ (၇၆) နှစ်မြောက် ချင်းအမျိုးသား နေ့ အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ငါးပါးသီလ ခံယူဆောက်တည်
ဦးစွာ နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဟားခါး-ထန်တလန် မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဟားခါး မြို့ ကျောဘုတ် သာသနာပြုကျောင်း ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညောဘာသ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေသည်။
မြို့မိမြို့ဖများနှင့်တွေ့ဆုံ
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ချင်းပြည်နယ် ထန်တလန် မြို့နှင့် ဟားခါးမြို့တို့မှ မြို့မိမြို့ဖများ အား ဟားခါးမြို့ တောင်ဇလပ်ရိပ်သာ၌ တွေ့ဆုံသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည် ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက အမှာစကားပြောကြားပြီး မြို့မိမြို့ဖ များက ၎င်းတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အခက်အခဲများကို တင်ပြကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက တာဝန်ရှိသူများနှင့် လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
လက်ဆောင်ပစ္စည်းများပေးအပ်
ယင်းနောက် မြို့မိမြို့ဖများက ကျေးဇူး တင်စကား ပြန်လည်ပြောကြားပြီး ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ် သည်။ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ မှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ချင်းပြည်နယ် ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် တာဝန် ရှိသူများ တက်ရောက်ကြကြောင်း သတင်း ရရှိသည်။ သတင်းစဉ်