
နေပြည်တော် နိုဝင်ဘာ ၉
မြန်မာရော်ဘာဖိုရမ် - ၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC–II) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ တွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများ၊ အမျိုးသား ပို့ကုန်မဟာဗျူဟာရော်ဘာလုပ်ငန်းကဏ္ဍ ပို့ကုန် မဟာဗျူဟာ အကောင်အထည်ဖော်ရေး ကော်မတီ ဝင်များ၊ ပြည်တွင်း Development Partner များ၊ ပညာရှင်များ၊ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ် သူများအသင်း၊ မြန်မာ့သဘာဝရော်ဘာ ရေရှည် တည်တံ့မှုဖော်ဆောင်ရေးအသင်း၊ ရော်ဘာအဝယ်ဒိုင် များ၊ ပြုပြင်ထုတ်လုပ်သည့် စက်ရုံများ၊ ရော်ဘာ အခြေခံထုတ်ကုန်ပစ္စည်းထုတ်လုပ်သူများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ရော်ဘာစိုက်ပျိုးထုတ်လုပ် သူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကိုယ်စားလှယ်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အမှာစကားပြောကြား
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာ တွင် ယနေ့ကျင်းပပြုလုပ်သည့် “မြန်မာရော်ဘာဖိုရမ်- ၂၀၂၃” ကို ရော်ဘာထုတ်လုပ်မှုနှင့် အရည်အသွေး တိုးတက်မြင့်မားရေး၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ရော်ဘာ အခြေခံတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ် သည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် သော အဖွဲ့အစည်းများ၊ မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများ ထွက်ပေါ်လာစေရေးဆိုသည့် ရည်ရွယ် ချက် (၃) ရပ်ဖြင့်ကျင်းပခြင်းဖြစ်ပြီး ဆောင်ပုဒ်မှာ “ရော်ဘာကဏ္ဍရေရှည် တည်တံ့ဖွံ့ဖြိုးရေး၊ ထုတ်လုပ် မှုနှင့် တန်ဖိုးမြှင့်ထုတ်ကုန် မြှင့်တင်ပေး” ဟု သတ်မှတ်ထားပါကြောင်း။
မိမိတို့နိုင်ငံတွင် ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ များ စသည့်သီးနှံအမျိုးပေါင်း ၆၁ မျိုး၊ စုစုပေါင်း သီးနှံစိုက်ဧရိယာဧက ၄၉ ဒသမ ၃၉ သန်း စိုက်ပျိုး ထုတ်လုပ်လျက်ရှိပါကြောင်း၊ စက်မှုကုန်ကြမ်းသီးနှံ ဖြစ်သည့် ရော်ဘာကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခု တွင် ဧက ၁ ဒသမ ၆၄ သန်း စိုက်ပျိုးထားရှိပြီး အစေးခြစ်ဧက တစ်သန်း နီးပါးမှ ရော်ဘာတန်ချိန် သုံးသိန်းကျော်ထွက်ရှိပါကြောင်း၊ နှစ်စဉ်ထွက်ရှိသည့် ရော်ဘာထဲမှ ပြည်တွင်းသုံးစွဲမှုအနေဖြင့် တန်ချိန် နှစ်သောင်းကျော်ခန့်ရှိပြီး ပြည်ပကိုတန်ချိန် သုံးသိန်း ခန့်တင်ပို့လျက်ရှိပါကြောင်း၊ ၂၀၂၃ - ၂၀၂၄ ခုနှစ် တွင် ရော်ဘာတန်ချိန် လေးသိန်းခန့် တင်ပို့နိုင်ရေး လျာထားကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ဟု သိရှိရပါကြောင်း။
ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး
ရော်ဘာတင်ပို့မှုမှ နိုင်ငံခြားငွေရရှိမှုအနေဖြင့် ၂၀၁၈ - ၂၀၁၉ မှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တစ်နှစ်လျှင်ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း ၂၅၀ မှ ၄၅၀ ကြားတွင် ရရှိခဲ့သည့်အတွက် ရော်ဘာသီးနှံ သည် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် အရေးပါ သည့် စက်မှုသီးနှံတစ်ခုဖြစ်သည်ဟု ပြောကြားလိုပါ ကြောင်း၊ ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ ရည်မှန်းချက်၏ ဦးစားပေး ပို့ကုန်အမယ်များတွင် ရော်ဘာလုပ်ငန်း ကဏ္ဍသည် ဦးစားပေးကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရော်ဘာ စတင်စိုက်ပျိုးထုတ်လုပ်သည် မှစ၍ မှိုင်းခံရော်ဘာပြားများ ထုတ်လုပ်ခြင်း၊ ရော်ဘာ အခြေခံစက်မှုလုပ်ငန်းများမှ ကုန်ချောများ ထုတ်လုပ် ခြင်း စသည့်လုပ်ငန်းစဉ်တစ်လျှောက်လုံး စနစ်တကျ ဖြင့် ဖွံ့ဖြိုးတိုးတက်မှုများရှိရန် လိုအပ်ပါကြောင်း။
မဟာဗျူဟာအစီအစဉ်ရေးဆွဲဆောင်ရွက်
မြန်မာနိုင်ငံအနေဖြင့် ရှည်လျားသည့် ရော်ဘာ စိုက်ပျိုးမှု သမိုင်းကြောင်းရှိခဲ့သော်လည်း လက်ရှိ အခြေအနေတွင် ရော်ဘာအထွက်နှုန်းနှင့် အရည် အသွေးသည် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက် နမ်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အောင်မြင်တိုးတက်မှု အပိုင်းတွင် အားနည်းနေသေးသည်ကို တွေ့ရှိရပါ ကြောင်း၊ အခြားသောနိုင်ငံများနည်းတူ ရော်ဘာ စိုက်ပျိုးထုတ်လုပ်မှုနှင့် ရော်ဘာအခြေခံ စက်မှုလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေးကို မဟာဗျူဟာအစီအစဉ် များ ရေးဆွဲပြီး ကာလတို၊ ကာလရှည်စီမံကိန်းများ နှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ MSME နှင့် အကျုံးဝင်သည့် ရော်ဘာ စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး အားပေး ကူညီရမည်ဖြစ်ကြောင်း၊ ရော်ဘာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးတွင် ရော်ဘာစိုက်ပျိုးရေးသည် အဓိက ကျကြောင်း၊ ရော်ဘာစတင်စိုက်ပျိုးသည်မှ အစေး ထွက်ရှိသည့်အချိန်အထိ အချိန်ကာလအားဖြင့် ခုနစ်နှစ်ခန့် အချိန်ယူရကြောင်း၊ ကြိုတင်ပြင်ဆင်မှု ကောင်းမှသာ ရော်ဘာကဏ္ဍ တိုးတက်စေမည်ဖြစ် ကြောင်း၊ မြန်မာစကားပုံကဲ့သို့ “အစကောင်းမှ အနှောင်းသေချာ” မည်ဖြစ်ကြောင်းကိုလည်း သတိပြုစေလိုကြောင်း။
ရော်ဘာတိုးချဲ့စိုက်ပျိုးရေး အားပေးကြရမည်
မြန်မာနိုင်ငံ၏ လက်ရှိရော်ဘာထွက်နှုန်းသည် တစ်ဧကပျမ်းမျှပေါင် ၇၀၀ ခန့်သာ ထွက်သည်ဟု သိရှိရပါကြောင်း၊ အထွက်နှုန်းလျော့နည်းခြင်းသည် ယခင်စိုက်ပျိုးထားသည့် အထွက်နှုန်းနည်းသည့် မျိုးဟောင်းများကြောင့် ဖြစ်သည့်အတွက် ပင်အို ပင်ဟောင်းများကို အစားထိုးစိုက်ပျိုးရန် လိုအပ်သည် ကိုတွေ့ရပါကြောင်း၊ ဒေသအလိုက် ထောက်ခံထား သည့် မျိုးများအနက် တစ်ဧကလျှင် ပေါင် ၁၃၅၀ ခန့် ထွက်ရှိနိုင်သည့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးပြီးစီးမှု သည် စိုက်ဧကအားလုံး၏ ၂၆ ဒသမ ၈၃ ရာခိုင်နှုန်း ခန့်သာ ရှိသေးသည့်အတွက် နောင်စိုက်ခင်းသစ်များ ဆက်လက်ထူထောင်ရာတွင် အထွက်ကောင်းမျိုးများ စိုက်ပျိုးနိုင်ရေးနှင့် ဖူးဆက်ပျိုးပင်များ သုံးစွဲစိုက်ပျိုး ရေးကို အလေးပေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စီးပွားရေးအရ တွက်ခြေကိုက်မှုအပေါ် ချိန်ဆပြီး ရော်ဘာမျိုးကောင်းများ ပြောင်းလဲစိုက်ပျိုးရေး၊ တိုးချဲ့စိုက်ပျိုးရေးကို အလေးထား ဆောင်ရွက်ရန် သင့်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးရေး အတွက် သင့်တော်သည့်ရာသီဥတုနှင့် မြေနေရာ များစွာရှိသည့်အတွက် ရော်ဘာ တိုးချဲ့စိုက်ပျိုးရေး ကိုလည်း အားပေးကြရမည်ဖြစ်ကြောင်း၊ တစ်ဖက် မှလည်း မိမိတို့ရေမြေသဘာဝနှင့် ကိုက်ညီပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသည့် ရော်ဘာအထွက်ကောင်း မျိုးများ မွေးမြူထုတ်လုပ်နိုင်ရန် လိုအပ်သည့် သုတေသနများကို နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးဌာနက စဉ်ဆက်မပြတ် သုတေ သနပြု ဆောင်ရွက်ရန် တိုက်တွန်းပြောကြားလို ပါကြောင်း။
ရော်ဘာတစ်ဧက အထွက်နှုန်းတိုးတက်ရုံတင် မက အရည်အသွေး ကောင်းမွန်စေရေးအတွက်လည်း ရော်ဘာအစေးခဲ လုပ်ငန်းစဉ်၌ မှန်ကန်သည့် နည်းစနစ်ကျင့်သုံးရေး၊ မှန်ကန်သည့် ဓာတုပစ္စည်း များသုံးစွဲရေး ပညာပေးခြင်း၊ အရည်အသွေး အာမခံ ချက်ရှိသည့် ရော်ဘာများထုတ်လုပ်နိုင်ရေး ရော်ဘာ တောင်သူအစုအဖွဲ့များ စုဖွဲ့ လုပ်ဆောင်ခြင်းစသည့် လုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မြန်မာ့ ရော်ဘာ၏ အရည်အသွေးနှင့် အဆင့်အတန်းအာမခံ ချက်ရှိမှသာလျှင် ဈေးကွက် ရရှိနိုင်မည်ဖြစ်သည့် အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ် သူများအသင်းနှင့် ရော်ဘာစိုက်တောင်သူများ အားလုံး ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် ရန် လိုအပ်ပါကြောင်း။
အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး
ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရေး ဆောင်ရွက်ရာတွင် ပြည်တွင်းသုံးစွဲမှု ဖူလုံအောင် ဆောင်ရွက်ရေး၊ ပိုလျှံသည့်ရော်ဘာများကို ပြည်ပသို့ တိုးမြှင့်တင်ပို့ရေးနှင့် သွင်းကုန်အစားထိုး ထုတ်လုပ် နိုင်ရေးအတွက် ရော်ဘာအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဟူ၍ အပိုင်းသုံးပိုင်းခွဲခြား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ရော်ဘာအခြေခံ ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း၌ထုတ်လုပ်ရန် အခြေခံကောင်းများရှိသော်လည်း ထုတ်လုပ်မှုကဏ္ဍ ကို အားပေးမှုမရှိခဲ့ခြင်း၊ ဈေးကွက် ယှဉ်ပြိုင်နိုင် စွမ်းမရှိခြင်း စသည်များကြောင့် ပြည်ပမှရော်ဘာ အခြေခံထုတ်ကုန်ပစ္စည်းများ တင်သွင်းနေရခြင်းရှိနေ ပါကြောင်း၊ ဥပမာအားဖြင့် စက်ဘီးနှင့် မော်တော် ဆိုင်ကယ်တာယာများ၊ ကျွတ်များကို နှစ်စဉ်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၆၅ သန်းဖိုးခန့် တင်သွင်း နေရပါကြေင်း၊ ပြည်တွင်း၌ ရော်ဘာအခြေခံ စက်မှုလုပ်ငန်းများ တိုးတက်အောင် ပံ့ပိုးဆောင်ရွက် ခြင်းအားဖြင့် ပြည်တွင်းရော်ဘာ ဈေးကွက်ရရှိ ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး နိုင်ခြင်း၊ နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည့့် အတွက် စက်ဘီးနှင့် မော်တော်ဆိုင်ကယ် တာယာ များ၊ ကျွတ်များကို ပြည်တွင်း၌ မဖြစ်မနေ ထုတ်လုပ် ရန် အလေးအနက်ထား တိုက်တွန်းရခြင်းဖြစ် ပါကြောင်း။
ယခုကျင်းပသည့် ရော်ဘာဖိုရမ်သည် ၂၀၁၈ ခုနှစ်က ကျင်းပခဲ့သည့် ရော်ဘာဖိုရမ်မှ ရရှိခဲ့သည့် ဆွေးနွေးမှုရလဒ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် တိုးတက်မှု အခြေအနေများကို ဆွေးနွေးကြမည်ဟု သိရပါကြောင်း၊ ထို့ပြင်ဌာန အသီးသီးမှ တာဝန်ရှိသူများ၊ ဘာသာရပ်ကျွမ်းကျင် သူများ၊ ပညာရှင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များအနေဖြင့် မြန်မာ့ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အကြံဉာဏ် များ၊ ဖြည့်ဆည်းပေးရမည့် ကိစ္စရပ်များကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း၊ ဆွေးနွေးမှုရလဒ်များထဲမှ နိုင်ငံတော် က ဖြည့်ဆည်းပေးရမည့် မူဝါဒ၊ လမ်းညွှန်ချက်များ၊ ဝန်ကြီးဌာနက ဆောင်ရွက်ပေးရမည့် လိုအပ်ချက် များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များက တာဝန်ယူရမည့် ကဏ္ဍများ၊ ရော်ဘာစိုက်တောင်သူများက ပူးပေါင်း ပါဝင်ဆောင်ရွက်မည့် လုပ်ငန်းများကို ဖော်ထုတ်ပြီး တာဝန်ခွဲဝေကာ ထိထိရောက်ရောက် ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း။
ယနေ့ကျင်းပသည့် “မြန်မာရော်ဘာဖိုရမ်–၂၀၂၃” အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းကူညီ ဆောင်ရွက်ပေးသည့် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းကို အထူး ပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာ့ရော်ဘာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုရော်ဘာ ဖိုရမ်၌ပင် ဆွေးနွေးရုံနှင့်မပြီးဘဲ ရှေ့ဆက်ဆောင် ရွက်ရမည့် လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ အသင်းအဖွဲ့များ၊ ပုဂ္ဂလိက လုပ်ငန်းရှင် များ၊ ရော်ဘာလုပ်ငန်းရှင်များ၊ ရော်ဘာစိုက်တောင်သူ များ စသည့်သက်ဆိုင်သူများအားလုံး အတူတကွ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က “မြန်မာရော်ဘာဖိုရမ် - ၂၀၂၃” ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာ့ရော်ဘာ စိုက်ပျိုးထုတ်လုပ် ခြင်းဆိုင်ရာ Video Clip ကို ပြသသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ရော်ဘာစိုက် တောင်သူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် စိုက်ပျိုးရေးဦးစီး ဌာန မြန်မာ့ရော်ဘာစိုက်ပျိုးမှုဆိုင်ရာ ပြခန်းများ၊ ရော်ဘာစိုက်ပျိုးရေးခြံသုံး စက်ပစ္စည်းပြခန်းများ၊ ပြည်တွင်းမှ ထုတ်လုပ်ထားရှိသည့် ကားတာယာများ၊ စက်ဘီးနှင့် မော်တော်ဆိုင်ကယ်တာယာများ၊ ကျွတ် များနှင့် ရော်ဘာထုတ်ကုန်ပြခန်းများကို စိတ်ပါ ဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်