
စစ်တွေ အောက်တိုဘာ ၂၀
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြည်နယ်အတွင်းဒေသခံ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရေးနှင့် ရခိုင် ပြည်နယ်၏ အနာဂတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ရည်ရွယ်ကျင်းပသည့် ရခိုင်ပြည်နယ် စီးပွားရေးဖိုရမ် (၂၀၂၃)ကို အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီတွင် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ စီးပွားရေးဖိုရမ်တွင် ရခိုင်ပြည်နယ်မှ စီးပွားရေးလုပ်ငန်း ဆိုင်ရာပညာရှင်များဖြစ်ကြသည့် ဦးတင်ဇံကျော် (Chair-man၊ Device Business University- DBU)၊ ဦးထွန်းထွန်းနိုင် ( President, We Love Rakhine၊ Chairman & Group of CEOBlue Ocean Investment Co.,Ltd) နှင့် ဒေါ်ပန်းအိဖြူ (Chief Operating Officer၊ Myanmar Payment Solution Services Company)တို့က အဓိကဟောပြော ဆွေးနွေးသူများအဖြစ် ဆောင်ရွက်ကြမည်ဖြစ်ပြီး ရခိုင်ပြည်နယ် အတွင်းရှိ ဒေသခံတိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များ၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၊ စီးပွားရှင်ပညာရှင်များ၊ လူငယ်များက အနာဂတ်စီးပွားရေး အလားအလာများနှင့် ပတ်သက်သည့် စကားဝိုင်း ဆွေးနွေးပွဲသုံးခုကို ဆောင်ရွက်မည်ဖြစ်သည်။
ထို့ပြင် အခမ်းအနားကျင်းပမည့် ခိုင်သဇင်ခန်းမအတွင်း IT ဆိုင်ရာ ပစ္စည်းများ၊ အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများကို စျေးနှုန်း သက်သာစွာ ရောင်းချသွားမည်ဖြစ်ပြီး ပညာရေးဝန်ဆောင်မှုများ၊ စာအုပ်အရောင်းဆိုင်နှင့် စာအုပ်ပြခန်းများ၊ အလုပ်အကိုင်အခွင့်အလမ်း နှင့်ပတ်သက်သည့်ပြခန်းများကို ထည့်သွင်းထားကာ မည်သူမဆို အခမဲ့ တက်ရောက်လေ့လာနိုင်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)