
နေပြည်တော် ဖေဖော်ဝါရီ ၁၃
စိုက်ပျိုးမွေးမြူရေး ထုတ်ကုန် အမျိုးအစားအလိုက် ထုတ်လုပ်မှု လုပ်ငန်းစာရင်းပြုစုရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင် မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဓနုနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဥက္ကဋ္ဌများက Virtual စနစ် ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က MSME လုပ်ငန်း များအနေဖြင့် နိုင်ငံအတွင်းမှ ထွက်ရှိသည့် သီးနှံ၊ အသား၊ ငါး တို့ကို ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် ထုတ်ကုန်များကို ထုတ်လုပ်နေရာမှ Branded အဆင့်ထိ ထုတ်လုပ်၍ ပြည်တွင်း/ပြည်ပဈေးကွက်များသို့ တင်ပို့ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ထုတ်ကုန်အမယ်များ သတ်မှတ် နိုင်ရေး ညှိနှိုင်းအစည်းအဝေးဖြစ် ကြောင်း၊ ထိုသို့ ရွေးချယ်သတ်မှတ် သည့် လုပ်ငန်းများအနေဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင် ရေးအတွက် ကုန်ကြမ်းများ အချိန်မီ ရရှိရန် လိုအပ်ကြောင်း၊ မြေပြင် တွင် အမှန်တကယ် အောင်မြင် နိုင်မည့် လက်တွေ့ကျသော လုပ်ငန်းများရှိပါက ဝိုင်းဝန်းအကြံပြု ပေးစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ တိုးမြင့်ဆောင် ရွက်နိုင်ရေးအတွက် လိုအပ်သော မြေနေရာများ ရရှိရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် မြေယာစီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးများ ကျင်းပ၍ သတ်မှတ်ထားသည့် မူဝါဒများနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ရန်နှင့် အမှုတွဲ များတင်ပြလာပါက ဝန်ကြီးဌာန အနေဖြင့် သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ချက်ချင်း ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးက MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလား အလာရှိပြီး အမှန်တကယ် အလုပ် လုပ်ကိုင်သော လုပ်ငန်းများကိုသာ ရွေးချယ်၍ ချေးငွေများ ထုတ်ချေး ပေးပါက ထုတ်ကုန်များ ပိုမိုထွက်ရှိ ပြီး ပြည်ပနိုင်ငံများသို့ တိုးမြှင့် တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များအနေဖြင့် MSME ဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်တွေ့ လုပ်ငန်း ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အောင်မြင်မှုရရှိနိုင်မည့် အဖြစ်နိုင် ဆုံးလုပ်ငန်းများကိုသာ ရွေးချယ် ပေးစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီက ဝန်ကြီး ဌာနအနေဖြင့် သစ်တောကဏ္ဍ နှင့် သစ်တောထွက်ပစ္စည်းများ၊ အခြေခံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် အောင် ကူညီဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာ နိုင်ငံတွင် သစ်ထုတ်လုပ်မှုလုပ်ငန်း များကို သုံးနှစ် ရပ်ဆိုင်းထားပြီး ယခုအခါ တစ်နှစ်လျှင် တန် ၆၀၀၀ ကျော်သာ ပြန်လည်ထုတ်လုပ် လျက်ရှိသဖြင့် သစ်အခြေခံစက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ ကုန်ကြမ်းများ လိုအပ်ချက်ရှိ မည်ဖြစ်၍ စနစ်တကျ စဉ်းစား သုံးသပ်ဆောင်ရွက်စေလိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်း ကုန် ကူညီဖြည့်ဆည်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ချာလီသန်းက ဒေသအတွင်း ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကို အခြေခံ ၍ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ် နိုင်ရေး၊ ပြည်ပသွင်းကုန်အစားထိုး နိုင်ရေး၊ ပြည်တွင်းလုံလောက်မှုမှ ပြည်ပသို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ် ၍ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ဒေသတစ်ခု ထုတ်ကုန် တစ်ခု (One Region One Product– OROP) အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက် ရန် လမ်းညွှန်မှုအရ သက်ဆိုင်ရာ ဒေသအလိုက် OROP ထုတ်ကုန် အမယ်များ ရွေးချယ်၍ Action Plan များ ရေးဆွဲဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ဆွေးနွေးပြော ကြားသည်။
ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု ထုတ်လုပ်နိုင်ရေးအတွက် ရွေးချယ် သတ်မှတ်ထားမှု အခြေအနေ၊ ဒေသတွင်းရှိ MSME များ၏ လက်ရှိ လုပ်ငန်းလည်ပတ် အကောင် အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေတို့ကိုလည်းကောင်း၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး က MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးနေမှု အခြေအနေ များကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက ဆွေးနွေး တင်ပြချက်များအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီးများက နိဂုံးချုပ် အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်