ကျောက်ဆည်ဆင်ပွဲတော်နှင့် ဆင်ရုပ်လှူသည့်ဓလေ့ကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် ဆင်အကပညာရှင်များ ပါဝင်ဆောင်ရွက်လို

 

ကျောက်ဆည်  နိုဝင်ဘာ  ၂


မန္တလေးတိုင်း‌ဒေသကြီး       ကျောက်ဆည်မြို့၌ သီတင်းကျွတ် ကျောက်ဆည် ဆင်ပွဲတော်နှင့် ဆင်ရုပ် လှူဒါန်းသည့်ဓလေ့ကို   ယခုနှစ်တွင်    စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ခဲ့သည်။


သီတင်းကျွတ်လဆန်း ၁၄ ရက် (အောက်တိုဘာ ၂၈ ရက်)တွင် ကျောက်ဆည်ဆင်ပွဲတော်နှင့်  ဆင်အက ပြိုင်ပွဲပြုလုပ်ခဲ့ပြီး သီတင်းကျွတ်လပြည့်နေ့ (အောက်တို ဘာ ၂၉ ရက်)တွင် ဆင်အရုပ်လှူဒါန်းခဲ့သည်။


ယခုနှစ်တွင်  ကျောက်ဆည်     ဆင်ပွဲတော်ကို တက်ရောက်ပါဝင်ခဲ့သည့် ဆင်ကောင်ရေ ၁၀၀ ကျော် ရှိပြီး ရိုးရာသဘာဝဆင်နှစ်ကောင်အပါအဝင် ပြိုင်ပွဲ ဝင်ဆင်ကောင်ရေ စုစုပေါင်း  ၁၉ စီး  ရှိခဲ့သည်။ ကျောက်ဆည်ဆင်ပွဲ‌တော်နှင့်     ဆင်လှူဒါန်းသည့်
ဓလေ့သည် ကမ္ဘာတွင် တစ်ခုတည်းသာရှိသည့်အတွက်  ကမ္ဘာ့အမွေ အနှစ်စာရင်းကိုလည်း တင်သွင်းလိုသည်ဟု ကျောက်ဆည်ဆင်ပွဲတော် ဒိုင်၊ ဆင်အကပညာရှင် ဦးဇော်ကြီးက ယခုလိုပြောပြထားသည်။


“ကျောက်ဆည်ဆင်ပွဲ‌တော်နဲ့ ဆင်လှူဒါန်းတဲ့ဓလေ့ဟာ  ကျောက်ဆည် မြို့  တစ်မြို့တည်းမှာပဲ   ရှိတာ။  ကမ္ဘာ‌ပေါ်မှာ  တစ်ခုတည်းသာရှိတဲ့အတွက် ကမ္ဘာ့အမွေအနှစ်စာရင်းကိုလည်း ကျွန်တော်တို့ တင်သွင်းချင်ပါတယ်။ အရင်တုန်းကတော့ ကျောက်ဆည်ဆင်ပွဲတော်ကို ဒေသအဆင့်၊ နိုင်ငံ အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းနိုင်ဖို့  ပညာရှင်တွေ က ကြိုးပမ်းခဲ့ဖူးပါတယ်။ ကျောက်ဆည်ဆင်အက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ဆိုရင် ဆင်အကပညာရှင်တွေအနေနဲ့ ပူးပေါင်းပါဝင်ချင်ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့အထိ ပါဝင်ဆောင်ရွက်ချင်ပါတယ်” ဟု ဦးဇော်ကြီးက ပြောသည်။


ယခုနှစ် ကျောက်ဆည်ဆင်ပွဲတော်တွင်  ယခင်နှစ်ကထက် ပြိုင်ပွဲဝင် ဆင်ကောင်ရေများပြီးမျိုးဆက်သစ်ဆင်အကကနိုင်သူများတိုးခဲ့ကာ ပထမဆုရသည့် မြင်စိုင်းဇာနည်ဆင်အကအဖွဲ့မှ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာအရ ပြိုင်ပွဲဝင်ဆင်ရုပ်ကြီးတစ်ခုလုံးကို‌   ရွှေသာလျောင်းတောင်အောက်ကိုပစ်ချပြီး ဆင်ရုပ်လှူဒါန်းခဲ့သလို ကျန်အသင်းဝင်များ ကလည်း ဆင်ရုပ်အ‌သေးများကို လှူဒါန်းခဲ့သည်ဟု ဆိုသည်။


ကျောက်ဆည်ဆင်ပွဲတော်သည် အနော်ရထာမင်းလက်ထက်တွင် စတင်ခဲ့ပြီး  မြတ်စွာဘုရား၏စွယ်တော်ပွားကို စေတီတော်တည်ရန် ဆင်ဖြူတော်ပေါ်တင်ကာ စေလွှတ်ခဲ့ပြီး အနော်ရထာမင်းကြီး၏ မြတ်စွာ ဘုရားစွယ်တော်တင်သည့်ဆင်ဖြူတော် (ဆင်မယဉ်သာ) အတွက် သတိတရ ရည်စူးပြီး လှူဒါန်းအမျှပေးဝေရန် အဓိဋ္ဌာန်ထားခဲ့သည့်အတိုင်း ဆွမ်းတော်ကြီးကပ်ပွဲ၊ မြသပိတ်တော်၊ မီးထွန်းပွဲနှင့်အတူ ဆင်မရုပ်တို့ဖြင့် ဆင် ၁ဝ မျိုး  လှူဒါန်းရသည့်  ထုံးတမ်းစဉ်လာဖြစ်လာခဲ့ကြောင်းနှင့် ယင်းထုံးတမ်းအစဉ်အလာကို ကျောက်ဆည်မြို့၌ နှစ်စဉ်ကျင်းပခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ဆင်ရုပ်လှူဒါန်းခြင်းအပြင် ဆင်အကပြိုင်ပွဲများ လည်း ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                TC