
ပူတာအို နိုဝင်ဘာ ၁၄
မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသ ဝမ်းစာဖူလုံ ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ပိုမိုအကျိုးဖြစ်ထွန်းစေရေး နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပူတာအို ခရိုင်သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၉ ရက်တွင် နောင်မွန်မြို့နယ်နှင့် ခေါင်လန်ဖူး မြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။
ရှေးဦးစွာ နိုဝင်ဘာ ၉ ရက် နံနက် ၆ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ပူတာအိုခရိုင် နောင်မွန်မြို့သို့ မချမ်းဘော-ဖရုခ-ရပ်ဘော့-နောင်မွန်လမ်းအတိုင်း သွားရောက်ခဲ့ကြပြီး မချမ်းဘောမြို့နယ် ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ခဲ့သော ၂၁ မိုင် View Point ၌ တောတောင်သဘာဝရှုခင်း များအား ကြည့်ရှုခဲ့ကြကာ View Point သန့်ရှင်း သာယာလှပရေး တာဝန်ရှိသူများအား မှာကြားခဲ့ သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင် များသည် နောင်မွန်မြို့သို့ရောက်ရှိပြီး နောင်မွန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ရပ်ကွက်(၁) အတွင်းရှိ လမ်းများနှင့် ရပ်ကွက်(၁)နှင့် (၃)တို့အား ဆက်သွယ်ထားသော ရပ်ကွက်ချင်းဆက်လမ်း လုံရောင်လမ်း ၁၅၈၈ ပေတို့အား ကွန်ကရစ်လမ်းနှင့် ကျောက်စီရေမြောင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ များကိုလည်းကောင်း၊ ရပ်ကွက်(၄)နှင့် ရပ်ကွက်(၁)အကြား အခြေခံပညာ အထက်တန်းကျောင်းရှေ့ ရေကျော်နေရာ၌ ကွန်ကရစ်ကျောက်စီရေမြောင်းအား လမ်းနှင့် တစ်ပြေးညီဖြစ်စေရေး ပြုပြင်တည်ဆောက် နိုင်ရေးအတွက် ဆောင်ရွက်ထားမှုကိုလည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထို့နောက် နောင်မွန်မြို့ မိုးစပါးစိုက်ကွင်းတစ်ခု ဖြစ်သည့် ဆန်ခွမ်းကွင်းအတွင်း ဆင်းဧကရီ-၃ အထွက်တိုးမျိုးစပါးများ စိုက်ပျိုးထားရှိမှုကို တောင်သူဦးဇီနန်းဖုန်းဆားရ်၏ လယ်မှတစ်ဆင့် ကြည့်ရှုစစ်ဆေးကြပြီး ရိတ်သိမ်းချိန်မိုးစပါးများ ဖြစ်ထွန်းအောင်မြင်နေမှုအခြေအနေများနှင့် ကွင်း အတွင်း ဖြတ်သန်းသည့် ချောင်းရေရရှိမှု အခြေအနေ တို့အား မေးမြန်းကြကာ ဆောင်းသီးထပ်သီးနှံစိုက်ပျိုး နိုင်ရေးအတွက် လိုအပ်သည်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နောင်မွန်ပြည်သူ့ဆေးရုံဝင်း အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်း ၈၅၀ ဖြင့် အဆောက် အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့(၈)က တာဝန်ယူတည်ဆောက်လျက်ရှိသော နှစ်ထပ် RC တိုးချဲ့လူနာဆောင်သစ် တည်ဆောက်နေမှုအား လည်းကောင်း၊ ဆေးရုံအတွင်း ဆေးဝါးကုသမှုခံယူ နေသော လူနာများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးကြကာ လူနာများအတွက် ထောက်ပံ့ငွေများနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)