
စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအရ စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများ အပ်နှင်းခြင်းနှင့်
စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍
ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၈-၁၀-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၁၈/၂၀၂၃ အရ စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေ စတင်အာဏာတည်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှစ၍ ကျင့်သုံးရမည့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအရ စစ်ဆေးစီရင်ရန် မူပိုင်ခွင့် တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများ၊ မူပိုင်ခွင့်တရားရုံးက ချမှတ်သည့် စီရင်ချက်၊ အမိန့်နှင့် ဆုံးဖြတ်ချက် များအပေါ် အယူခံမှု၊ ပြင်ဆင်မှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့် အာဏာများ အပ်နှင်းသည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၆၁/၂၀၂၃)၊ (၉၆၂/၂၀၂၃)၊ (၉၆၃/၂၀၂၃)၊ (၉၆၄/၂၀၂၃)၊ (၉၆၅/၂၀၂၃) နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများစစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် (၉၇၃/၂၀၂၃) တို့ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ထုတ်ပြန်လိုက်သည်။
၁။ အမိန့်ကြော်ငြာစာအမှတ် (၉၆၁/၂၀၂၃) - စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၃ (ဂ) နှင့် (င) တို့အရ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အား အောက်ပါကိစ္စရပ်များကို စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်သည်-
(က) စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ ပုဒ်မ ၅၉ အရ အေဂျင်စီ ၏ ဆုံးဖြတ်ချက်အပေါ် လျှောက်ထားမှုများ
(ခ) စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေပုဒ်မ ၆၈ အရ အကောက်ခွန် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ဆိုင်းငံ့မိန့်အပေါ် လျှောက်ထားမှုများ။
၂။ အမိန့်ကြော်ငြာစာအမှတ် (၉၆၂/၂၀၂၃) - စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၃ (ဂ) အရ အောက်ဖော်ပြပါ တရားရုံးများအား ယင်းဥပဒေအရ အရေးယူဆောင်ရွက်သည့် ရာဇဝတ်မှုများကို စစ်ဆေး စီရင်ရန် မူပိုင်ခွင့်တရားရုံး၏ ရာဇဝတ်မူလမှု စီရင်ပိုင်ခွင့်အာဏာ များကို အပ်နှင်းလိုက်သည်-
(က) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး
(ခ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ
(ဂ) ခရိုင်တရားရုံးများ
၃။ အမိန့်ကြော်ငြာစာအမှတ် (၉၆၃/၂၀၂၃) - စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၃ (ဃ) အရ တိုင်းဒေသကြီးနှင့် ပြည်နယ်တရား လွှတ်တော်များအား မိမိတို့စီရင်ပိုင်ခွင့်ဒေသအတွင်းရှိ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံး နှင့် ခရိုင်တရားရုံးများက စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအရ ချမှတ်ခဲ့သည့် ရာဇဝတ်ဆိုင်ရာ စီရင်ချက်၊ အမိန့်နှင့် ဆုံးဖြတ်ချက် များအပေါ် အယူခံ၊ ပြင်ဆင်မှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့် အာဏာများကို အပ်နှင်းလိုက်သည်။
၄။ အမိန့်ကြော်ငြာစာအမှတ် (၉၆၄/၂၀၂၃) - စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၃ (ဂ) အရ ကျောက်တံတားခရိုင်တရားရုံးအား အောက်ပါကိစ္စရပ်များကို စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ တရားမ မူလမှုစီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်သည်-
(က) စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေပါ မူပိုင်ခွင့်အခွင့်အရေးချိုးဖောက်ခြင်းနှင့် စပ်လျဉ်းသည့် တရားမကြောင်းအရ စွဲဆိုမှုများ၊
(ခ) စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ ပုဒ်မ ၇၃ (က) အရ ယာယီအရေးယူ ဆောင်ရွက်ပေးရန် လျှောက်ထားမှုများ။
၅။ အမိန့်ကြော်ငြာစာအမှတ် (၉၆၅/၂၀၂၃) - စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၃ (ဃ) အရ ရန်ကုန်တိုင်းဒေသကြီးတရား လွှတ်တော်အား မူပိုင်ခွင့်တရားရုံးက တရားမမှုများတွင် ချမှတ်သော စီရင်ချက်အမိန့်နှင့် ဆုံးဖြတ်ချက်များအပေါ် အယူခံမှု၊ ပြင်ဆင်မှုများ ကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်သည်။
၆။ အမိန့်ကြော်ငြာစာအမှတ် (၉၇၃/၂၀၂၃) - စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၁၀၁ ပုဒ်မခွဲ(က) အရ အပ်နှင်းထားသော လုပ်ပိုင် ခွင့်များကို ကျင့်သုံး၍ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေအရ စွဲဆို မှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန် လိုက်သည်။