
ရန်ကုန် အောက်တိုဘာ ၂၈
အသက် (၇၀) နှစ်နှင့်အထက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းများ၊ အတွင်းရေးမှူး ဟောင်းများ၊ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းကြီးများ၊ ဒိုင် လူကြီးဟောင်းများအား ဂါရဝပြု ကန်တော့ပွဲကို အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းက နိုဗိုတယ် ရန်ကုန်မက်စ်တွင် ကျင်းပသည်။
အခမ်းအနားတွင် ရှေးဦးစွာ ကန်တော့ခံ ပုဂ္ဂိုလ်ကြီးများ ကိုယ်စား မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ဦးဝင်း အောင်၊ မြန်မာ့လက်ရွေးစင် ဟောင်းနှင့် အတွင်းရေးမှူးဟောင်း ဦးတင်အောင်(ဂိုး) တို့က ဆုံးမ ဩဝါဒစကား ပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက ကန်တော့ခံ ပုဂ္ဂိုလ်ကြီးများ စုစုပေါင်း ၁၂၀ အတွက် တစ်ဦးလျှင် ငွေကျပ် ၂ သိန်းစီနှင့် ဆေးဝါးများ၊ မြန်မာ့ လက်ရွေးစင်အသင်း ဂျာစီများ၊ အဝတ်အထည်များဖြင့် ဝါကျွတ် ဂါရဝပြုကန်တော့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်သည် မြန်မာ့ဘောလုံး လောကတွင် ကျရာတာဝန်ဖြင့် ပါဝင်ဆောင် ရွက်ခဲ့ကြပြီး အသက်အရွယ် ရရှိ လာပြီဖြစ်သည့် ဥက္ကဋ္ဌဟောင်း များ၊ အတွင်းရေးမှူးဟောင်းများ၊ မြန်မာ့လက်ရွေးစင် ကစားသမား ဟောင်းကြီးများ၊ နည်းပြဟောင်း ကြီးများနှင့် ဒိုင်လူကြီးဟောင်းများ အားလုံးပါဝင်သည့် လူမှုရေး အသင်းတစ်ရပ် ထူထောင်၍ သက်ကြီးပုဂ္ဂိုလ်ကြီးများ ကျန်းမာ ရေး စောင့်ရှောက်မှု ပြုလုပ်နိုင်ရန် အတွက် ငွေကျပ်သိန်း ၂၀၀ အား ကနဦး မတည်လှူဒါန်းခဲ့သည်။
ကိုညီလေး၊ ဓာတ်ပုံ-MFF