အမေဇုန်မိုးတောကဲ့သို့ စိမ်းစိုလှပသည့် ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

 

သစ္စာ(MNA)
 

မြန်မာနိုင်ငံတွင် သဘာဝထိန်းသိမ်းရေးနယ်မြေ၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ အမျိုးသားဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်စုစုပေါင်း ၅၉ ခုရှိပြီး အာဆီယံအမွေအနှစ်စာရင်းဝင် ရှစ်ခုရှိသည်။ ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် အာဆီယံအမွေအနှစ်စာရင်းဝင်တစ်ခုဖြစ်ပြီး ကမ္ဘာ့ ရှားပါး တောရိုင်းတိရစ္ဆာန်များ ရှင်သန်ကျက်စားလျက်ရှိရာ သဘာဝထိန်းသိမ်းရေး နယ်မြေတစ်ခုဖြစ်သည်။

ထမံသီဘေးမဲ့တောသည် အမြဲစိမ်းသစ်တောဖြစ်သည်နှင့်အညီ ရာသီမပြတ်စိမ်းစိုလှပလျက်ရှိပြီး နိုင်ငံပေါင်းကိုးနိုင်ငံကို ဖြတ်သန်းထား သည့် အမေဇုန်မိုးသစ်တောနှင့်ဆင်တူလျက်ရှိသည်။ အမေဇုန် မိုးသစ်တော သည် မြစ်၊ ချောင်းများပေါများပြီး ကမ္ဘာ့မိုးသစ်တောများ၏ ထက်ဝက်ကို ကိုယ်စားပြုလျက်ရှိရာ ကမ္ဘာ့ရာသီဥတုအပြောင်းအလဲကို ထိန်းချုပ်ပေး သည့်အထိ အမေဇုန်သစ်တောသည် လူသားနှင့်ကမ္ဘာကို အကျိုးပြုလျက် ရှိသည်။ 
နိုင်ငံအတွက်ဂုဏ်ယူဖွယ်
ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၁၉၇၄ ခုနှစ်၊ မေလတွင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ်  သတ်မှတ်ခဲ့ပြီး ၁၉၉၄ ခုနှစ် စက်တင်ဘာ ၁ ရက်တွင်ဟုမ္မလင်းမြို့၌ အုပ်ချုပ်ရေးမှူးရုံးကို ဖွင့်လှစ်၍ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ သည်။ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည်  ၂၀၁၉ ခုနှစ်  အောက်တိုဘာ ၈ ရက်တွင် အာဆီယံအမွေအနှစ်    ဥယျာဉ်ကြီးအဖြစ် အတည်ပြုသတ်မှတ်ခဲ့သည်။
ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကြီးသည် စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်တို့အတွင်း တည်ရှိပြီး ၅၃၄၅၆ ဧက(၈၃၀ ဒသမ ၄ စတုရန်းမိုင်)ကျယ်ဝန်းသည်။  အဆိုပါ ဘေးမဲ့တောသည် ချင်းတွင်း မြစ်ကြီး    ဘေးတွင် တည်ရှိပြီး  ဘေးမဲ့ တော   အရှေ့     ဘက်မှ တောင်ဘက်သို့   စီးဆင်း                 နေသည့်      ဥရု‌ချောင်း နှင့်လည်း       နီးကပ်သည့်                 အတွက်      တောရိုင်း             တိရစ္ဆာန်များ       ရှင်သန် ပေါက်ပွားရာ သဘာဝဘေးမဲ့ဥယျာဉ်ကြီးတစ်ခုဖြစ်ပြီး    ကမ္ဘာ့ရှားပါး တောရိုင်းတိရစ္ဆာန်အဖြစ် သတ်မှတ်ခံထားရသည့်  ဘင်္ဂလားကျားများ ရှင်သန်ကျက်စားရာ ဘေးမဲ့တောကြီးတစ်ခုဖြစ်သည့်အပြင် အခြားသော မျိုးသုဉ်းလုနီးတိရစ္ဆာန်များ ရှင်သန်ကျက်စားရာ   ဘူမိနက်သန်နေရာ တစ်ခုအဖြစ် တည်ရှိနေခြင်းတို့သည် နိုင်ငံအတွက်   ဂုဏ်ယူဖွယ်ပင် ဖြစ်သည်။
ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် နို့တိုက်သတ္တဝါ    ၅၇ မျိုး၊ ငှက်မျိုးစိတ် ၃၂ မျိုး၊ ငါး ၆၇ မျိုး၊ ကုန်းနေရေနေ တွားသွားသတ္တဝါ ၇၇ မျိုး၊ အပင်မျိုးစိတ် ၄၃၂ မျိုး၊ ဆေးဖက်ဝင်အပင် ၁၉ မျိုး၊ ဝါး ၁၄ မျိုး၊ ကြိမ် ရှစ်မျိုး၊ ရေနေပင် ၂၃ မျိုး၊ မြက် ၁၈ မျိုးနှင့် သစ်ခွ ၁၆ မျိုးတို့ ရှင်သန်ပေါက်ရောက်လျက်ရှိသည်။ အမြဲစိမ်းသစ်တောနှင့် အထက် ရွက်ပြတ်ရောနှောတောစိုဖြစ်၍ ဘေးမဲ့တောသည် ဥတုသုံးလီ    စိမ်းစို လျက်ရှိသည်။
နိုင်ငံ၏ ရတနာသိုက်များပမာ
သဘာဝတောရိုင်းတိရစ္ဆာန်များ ကျက်စားနေထိုင်ရာ တောတောင် များကို ရှင်သန်တည်ထောင်နိုင်မှုသည် သစ်တောထွက်ပစ္စည်းများကို အသုံးပြုနိုင်ခြင်း၊ ဆေးဖက်ဝင်အပင်များမှ ဆေးဝါးများ    ထုတ်လုပ် နိုင်ခြင်း၊ သစ်တောအတွင်းရှိ   မြစ်ချောင်းအင်းအိုင်နှင့် ရေတံခွန်တို့တွင် ဒေသမျိုးရင်း ငါးမျိုးစိတ်များကို ထိန်းသိမ်း၍ သုတေသနလုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း၊ သစ်တောထွက်ပစ္စည်းများကို တန်ဖိုးမြှင့် ထုတ်ကုန် များ ထုတ်လုပ်နိုင်ခြင်းဖြင့် နိုင်ငံခြားငွေရရှိစေနိုင်မည်ဖြစ်သည်။ ရှားပါး တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းသည် နိုင်ငံ၏ဂုဏ်ကို ထုတ်ဖော်ပြသနိုင်ခြင်း ဖြစ်ပြီး ဘေးမဲ့ တောများ စိမ်းစိုလှပရှင်သန်မှုသည်  နိုင်ငံ၏  ရာသီဥတု မျှတမှုကိုလည်း အကျိုးပြုလျက်ရှိရာ    ဘေးမဲ့တောများ သည် နိုင်ငံ၏ရတနာသိုက်များပင်ဖြစ်သည်။ 
ချင်းတွင်းမြစ်ဘေးတွင်     တည်ရှိသည့်     ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ၂၀၁၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ စစ်တမ်းများအရ  ဘင်္ဂလားကျားကောင်ရေ ၂၀ ခန့် ကျက်စားနေထိုင်ကြောင်း  မှတ်တမ်းတင်ထား သည်။ 
ဇီဝမမျိုးစုံမျိုးကွဲများ ကြွယ်ဝမှုပေါ်တွင်မူတည်
ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝသော ထမံသီတောရိုင်းတိရစ္ဆာန်    ဘေးမဲ့ တောသည် မြန်မာနိုင်ငံတွင် အကြီးဆုံသော တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ဧရိယာများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး တောရိုင်းတိရစ္ဆာန် ကာကွယ် စောင့်ရှောက်ရေး၊ သဘာဝသယံဇာတ စီမံခန့်ခွဲမှု တိုးတက်စေရေးနှင့် ဒေသခံများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်‌ရေးတို့သည် အဆိုပါဘေးမဲ့ တောကြီး၏ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝမှုအပေါ်တွင်   မူတည်လျက် ရှိသည်။
သဘာဝအလှကို အနီးကပ်ခံစားတွေ့မြင်နိုင်
သဘာဝအခြေခံကောင်းများ ကြွယ်ဝသော   မြန်မာနိုင်ငံတွင် ပွင့်လင်းခရီးသွားရာသီ၌ ပြည်တွင်း ပြည်ပမှ ခရီးသွားများ သွားရောက် လည်ပတ်နိုင်ရန်    ခရီးသွားဒေသတို့၌ ကြိုတင်ပြင်ဆင်ကြလျက်ရှိပြီး ခရီးစဉ်များအဆင်ပြေစွာ သွားရောက်လည်ပတ်နိုင်ရန် ဖိတ်ခေါ်လျက် ရှိသည်။
ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ရှားပါးငှက်များ ကျက်စား နေထိုင်လျက်ရှိရာ သုတေသနလုပ်ငန်းများဖြင့်     လေ့လာနိုင်ခြင်း၊ တောရိုင်းတိရစ္ဆာန်ခြေရာများကို  ဗဟုသုတအဖြစ် လေ့လာနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများကို ကြည့်ရှုနိုင်ခြင်း၊   တောတွင်းခရီးစဉ်များ သွားလာ နိုင်ခြင်း၊ ဒေသခံ ရှမ်းနီ၊ နာဂတိုင်းရင်းသားတို့၏  ရိုးရာယဉ်ကျေးမှုနှင့် နေထိုင်မှုပုံစံတို့ကို လေ့လာနိုင်ခြင်း၊ ထမံသီဘေးမဲ့တော သင်တန်းနှင့် သုတေသနစင်တာတို့တွင် ကြည့်ရှုလေ့လာလည်ပတ်နိုင်ခြင်းဖြင့် ဘေးမဲ့ တော၏ သဘာဝအလှကို အနီးကပ်ခံစား တွေ့မြင်နိုင်မည်ဖြစ်သည်။
သွားရောက်လည်ပတ်နိုင်မည့်ခရီးစဉ်တစ်ခု
ယခုလာမည့် ခရီးသွားရာသီတွင် သဘာဝအခြေခံခရီးသွားဒေသ များကို နှစ်သက်ကြသည့် ပြည်တွင်းပြည်ပခရီးသွားများအနေဖြင့် ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့       လာရောက်လည်ပတ်လိုပါက ရန်ကုန်- မန္တလေး-ခန္တီး လေယာဉ် ခရီးစဉ်မှတစ်ဆင့် ထမံသီဘေးမဲ့တောသို့ကား(သို့မဟုတ်) ချင်းတွင်းမြစ်အတွင်း ပြေးဆွဲသည့်  အမြန် ရေယာဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်-မန္တလေး-ဟုမ္မလင်း လေယာဉ် ခရီးစဉ်မှတစ်ဆင့် ထမံသီဘေးမဲ့တောသို့    ကား(သို့မဟုတ်)အမြန်‌ ရေယာဉ်ဖြင့်လည်းကောင်း သွားရောက်လည်ပတ်နိုင်မည်ဖြစ်သည်။
ဓာတ်ပုံ - ဇွဲမာန်