
နေပြည်တော် အောက်တိုဘာ ၁၇
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအေးထွန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုး ဇော်စိုးနှင့် အဆင့်မြင့်အရာရှိများ သည် အောက်တိုဘာ ၁၅ ရက်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်းရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ဘားမားခရိုင်၌ ကျင်းပ သည့် ၂၀၂၃ ခုနှစ် တရုတ်-အာဆီယံ တိုင်းရင်းဆေးနှင့် ကျန်းမာရေး အခြေပြု ခရီးသွားလုပ်ငန်းဆိုင်ရာ နိုင်ငံတကာဖိုရမ်သို့ တက်ရောက် ကြသည်။
အဆိုပါ ဖိုရမ်ကို “Health Preserving Culture of Traditional Medicine and Industrial Development of Health Tourism” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ကျန်းမာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးနှင့် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က အဖွင့် အမှာစကား ပြောကြားကြသည်။
လေးစားယုံကြည်
ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် တိုင်းရင်းဆေးပညာသည် ကြွယ်ဝ သော သမိုင်းဝင်ယဉ်ကျေးမှု အမွေ အနှစ်များရှိပြီး တိုင်းရင်းဆေး သမားတော်များအား မြန်မာနိုင်ငံ ၏ လူမှုအသိုင်းအဝိုင်းအတွင်း လေးစားယုံကြည်ကြပါကြောင်း၊ တိုင်းရင်းဆေးပညာနှင့် ခရီးသွား လုပ်ငန်း ပေါင်းစပ်ခြင်းဖြင့် ကျန်းမာရေး ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်လာစေနိုင်ပါ ကြောင်း၊ ပြည်ပရှိ လူနာများ အတွက် တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုကို ရရှိနိုင်စေရုံမျှမက ဒေသတွင်းနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုလည်း ကူညီပံ့ပိုးပေး နိုင်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက အာဆီယံနိုင်ငံ များနှင့် တရုတ်အိမ်နီးချင်းနိုင်ငံ များကြား တိုင်းရင်းဆေးပညာနှင့် ကျန်းမာရေးဆိုင်ရာ ခရီးသွားခြင်း အတွေးအခေါ်၊ ကျွမ်းကျင်မှုများ ဖလှယ်ခြင်းသည် ပြည်သူများနှင့် ခရီးသွားများ၏ မတူကွဲပြားသော လိုအပ်ချက်များကို ဖြည့်ဆည်း ပေးပြီး ရှေးခေတ်ပညာနှင့် ခေတ်မီ ကျန်းမာရေးစောင့်ရှောက်မှုများကို ပေါင်းစပ်ဖန်တီးပေးမည့် အလား အလာများရှိပါကြောင်း ပြော ကြားကာ မြန်မာနိုင်ငံ ခရီးသွား မြှင့်တင်ရေး ဗီဒီယိုဖိုင်အား ပြသသည်။
သွားရောက်လေ့လာ
မြန်မာကိုယ်စားလှယ် အဖွဲ့ သည် အောက်တိုဘာ ၁၄ ရက်က အာဆီယံနိုင်ငံများမှ ကိုယ်စား လှယ်များနှင့်အတူ နန်နင်းမြို့ ကွမ်းရှီးရုက္ခဗေဒ ပရဆေးဥယျာဉ် နှင့် ပရဆေးပြတိုက်တို့သို့ သွားရောက်လေ့လာခဲ့ကြသည်။
ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် လေကြောင်းခရီးဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံ သို့ အောက်တိုဘာ ၁၆ ရက် ညနေ ပိုင်းက ပြန်လည်ရောက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်