
နေပြည်တော် အောက်တိုဘာ ၁၈
အထူးကုသမှုလိုအပ်သော ပြည်သူများ အနေဖြင့် သက်ဆိုင်ရာပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံ၍ လိုအပ်သောကုသမှုများ ရရှိနိုင်စေရန် ရန်ကုန်နှင့် မန္တလေးမှ ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကု ဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များသို့ ကွင်းဆင်းကုသမှု အစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။
အောက်တိုဘာ ၁၆ ရက်နှင့် ၁၇ ရက် တို့တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည် ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီး (မန္တလေး) တို့မှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့ သည် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ် ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ သွားရောက်၍ ပြည်သူ့ဆေးရုံကြီး (မုံရွာ)မှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးသည်။
အဆိုပါခရီးစဉ်အတွင်း နှလုံးရောဂါ ဆိုင်ရာ လူနာ ၁၄၅ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လူနာ ၆၇ ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှု ဆိုင်ရာလူနာ ၁၄၂ ဦး၊ ဦးနှောက်နှင့် အာရုံ ကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ ကိုးဦး၊ အသည်းရောဂါဆိုင်ရာ လူနာ ၄၆ ဦး၊ အထွေထွေရောဂါဆေးပညာဆိုင်ရာလူနာ ၂၃၁ ဦး၊ အရိုးအကြောအဆစ်ရောဂါဆိုင်ရာ လူနာ ၂၅၃ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါဆိုင်ရာလူနာ ၁၁၅ ဦး၊ မျက်စိရောဂါ ဆိုင်ရာ လူနာ ၄၆၅ ဦး၊ အထွေထွေခွဲစိတ် လူနာ ၄၁ ဦး၊ အရိုးရောဂါလူနာ ၂၃ ဦး အပါအဝင် စုစုပေါင်း ဒေသခံပြည်သူ ၁၅၃၉ ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့ပြီး အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်း ကြည့်ရှုခြင်း (OGDS) ရှစ်ဦး၊ အစာရေ မျိုပြွန်သွေးကြောပေါက်ခြင်းအား သွေး ကြောထုံးကုသခြင်း နှစ်ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း Procedure ဆောင်ရွက်မှု ၂၃ ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့်စစ်ဆေးခြင်း (CT scan) ငါးဦး၊ သံလိုက်ဓာတ်မှန် ဖြင့် စစ်ဆေးခြင်း (MRI) သုံးဦး၊ ဓာတ်မှန် ဖြင့် ရောဂါရှာဖွေခြင်း ၁၂၈ ဦး၊ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်း ၁၇၅ ဦး၊ Ultra-sound ရိုက်ကူးခြင်း ၄၆ ဦး၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း(ECG) ၁၇၂ ဦးတို့ကို စမ်းသပ် စစ်ဆေးကုသခြင်းအပြင် မျက်စိခွဲစိတ် ကုသမှု ၄၅ ဦးတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။
လာရောက်ပြသသော လူနာများတွင် စစ်ကိုင်းတိုင်းဒေသကြီးအပြင် မကွေးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ် ပေါင်း ၁၈ မြို့နယ်မှ မြို့ပေါ်နှင့်ကျေးလက် နေပြည်သူများပါဝင်ပြီး ရောဂါရှာဖွေ စစ်ဆေးမှုနှင့် ကုသမှုဆက်လက်ဆောင် ရွက်ရန် လိုအပ်သော လူနာ ၁၄ ဦးကို မန္တလေးရှိ သက်ဆိုင်ရာဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ သည်။
အထူးကု ဆေးကုသရေးအဖွဲ့များ သည် ၂၀၂၃ ခုနှစ်အတွင်း ကျန်းမာရေး ဝန်ကြီးဌာနအစီအစဉ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သုံးကြိမ်နှင့် ကျန်တိုင်းဒေသ ကြီးနှင့် ပြည်နယ်များသို့ ကွင်းဆင်းခရီး စဉ် (၁၁) ကြိမ် ဆောင်ရွက်ပြီးဖြစ်ကာ အထူးကုဆေးကုသရေး အစီအစဉ်များကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းဌာနခွဲသည် မွေးကင်းစမှ အသက်(၁၈)လ အရွယ်အထိ ကလေးများအား ကာကွယ်ဆေး (၁၂)မျိုး ကို အသက်အရွယ်အလိုက် ထိုးနှံ၊ တိုက် ကျွေးပေးလျက်ရှိပြီး ကိုယ်ဝန်ဆောင်မိခင် များအား ဆုံဆို့-မေးခိုင်ရောဂါကာကွယ် ဆေးနှင့် အသက် ကိုးနှစ်ပြည့်ပြီး မိန်း ကလေးငယ်များကို သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေး ခြင်း၊ အသက်အရွယ်အလိုက် ထိုးနှံရသည့် ကာကွယ်ဆေးများ ထိုးနှံရန်ကျန်ရှိသည့် အသက် ငါးနှစ်အောက် ကလေးများကို လည်း Catch-up (အမီလိုက်) နည်းလမ်း ဖြင့် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၆ ရက်နှင့် ၁၇ ရက်များတွင် ပြည်သူ့ဆေးရုံ ကြီး (မုံရွာ) မြို့ ကာကွယ်ဆေးထိုးစုရပ်၌ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး၏ ဦးဆောင်ကြီးကြပ်မှု ဖြင့် မုံရွာမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအဖွဲ့မှ အသက်တစ်နှစ်မှ ငါးနှစ် အတွင်း ကာကွယ်ဆေး လုံးဝမရရှိသေး သည့် ကလေးများနှင့် ကာကွယ်ဆေး အကြိမ်ပြည့် မရရှိသေးသည့် ကလေး ၇၅ ဦး၊ အသက် တစ်နှစ်အောက် ပုံမှန်ကာကွယ် ဆေးထိုးနှံရမည့်ကလေး ၁၆၅ ဦး စုစု ပေါင်း ၂၄၀ တို့ကို အသက်အရွယ်အလိုက် လိုအပ်သောကာကွယ်ဆေးများဖြစ်သည့် ပိုလီယိုအစက်ချကာကွယ်ဆေး (bOPV)၊ ပိုလီယိုကာကွယ်ဆေး ထိုးဆေး (IPV)၊ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး (MR)၊ ငါးမျိုးစပ် ကာကွယ်ဆေး (Penta)များ ထိုးနှံတိုက်ကျွေးပေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်း ဒေသကြီးအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အောက်တိုဘာ ၁၆ ရက်နှင့် ၁၇ ရက် တို့တွင် ပြည်သူ့ဆေးရုံကြီး (မုံရွာ)၌ လာရောက်ပြသကုသမှု ခံယူကြသော လူနာများနှင့် ကာကွယ်ဆေးထိုးနှံတိုက် ကျွေးနေမှုကို ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများကို လည်းကောင်း၊ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများအား ဒေသထွက် လက်ဆောင်များကိုလည်း ကောင်း၊ မျက်စိခွဲစိတ်ကုသမှုခံယူသည့် လူနာများအား မျက်မှန်နှင့်ဆေးဝါးများကိုလည်းကောင်း လှူဒါန်းပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်