
နေပြည်တော် ဇွန် ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိ သူများ လိုက်ပါ၍ ဇွန် ၂၅ ရက် ညနေပိုင်းတွင် Republic of the Tatarstan ၊ Kazan မြို့တော်ရှိ PJSC “Kazan Helicopters” ထုတ်လုပ်ရေးအလုပ်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာသည်။
ကိုယ်တိုင်စမ်းသပ်မောင်းနှင်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် PJSC “Kazan Helico-pters”ထုတ်လုပ်ရေးအလုပ်ရုံသို့ ရောက်ရှိကြရာ လက်ထောက်အလုပ် အမှုဆောင်ဒါရိုက်တာ Mr.Kiyamov Marat Rinatovich နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ရဟတ်ယာဉ်ထုတ်လုပ်မှု အဆင့်ဆင့်အား လိုက်လံရှင်းလင်းပြသရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည် များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် Simulator ဖြင့် ရဟတ်ယာဉ်စမ်းသပ်မောင်းနှင်ခန်းသို့ ရောက်ရှိလေ့လာပြီး ကိုယ်တိုင်စမ်းသပ်မောင်းနှင်ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် လက်ထောက် အလုပ်အမှုဆောင်ဒါရိုက်တာ တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ် ခဲ့ကြသည်။
အဆိုပါ PJSC “Kazan Helicopters” ထုတ်လုပ်ရေးအလုပ်ရုံသည် ၁၉၄၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး Rostec Cooperation မှ ပိုင်ဆိုင်သည့် Russian Helicopters ကုမ္ပဏီ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ယနေ့အချိန်ကာလအထိ Mi-4၊ Mi-8၊ Mi-14၊ Mi-17 နှင့် Ansat အမျိုးအစား ရဟတ်ယာဉ်ပေါင်း ၁၂၀၀၀ ကျော် ထုတ်လုပ်ခဲ့ပြီး နိုင်ငံပေါင်း ၁၀၀ သို့ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ Kazan ရဟတ်ယာဉ်ထုတ်လုပ်ရေး အလုပ်ရုံသည် ၂၀၀၇ ခုနှစ်တွင် အဓိကရှယ်ယာရှင်ဖြစ်လာမည့် Russian Helicopters ဖက်စပ်ကုမ္ပဏီသို့ ဝင်ရောက်ခဲ့ပြီး Mi-38 အလတ်စား ဘက်စုံသုံး ရဟတ်ယာဉ်အတွက် ရှေ့ပြေးတည်ဆောက်ခြင်းနှင့် အများအပြားထုတ်လုပ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၁၉၄၅ ခုနှစ်မှ စတင်ကာ ၂၀၂၀ ပြည့်နှစ်အထိ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်ပေါင်း ၂၇ ခုကျော် ရရှိထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်